/
news/ကလေးများနှင့်ကျန်းမာရေး/အသက်တစ်နှစ်အောက်ကလေး-ရုတ်တရက်-သေဆုံးခြင်း

အသက်တစ်နှစ်အောက်ကလေး ရုတ်တရက် သေဆုံးခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

          " ဟိုဘက်အိမ်က ကလေးလေး ဆုံးသွားလို့တဲ့ " … " ဟယ် ဘာရောဂါနဲ့လဲ " … " ဘာမှန်းကို မသိဘူး ညအိပ်တုန်းက အကောင်း ၊ မနက်ကျတော့ အသက်မရှိတော့ဘူးတဲ့ "  ဒီလို ရင်နာစရာ အဖြစ်အပျက်တွေကို ကြားဖူးကြပါသလား။

          အသက်တစ်နှစ်အောက် ကလေးငယ်တွေ သေဆုံးမှုမှာ အကြောင်းအရင်းကို ရှာမရတဲ့အခါ အသက်တစ်နှစ်အောက်ကလေး ရုတ်တရက်သေဆုံးခြင်း ရောဂါလက္ခဏာစုလို့ ခေါ်ပါတယ်။ ကလေးအသက် ၃ လအတွင်းမှာ သေဆုံးမှု အများဆုံးဖြစ်ပြီးတော့ ပေါင်မပြည့်တဲ့ကလေးတွေ၊ လမစေ့တဲ့ကလေးတွေမှာ အဖြစ်များပါတယ်။ ပြီးတော့ ယောကျာ်းလေးတွေမှာအဖြစ်ပိုများပါတယ်။ အများအားဖြင့် ညဘက်အိပ်နေရင်း သေဆုံးမှုများပေမယ့်လည်း နေ့လယ်ဘက် အိပ်နေချိန်တွေနဲ့ နိုးနေတဲ့အချိန်တွေမှာတောင်မှ ရုတ်တရက် သေဆုံးတာ ဖြစ်နိုင်ပါတယ်။

          အသက်တစ်နှစ်အောက်ကလေး ရုတ်တရက်သေဆုံးခြင်း ရောဂါလက္ခဏာစု အပါအဝင် မထင်မှတ်ဘဲ ရုတ်တရက် ကလေးသေဆုံးမှုတွေ ဘာကြောင့်ဖြစ်ရသလဲ?

          ကျန်းမာရေးပြဿနာတွေကြောင့် မထင်မှတ်ထားဘဲ ကလေး ရုတ်တရက် သေဆုံးရခြင်းကတော့ ကာကွယ်ဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လည်း သိထားပြီးသား ဖြစ်နိုင်ချေရှိတဲ့အချက်တွေကို ဖယ်ရှားပြီးတော့ ကလေးအိပ်တဲ့အချိန်မှာ အန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးမယ်ဆိုရင်တော့လည်း ကလေးမသေဆုံးအောင် ကာကွယ်နိုင်ပါတယ်။

          ဘာကြောင့် ကလေး ရုတ်တရက် သေဆုံးရလဲဆိုတာကို ဘယ်သူမှ အတိအကျမသိပေမယ့်လည်း အချက်အလက်တွေ စုပေါင်းပြီးတော့ ဖြစ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ကလေး ကြီးထွားဖွံ့ဖြိုးနေဆဲ အဆင့်တစ်ဆင့်မှာ ရုတ်တရက် သေဆုံးမှုဖြစ်ပြီးတော့ ဒါက တချို့သောပတ်ဝန်းကျင်ဆိုင်ရာ ဖိအားတွေကို မခံနိုင်တဲ့ကလေးတွေကို သွားထိတာလို့ ဆိုပါတယ်။

          ဒီဖြစ်နိုင်ချေများတဲ့ အခြေအနေတွေကတော့ ပေါင်မပြည့်တာ၊ လမစေ့ဘဲ မွေးတာတွေ ဖြစ်နိုင်ပြီးတော့ တခြားအကြောင်းပြချက်တွေကိုတော့ အခုထိမတွေ့သေးပါဘူး။ ပတ်ဝန်းကျင်ဆိုင်ရာ ဖိအားတွေကတော့ ဆေးလိပ်ငွေ့၊ အိပ်ရာထဲမှာ လုံးထွေးပြီး ပိတ်မိခြင်း၊ သာမန်နေမကောင်း ဖြစ်တာလေးတွေနဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာတွေ ဖြစ်နိုင်ပါတယ်။

          ရုတ်တရက် သေဆုံးရတဲ့ ကလေးငယ်တွေမှာ ဒီဖိအားတွေကို တုံ့ပြန်ဖို့နဲ့ နှလုံးခုန်နှုန်း၊ အသက်ရှူခြင်းနဲ့ အပူချိန်တွေကို ထိန်းညှိဖို့ရာမှာ အခက်အခဲတွေဖြစ်ပြီး သေဆုံးရတယ်လို့ ဆိုပါတယ်။ ရုတ်တရက် သေဆုံးရတဲ့ အကြောင်းအရင်းကို သေချာနားမလည်ပေမယ့်လည်း ကာကွယ်လို့တော့ ရပါတယ်။

