/
news/ကလေးများနှင့်ကျန်းမာရေး/အလုပ်တစ်ဖက်-မေမေတို့အတွက်-နည်းလမ်းကောင်းများ

အလုပ်တစ်ဖက် မေမေတို့အတွက် နည်းလမ်းကောင်းများ

Category
ကလေးများနှင့်ကျန်းမာရေး

မေမေတို့အနေနဲ့ မီးဖွားခွင့် ပြည့်သွားလို့ အလုပ်ပြန်ဝင်တဲ့အခါ ကလေးလေးကို ထားခဲ့ရမှာ စိတ်မချတာတွေ အပြစ်ရှိသလို ခံစားရတာတွေ ဖြစ်တတ်ကြမှာပါ။ ဒီအချက်လေးတွေက မေမေတို့ကို အလုပ်နဲ့ ကလေးကြားမှာ ထိန်းညှိနိုင်အောင် ကူညီပေးမှာပါ။

●  မိသားစုအချိန်စာရင်း ဆွဲပါ
တစ်အိမ်သားလုံးရဲ့ အလုပ်ချိန်တွေ၊ သွားစရာ လာစရာ ရှိတာတွေ အကုန်စာရင်း လုပ်ထားပါ။ ပြီးရင် ကလေးလေးရဲ့ အချိန်စာရင်း၊ ကာကွယ်ဆေးထိုးရမယ့် ရက်တွေ၊ အချိန်တွေပါ ထည့်ဆွဲထားပါ။ ဒါဆိုရင် ဘယ်သူက ကလေးကို ကြည့်ပေးနိုင်မယ်၊ ဆရာဝန်ဆီ ခေါ်သွားနိုင်မယ် စတာတွေကို လွယ်လွယ်ကူကူ စီစဉ်နိုင်မှာပါ။ ကလေးကို ကူထိန်းပေးမယ့် လူကိုလည်း ကလေးရဲ့ အချိန်စာရင်းကို ပေးထားပေးဖို့ လိုပါမယ်။

●  ကလေးကို ကူထိန်းပေးမယ့် လူကို ရှာပါ
တချို့မေမေတွေကတော့ ကံကောင်းစွာနဲ့ပဲ ကလေးကို ကူထိန်းပေးမယ့် အဘွား၊ ဆွေမျိုးတွေ ရှိတတ်ကြပါတယ်။ ဒီလိုမရှိတဲ့ မေမေတွေကတော့ ကလေးထိန်းမယ့် နာနီ၊ ကလေးထိန်းတဲ့ နေရာတွေကို အပ်ရပါတယ်။ ဒီအခါမှာ သေချာစစ်ဆေးဖို့၊ ကာကွယ်ဆေးတွေ ထိုးထားလားဆိုတာပါ ကြည့်ဖို့လိုပါမယ်။ ထိန်းပေးမယ့်လူနဲ့လည်း ဆက်ဆံရေး ကောင်းနေဖို့ လိုပါမယ်။

●  ကလေးတာဝန်တွေကို ခွဲဝေယူပါ
အိမ်ထောင်ဖက်နဲ့ သင့်ကြားမှာ ဘယ်သူက ဘာတာဝန်ယူမယ်ဆိုတာ သေချာတိုင်ပင်ထားပါ။ ဥပမာ - ကလေးကို ဘယ်သူက ကာကွယ်ဆေးထိုးဖို့ ခေါ်သွားမလဲဆိုတာမျိုးပေါ့။ အရေးပေါ်အခြေအနေဖြစ်တဲ့ ကလေးနေမကောင်းရင် ဘယ်သူက ခွင့်ယူပြီး ကြည့်မယ်ဆိုတာမျိုးအထိ ဆွေးနွေးထားရပါမယ်။

●  ကလေးထိန်းဖို့ အရန်လူ ရှာထားပါ
ကလေးထိန်းကျောင်းပိတ်တဲ့ ရက်မျိုး၊ နာနီ နေမကောင်းလို့ မလာနိုင်တဲ့အခါမျိုးပေါ့။

