/
news/ကလေးများနှင့်ကျန်းမာရေး/အပြင်ထွက်ကစားတဲ့ကလေးတွေ-ပိုကျန်းမာသတဲ့

အပြင်ထွက်ကစားတဲ့ကလေးတွေ ပိုကျန်းမာသတဲ့

Category
ကလေးများနှင့်ကျန်းမာရေး

ပြောင်းလဲလာတဲ့ ခေတ်ကာလအရ ကလေးတွေဟာ ပြင်ပလှုပ်ရှားမှုတွေ တစတစ နည်းပါးလာပြီး အိမ်ထဲမှာပဲ အင်တာနက် ဂိမ်းစက် ကွန်ပျူတာနဲ့ အချိန်ကုန်ကြပါတယ်။ တကယ်တော့ ဒီလိုအပြောင်းအလဲဟာ အကျိုးဆက်ကောင်းတွေ ရရှိစေမယ်လို့ မဆိုနိုင်ပါဘူး။

ကလေးတွေဟာ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့

• သဘာ၀လေနဲ့ ထိတွေ့မှုနည်းလာပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ

• အထိုင်များပြီး အ၀လွန်ခြင်းနဲ့ ဆက်စပ်ကျန်းမာရေးပြဿနာတွေ

• ကျောင်းစာမှာ စိတ်၀င်စားမှုအားနည်းတာ

• အတွက်အချက်နဲ့ တွေးခေါ်မှု စွမ်းရည်အားနည်းတာ

• ဂိမ်းဆော့များတော့ မျက်စိထိခိုက်တာတွေ မျက်စိစောစောမှုန်တာ

• ဂီတနဲ့ အနုပညာ ဖန်တီးနိုင်စွမ်း ကျဆင်းလာတာ

• စိတ်တိုလွယ် စိတ်ဆိုးလွယ်တာတွေ ဖြစ်လာပါတယ်။

>> ဒီလိုအခြေအနေကိုကာကွယ်ဖို့အတွက် ကလေးတွေကို တတ်နို်င်သလောက် ဘယ်လိုလုပ်ပေးကြမလဲ...........

• ပြင်ပအားကစားတခုခုသင်ပေးပါ။ ဥပမာ ပြေးတာ ကြိုးခုန်တာ ခါးကွင်းလှည့်တာ တင်းနစ်ရိုက်တာ ဘောလုံးကစားတာတွေပေါ့။

• မိခင်ဖခင်နဲ့ အတူ လမ်းလျှောက်ထွက်ပါစေ။ ကစားကွင်းတွေ ပန်းခြံတွေသွားပါ။ မနက်ထပြီး လေကောင်းလေသန့်ရှူဖို့ ထွက်တဲ့အခါ ကလေးကိုအတူခေါ်သွားပါ။ တိုက်ခန်းတွေမှာ နေတဲ့သူတွေ အတွက် အကြံဖြစ်ပါတယ်။

• ကွန်ပျူတာနဲ့ ဂိမ်းစက်ကို အချိန်သတ်မှတ်ပြီး သုံးခိုင်းပါ။ အချိန်ပြည့်တာနဲ့ ထခိုင်းပြီး အပြင်ထွက် ကစားခိုင်းပါ။

• ကိုယ်လက်လှုပ်ရှားကစားတာဟာ ဘယ်လောက်အကျိုးရှိတယ်ဆိုတာ သူလေးသိအောင် သေသေချာချာ အချိန်ပေးပြောပြပါ။ ဇယားလေးလုပ်ပြီး သူလုပ်ချင်တဲ့ လေ့ကျင့်ခန်း ဥပမာ ဘောလုံးကစားတာ တင်းနစ်ရိုက်တာလေးတွေ စာရင်းလုပ်ပြီး အမှတ်ပေးပါ။ မကြာခဏပြောပြပါ။ သူမှတ်မိနားလည်တဲ့အထိပေါ့။

• သူ့ကို ဆုပေးတဲ့ အခါ ချောကလက်တစ်ဘူးထက် ကြိမ်နဲ့ ဝါးနဲ့လုပ်တဲ့ အရုပ်လေးတွေ ပန်းသီးတလုံး သစ်တော်သီးတလုံး ဆုချတာ ပိုကောင်းပါတယ်လို့ ။ သူ့ကို ပြင်ပသစ်ပင်တွေကရတဲ့ အသီးအရွက်တွေ သစ်သီး၀လံပန်းမန်တွေကို ပြသပြီး သဘာ၀ကို မြတ်နိုးဖို့ အမြဲ သင်ပေးပါ။ သူလေးက သဘာ၀ကိုချစ်မှ အပြင်ထွက်ကစားချင်မှာပါ။

• ကလေးဆိုတာ အပြင်ထွက်စရှိမှ ထွက်ချင်တာပါ။ ဒီတော့ မိဘက ကလေးကို အပြင်ကို လိုလိုချင်ချင်ခေါ်သွားပါ။ ပြင်ပလေနဲ့ ထိတွေ့စေတဲ့အပြင် ပတ်၀န်းကျင် သဘာ၀ရှုခင်းတွေကို ပြသပြီး အဆုံးအဆမဲ့ လှပသာယာတဲ့လောကကို မြင်ပါစေ။ အပြင်မှာ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားပါစေ။

• အိမ်ထဲမှာ ဂိမ်းနဲ့ အရုပ်နဲ့ ကွန်ပျူတာနဲ့ ကြီးပြင်းတဲ့ကလေးတွေထက် ပြင်ပလောက ပြင်ပလေကောင်းလေသန့် စိမ်းစိုလှပတဲ့ ပတ်၀န်းကျင်နဲ့ ထိတွေ့ကြီးပြင်းရတဲ့ ကလေးတွေဟာ ပိုမိုကျန်းမာပြီး ဉာဏ်ရည်ထက်မြက်သန်မာကြပါတယ်။ ဒီတော့ ဉာဏ်ကောင်းကျန်းမာသွက်လက်တဲ့ ကလေးတယောက်အဖြစ် ကြီးပြင်းလာအောင် ကြိုးစားပေးကြရအောင်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)

