 

>>    ကလေးငယ် ရုတ်တရက် သေဆုံးခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

          အောက်ပါအကြံပြုချက်တွေကို လိုက်နာပါ။

●        ကလေးကို ပက်လက်သိပ်ပါ။

●        ကလေးရဲ့မျက်နှာနဲ့ ဦးခေါင်းကို မဖုံးကွယ်ထားပါနဲ့။

●        ကလေးမမွေးခင်နဲ့ မွေးပြီးအချိန်တွေမှာ ဆေးလိပ်ငွေ့တွေ ကင်းစင်အောင် ထားပါ။

●        ကလေးနေ့ပဲအိပ်အိပ်၊ ညပဲအိပ်အိပ် အန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင် ဖြစ်ပါစေ။

●        ကလေးကို မိဘတွေနဲ့အတူ အခန်းထဲမှာပဲ ပုခက်ပေါ်မှာ စိတ်ချစွာ သိပ်ပါ။

●        ကလေးကို မိခင်နို့တိုက်ကျွေးပါ။

 

>>    ကလေးအတွက် အန္တရာယ်ကင်းတဲ့ အိပ်ရာဝန်းကျင်ဆိုတာ ဘာလဲ?

●        ကလေးကို ပက်လက်ပဲ အိပ်ခိုင်းပါ။ ကလေးအသက် ၆ လ ကနေ ၁၂ လအထိ မိဘတွေရဲ့အခန်းထဲမှာပဲ ပုခက်နဲ့သိပ်ပါ။

●        ကိုယ်ဝန်ဆောင်ချိန်မှာရော ကလေးမွေးပြီးချိန်မှာပါ ဆေးလိပ်မသောက်ပါနဲ့။ ပြီးတော့ ကလေးနဲ့ တစ်ခန်းထဲမှာရှိနေစဉ် တခြားဘယ်သူ့ကိုမှ ဆေးလိ်ပ်မသောက်ပါစေနဲ့။

●        ကလေးနဲ့အတူတူ မျက်နှာပြင်တစ်ခုတည်းမှာ အိပ်ရင်လည်း တချို့ကအခြေအနေတွေမှာ ကလေး ရုတ်တရက်သေဆုံးနိုင်ချေကို များစေပါတယ်။ အဖြစ်များဆုံးကတော့ အသက် ၄ လအောက် ကလေးငယ်တွေ၊ လမစေ့ဘဲမွေးတဲ့ ကလေးငယ်တွေနဲ့ ပေါင်မပြည့်တဲ့ကလေးငယ်တွေပါ။

●        ကလေးကို ချီထားပြီးတော့ ဆိုဖာပေါ်မှာ၊ ပက်လက်ကုလားထိုင်ပေါ်မှာ အိပ်ပျော်သွားတာမျိုး မဖြစ်ပါစေနဲ့။

●        ကလေးကို အရမ်းပူအောင် မထားပါနဲ့။

●        ကလေးရဲ့ခေါင်းကို မဖုံးအုပ်ဘဲထားပါ။ ကလေးကို စောင်ခြုံပေးရင် ပုခုံးထက်ကျော်ပြီး ခြုံမပေးပါနဲ့။

 

>>    ဒီတော့ ကလေးအိပ်ခါနီးတိုင်းမှာ ဒီလိုပတ်ဝန်းကျင်အခြေအနေလေးတွေဖြစ်ပြီလား စစ်ဆေးပေးနော်။

●        ကလေးကို ပက်လက်ထားရဲ့လား။

●        ကလေးကို ပုခက်ထဲမှာထားလား။ အန္တရာယ်ရှိတဲ့အရာတွေကနေ ဝေးရဲ့လား။

●        ကလေးအောက်က အိပ်ရာခင်းက လျော့တိလျော့ရဲဖြစ်နေလား။ သေချာမှ တင်းတင်းရှိရဲ့လား။ ကလေးပုခက်နဲ့ အံကိုက်ဖြစ်ရဲ့လား။

●        ကလေးရဲ့မျက်နှာနဲ့ ခေါငး်ကို တစ်ခုခုနဲ့ ဖုံးအုပ်နေလား။

●        ကလေးပုခက်ထဲက ခေါင်းအုံးအပိုတွေ၊ ကလေးကို အသက်ရှူပိတ်စေနိုင်တဲ့ အရုပ်တွေကို ဖယ်ထုတ်ပြီးပြီလား။

●        ကလေးအိပ်ရာနဲ့ သိပ်ရင်လည်း ကလေးနဲ့ အံဝင်ခွင်ကျ ရှိရဲ့လား။

●        ကလေး နိုးလာပြီးတော့ ဝမ်းလျားမှောက်တဲ့အခါမှာလည်း ကလေးဘေးမှာ သေချာစောင့်ကြည့်နေပေးပါ။

●        ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ပါ။

●        တခြားမိသားစုဝင်တွေကိုလည်း ကလေးအိပ်တဲ့အခါမှာ အန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးဖို့ ပြောပေးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)