●  မနက်ပိုင်းတွေမှာ အဆင်သင့် ပြင်ထားပါ
ဘာပြီးရင် ဘာလုပ်မယ်ဆိုတာမျိုး ကြိုပြင်ဆင်ထားတာက အချိန်ကုန်သက်သာစေတဲ့အပြင် အိမ်ကထွက်ပြီးမှ ဘာလုပ်ဖို့ကျန်ခဲ့လဲ ဆိုတာမျိုး မရှိတော့မှာပါ။ နို့ဘူးပြုတ်တာတွေ၊ နေ့လယ်စာပြင်တာ စတာတွေကို ညတည်းက လုပ်ထားတာက ပိုပြီးအဆင်ပြေစေမှာပါ။

●  အလုပ်မှာလည်း ကြိုတင်မေးမြန်းထားပါ
ကလေးနေမကောင်းရင် ဘယ်လိုလုပ်ရမလဲ။ အိမ်ကနေ အလုပ်လုပ်လို့ ရမလား။ ဒါမှမဟုတ် အချိန်ရွှေ့လို့ ရမလား။
ခွင့်တွေကရော ဘယ်လိုပေးလဲ။
နို့ညှစ်ဖို့အတွက် အဆင်ပြေတဲ့ နေရာကို မေးထားပါ။ ပြီးတော့ နို့ကို သိမ်းဖို့ နေရာရှိလား။

●  ကလေးကို သိပ်တဲ့နေရာမှာ
ညတိုင်း အချိန်မှန်မှန် သိပ်ဖို့ကြိုးစားပါ။ ကလေးအတွက်ရော မေမေအတွက်ပါ အိပ်ရေးဝဖို့က အရေးကြီးပါတယ်။ နေ့လယ်ဘက်တွေမှာ တရေးတမော မအိပ်ထားရင် ညဘက်မှာလည်း ကောင်းကောင်း အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

●  ညစာကို ရိုးရိုးရှင်းရှင်းပဲ ပြင်ပါ
ညစာအတွက် အချိန်ပေးနေမယ့်အစား ကလေးနဲ့ အချိန်ကုန်ပါ။  ကလေးက ကြီးလာလေ သူတို့နဲ့ ပိုအချိန်ပေးသင့်လေပါပဲ။

●  ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ
ကလေးနဲ့ အလုပ်ကြားမှာ မဖြစ်နိုင်လောက်ဘူးလို့ မထင်ပါနဲ့။ ဒါဟာ အရမ်းအရေးကြီးပါတယ်။ အိပ်ချိန်၊ စားချိန်မှန်ဖို့အပြင် တစ်ပတ်တစ်ခါလောက် ယောဂဆော့တာ၊ သူငယ်ချင်းတွေနဲ့ အချိန်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

●  အဆက်အသွယ်တွေရှာပါ
သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆက်အသွယ် မပြတ်စေတဲ့အပြင် ကိုယ်နဲ့ ဘဝတူ မေမေတွေအတွက် အဖွဲ့အစည်းတွေကို ပါဝင်ပါ။ သူတို့ဆီကနေ အကြံကောင်းတွေ၊ နည်းလမ်းကောင်းတွေအပြင် အားပေးမှုတွေပါ ရနိုင်ပါတယ်။

●  မလုပ်နိုင်ရင် မလုပ်နိုင်ကြောင်း ပြောပါ
အလုပ်မှာပဲဖြစ်ဖြစ်၊ အပေါင်းအသင်းတွေနဲ့ပဲဖြစ်ဖြစ် အချိန်မပေးနိုင်ရင် မပေးနိုင်ကြောင်း ပွင့်ပွင့်လင်းလင်းပြောပြီး ငြင်းပါ။

●  အချိန်တိုင်း အာရုံစိုက်ထားပါ
အလုပ်မှာပဲဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အချိန်ကို အကျိုးရှိရှိ အသုံးချပါ။ လုပ်ရမယ့်အလုပ်တွေကို ချရေးထားပါ။ အလုပ်တွေ ပိုပြီးတာကို တွေ့ရပါလိမ့်မယ်။

●  ကလေးကို ဖက်ဖို့၊ အချိန်ပေးဖို့ မမေ့ပါနဲ့
သေးခံအဝတ်လဲပေးတဲ့အခါပဲဖြစ်ဖြစ်၊ နို့တိုက်နေတဲ့အချိန်ပဲဖြစ်ဖြစ် ရရင်ရသလို ကလေးနဲ့ နွေးနွေးထွေးထွေးနေပါ။

Dr. Htar (www.drmyanmar.com)