အသက်၅နှစ်အရွယ်သားသားမီးမီးတို့ရဲ့ ကြီးထွားမှုမှတ်တိုင်များ
အသက်၅နှစ်အရွယ်ဆိုတာ စိတ်ခံစားချက်ပေါင်းများစွာ ပြည့်နှက်နေတဲ့အရွယ်ပါပဲ။
သူတို့ရဲ့စိတ်ထဲမှာ မကြာသေးခင်ကမှ ဖြတ်သန်းခဲရတဲ့ လေးဘက်ထောက်အရွယ်အတွေ့အကြုံတွေနဲ့ မူကြိုအတွေ့အကြုံတွေနဲ့ နောက်လာမယ့် ကလေးအကြီးဘဝကိုရောက်တော့မယ့် ကြောက်စိတ်တွေကြားထဲ ဒွန်တွဲနေတတ်ကြတယ်။
အသက်၅နှစ်အရွယ်ဟာ လေးဘက်ထောက်အရွယ်ထက်စာရင် ပိုပြီးတော့ထိန်းချုပ်နိုင်လာပြီးတော့ ဆရာမစာသင်တာကို ထိုင်နားထောင်လာနိုင်ပေမယ့် တစ်ခါတစ်လေ နို့မှောက်ကျတာလေးနဲ့ ငိုရင်ငိုနေတတ်တာမျိုးပေါ့။
>> ကလေးရဲ့ကိုယ်ခန္ဓာဟာလည်း တစ်ဖြည်းဖြည်းချင်းဖွံ့ဖြိုးလာနေပါပြီ။
အရင်ကလို တောက်တီးတောက်တဲ့မဟုတ်တော့ဘဲ လှုပ်ရှားမှုတွေက ပိုပြီမြန်ဆန်တိကျလာပါပြီ။
ဒီအရွယ်မှာကလေးတွေဟာ ပါးဖောင်းဖောင်းလေးတွေ နည်ူနည်းလျော့လာပြီဖြစ်ပြီး ကြွက်သားလေးတွေ ပိုပြီးသန်မာလာပါပြီ။ ပြီးတော့ ၄၊၅ပေါင်လောက် ကိုယ်အလေးချိန်တိုးလာပြီး ၂လက်မ၊ ၃လက်မလောက် အရပ်ရှည်ထွက်လာလိမ့်မယ်။
အဓိကကြီးထွားမှုပန်းတိုင်တွေကတော့ -
• လှုပ်ရှားမှု : ခုန်နိုင်ပေါက်နိုင်ပြေးနိုင်လွှားနိုင်မှုဟာ ဒီအသက်မှာစပါတယ်။ ဟန်ချက်ကို ပိုထိန်းလာနိုင်ပြီးတော့ ပိုပြီးလည်း စည်းစနစ်ကလာလိမ့်မယ်။
• အသေးစိတ်လုပ်ကိုင်မှု : ကြွက်သားအသေးလေးတွေကို သန်မာလာတဲ့အတွက် အသက်၅နှစ်အရွယ်မှာ အဝတ်အစားကို ကိုယ်တိုင်ဝတ်နိုင်လာပြီး ကြယ်သီးပေါက်တပ်တာ၊ ဇစ်ပိတ်တာတွေလည်း လုပ်နိုင်လာတယ်။ ဖိနပ်ကိုဘယ်လိုချည်ရမယ်ဆိုတာကိုလည်း သိလာတယ်။
• အဓိကကတော့ ဇွန်းနဲ့ခရင်းကို သေသေချာချာကိုင်တတ်လာပြီမို့ လှီးပေးဖြတ်ပေးဖို့ သိပ်တောင်မလိုတတ်တော့ဘူး။
မိဘတွေကိုမှာချင်တာက
ကလေးဟာ လုပ်ဆောင်ချက်အသစ်တစ်ခုကို လုပ်နိုင်လာပြီဆိုရင် သူတို့ကို ပိုပြီးလုပ်ချင်စိတ်ဖြစ်အောင် တိုးတိုးလှုံ့ဆော်ပေးသင့်တယ်။ ဥပမာအားဖြင့် ကလေးက ဇွန်းခရင်းကိုင်တာအဆင်ပြေလာပြီဆိုရင် ထမင်းစားပွဲအပြုအမူတွေကို သင်ပေးတာမျိးပေါ့။
>> စိတ်ခံစားချက်ဖွံ့ဖြိုးမှုလည်း ရှိလာပြီပေါ့။
အသက်၅နှစ်ကိုဝင်လာတဲ့အခါ ကလေးအကြီးတွေကမ်ဘာထဲရောက်လာပြီးတော့ ကိုယ့်ရဲ့စိတ်ခံစားချက်ကို ပိုပြီးထိန်းချုပ်လာနိုင်ပြီ။ ဒီအရွယ်ကလေးတော်နော်များများဟာ အပေါင်းအသင်းလိုချင်ပြီးတော့ အကြီးတွေချီမွမ်းတာ ခံချင်တန်ကြတာဖြစ်လို့ သူများအကြိုက်လိုက်လုပ်ပေးတတ်ကြတယ်။
အသက်၅နှစ်အရွယ်မှာ စိတ်ခံစားချက် အတက်အကျမြန်ပြီး အလွယ်တကူလည်း ငိုယိုဂျီကျတတ်ကြပါလိမ့်မယ်။
ဒီအရွယ်မှာပဲ ကလေးတွေဟာ ကိုယ့်ခံစားချက်ကို ချက်ကျလက်ကျပြောတတ်လာပါပြီ။ ဥပမာအားဖြင့် ညဘက်ေစာစောအိပ်ရတာမကြိုက်ဘူလို့ ပြောတာမျိုး။
ဒီအရွယ်ကလေးတွေဟာ အရမ်းကိုရိုးသားဖြူ စင်ပြီး ကိုယ်ချင်းစာစိတ်ကြီးမားကြပါတယ်။ သူငယ်ချင်းတစ်ယောက် ငုိနေတာတွေ့ရင် သူပါစိတ်မကောင်းဖြစ်တတ်ပြီး သူ့ခေါင်းထဲရှိတဲ့အတွေးကိုလည်း အရှိကိုအရှိအတိုင်း ပြောတတ်ကြတယ်။
အဓိကကြီးထွားမှုပန်းတိုင်တွေကတော့ -
• ကလေးထိန်းတဲ့လူတွေနဲ့ အရမ်းငိုယိုတာမျိုးမရှိဘဲ အေးအေးဆေးဆေးခွဲနိုင်တယ်။
• တစ်ခြားကလေးတွေနဲ့လည် မျှဝေပြီးတော့ တူတူဆော့တတ်လာတယ်။
• လူကြီးပြောတာ၊ လုပ်တာကို၅မိနစ်လောက်ထိ အာရုံစိုက်နိုင်လာတယ်။
မိဘတွေကိုမှာချင်တာက
ဒီအချိန်ဟာ ကလေးကို စိတ်ခံစားချက်တွေ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သင်ပေးဖို့အကေင်းဆုံးအချိန်ပါပဲ။ ဥပမာ ပုံဆွဲလိုက်တာ၊ တိုးတိုးလေးရေတွက်တာ၊ အသက်ကိုပြငး်ပြင်းရှူ တာ စသဖြင့် စိတ်ရောကိုယ်ပါ ငြိမ်သွားမယ့်နည်းလမ်းတွေကို ပြောပြလို့ရပြီနော်။
>> လူမှုဆက်ဆံရေးဖွံ့ဖြိုးမှုတွေကတော့
ကိုယ့်မိသားစုဝင်တွေအပြင် သူငယ်ချင်းတွေ၊ ဆရာဆရာမတွေနဲ့ ဆက်သွယ်လာနိုင်ပြီ။ ဒီအသက်အရွယ်မှာ တွေ့ရတဲ့လူမှုဆက်ဆံရေးနဲ စိတ်ခံစားမှုဖွံ့ဖြိုးမှုတွေဟာ နောက်ပိုင်းကျောင်းတတ်တဲ့တစ်လျောက်ကို အထောက်အကူပေနိုင်တယ်။
အဲဒါကြောင့် ဒီအရွယ်မှာ အခင်ဆုံးသူငယ်ချင်း နှစ်ယောက်သုံးယောက်လောက်နဲ့ အရမ်းကို ခင်မင်နေကြလိမ့်မယ်။
အဓိကဖွံ့ဖြိုးမှုပန်တိုင်တွေကတော့
• သူငယ်ချင်းတွေကို စိတ်ကျေနပ်စေချင်ခြင်း
• စည်းမျဉ်းစည်းကမ်းတွေကို ပိုလိုက်နာလာခြင်း
• တစ်ခြားကလေးတွေလိုဖြစ်ချင်လာခြင်း
မိဘတွေကိုမှာချင်တာက
စာသင်ခန်းနဲ့ကစားကွင်းမှာ ပေါငး်သင်းဆက်ဆံရေးအခြေအနေတွေကို စောင့်ကြည့်ဖို့လိုလိမ့်မယ်။ ဒီအရွယ်တွေမှာလည်း အနိင်ကျင့်တာမျိုးရှိတတ်ပြီး ကလေးတွေ ကိုယ်တိုင်မဖြေရှင်းနိုင်ကြတဲ့အတွက် မိဘတွေဝင်ပြီး ဖြေရှင်းပေးဖို့လိုတယ်။
>> အသိစိတ်ဖွံ့ဖြိုးမှု
အသက်၅နှစ်အရွယ်ရောက်လာတဲ့အခါ မှန်တာမှားတာကို ခွဲခြားသိလာပြီးတော့ စည်းမျဉ်းစည်းကမ်းကို လိုက်နာလာနိုင်တယ်။ သူတို့ကိုယ်သူတို့လည်း ကောင်းကောင်းဖော်ပြနိုင်ပြီး ကျောင်းစာနဲ့ကျောင်းကစည်းမျဉ်းစည်းကမ်းတွေကို ပိုပြီးတော့ စိတ်ဝင်စားလိုက်နာလာတယ်။
>> ဘာသာစကားပြောဆိုမှု
သူတို့ိလိုချင်တာတွေကို ပီပီပြင်ပြင်ပြောလာနိုင်ပြီး ပိုပြီးလည်းစကားပီသလာတယ်။ လူကြီးတွေပြောစကားကိုလည်း ပိုပြီးနားလည်လာတတ်တယ်။ အပေါ်မှာ၊ အောက်မှာ၊ ဘေးမှာ စတဲ့စကားတွေကိုလည်း နားလည်လာတယ်။
>> ဆော့ကစားခြင်း
ကလေးတွေဟာ ပုံပြင်ဖန်တီးဆော့တတ်ပြီး လူကြီးတွေနဲ့ဝေးရာမှာ သီးသီးသန့်သန့်ဆော့ချင်လာကြတယ်။ သာမန်ပြဿ နာတွေကိုလည်း သူတို့ဘာသာဖြေရှင်းလာနိုင်တယ်။
စက်ဘီးကိုဘေးကသုံးဘီးမပါဘဲစီးချင်လာတာတို့၊ ကြိုးခုန်ချင်တာ၊ ဘောလုံးဆော့ချင်တာတွေ ရှိလာတတ်တယ်။
အဓိကကြီးထွားမှုမှတ်တိုင်ကတော့
• ၂၀အထိရေတွက်လာနိုင်တယ်။
• စကားပြောတာတင်မကဘဲ ရေးတတ်ဖတ်တတ်လာတယ်။
• သီချင်းဆိုတာ၊ သရုပ်ဆောင်တာ၊ ကတာကိုလည်း ပိုစိတ်ဝင်စားလာကြတယ်။
မိဘတွေကိုမှာချင်တာက
သူတို့ကို အသစ်အဆန်းလေးတွေ စမ်းလုပ်ခိုင်းပြီး တတ်ပြီးသားတွေကိလည်း ပြန်ပြန်လေ့ကျင့်ပေးပါ။
>> တစ်ခြားမှတ်တိုင်တွေကတော့
ကလေးသွားလေးတွေကျိုးပြီးတော့ လူကြီးသွားလေးတွေပေါက်လာတာ
သွားကိုယ်တိုင်တိုက်တတ်လာတာ၊ ရေချိုးတတ်လာတာ၊ ရေအိမ်သုံးပြီးသုတ်သင်တတ်လာတာ
စတဲ့ဖွံ့ဖြိုးမှုတွေလည်း ရှိသေးတယ်နော်။
** ဘယ်အချိန်မှာစိုးရိမ်ရမလဲဆိုတာလည်း သိထားသင့်တာပေါ့။ **
ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဖွံ့ဖြိုးပုံချင်း မတူတတ်ကြပေမယ့်
• စိတ်ခံစားချက်ကိုမပြတာ
• အပြုအမူတွေအစွန်းရောက်တာ
• လူတွေနဲ့တစ်သီးတစ်သန့်နေတာ
• တစ်နေရာထဲကိုစူးစိုက်မနေနိုင်တာ
• လူတွေနဲ့သိပ်စကားမပြောတာ
• ဘာကအမှန်၊ ဘာကလျောက်လုပ်နေတယ်ဆိုတာ ခွဲမရတာ
• ကိုယ့်နာမည်ကိုယ်မပြောနိုင်တာ
• အများကိန်းတွေ၊ အတိတ်စကားလုံးတွေကို မှန်မှန်မသုံးနိုင်တာ
• နေ့စဉ်လုပ်ကိုင်မှုတွေကို လုံး၀ပြန်မပြောနိုင်တာ
• ပုံမဆွဲတာ
• အကူအညီမပါဘဲ သွားတိုက်၊ အဝတ်လဲတာမျိုး မလုပ်နို်င်တာ
• အရင်ကရှိခဲ့ဖူးတဲ့ဖွံ့ဖြိုးမှုတွေပြန်ဆုတ်ယုတ်သွားတာမျိုးတွေရှိရင်တော့ စိုးရိမ်ရပါတယ်။ ဒီလို လက္ခဏာတွေတွေ့ရင်တော့ ဆရာ၀န်နဲ့သွားရောက်တိုင်ပင်ပြသသင့်ပါတယ်နော်။
(Unicode)






























