အသက် 1-3 နှစ်ကြားကလေးငယ်များနှင့် အစားအသောက်ပျက်ခြင်း
အသက် 1 -3 နှစ်ကြားအရွယ် ကလေးငယ်များဟာ တစ်ခါတရံကျေွးသမျှကိုစားတတ်ကြသော်လည်း တစ်ခါတစ်ရံမှာ ဘာမှကျေွးမရဘဲ ခံတွင်းပျက်နေတတ်ပါတယ်။ ဒါဟာကလေးငယ်ရဲ့ အသက်အရွယ်၊ လှုပ်ရှားမှုအတိုင်းအတာ၊ ဖွံ့ဖြိုးကြီးထွားမှုအပိုင်းအခြားတွေကြောင့် ဖြစ်ပါတယ်။ တကယ်လို့ ကလေးကကျန်းမာနေပြီး ပုံမှန်အတိုင်းဆော့ကစားနေမယ်ဆိုရင်တော့ ဒီလိုယာယီအစားအသောက်ပျက်တာမျိုးကို မိဘတွေအနေနဲ့ စိတ်ပူပန်နေစရာမလိုပါဘူး။
♦ ကလေးငယ်များတွင် ခံတွင်းပျက်ခြင်းရဲ့ အကြောင်းရင်း
1. နေမကောင်းခြင်း
2. အစားအသောက်တစ်ခုနှင့် တစ်ခုကြားတွင် သွားရေစာစားလွန်းခြင်း
3. သစ်သီးဖျော်ရည် (သို့) အခြားဖျော်ရည်အားအစားစားချိန်ကြားတွင် သောက်သုံးခြင်း
4. လှုပ်ရှားမှုများခြင်း (သို့) ရာသီဥတုပူပြင်းခြင်းကြောင့် အားအင်ကုန်ခမ်းခြင်း
♦ ကလေးရဲ့ စားသောက်ချင်စိတ်ကို နှိုးဆော်ပါ
1. အစာစားချိန်မှာပျော်ရွှင်နေပါစေ
ကလေးတစ်ယောက်အတွက် အစာစားချိန်ဟာအရေးကြီးပါတယ်။ သင့်ကလေးရဲ့ အစားစာချိန်မှာ အစာအမျိုးမျိုးကိုပြပြီး သူတို့ကိုရွေးချယ်ခိုင်းပါ။ သူတို့ဘာကိုကြိုက်နှစ်သက်ပြီး စားသောက်လဲဆိုတာကို မှတ်သားထားပြီး နောက်တစ်ကြိမ်မှာ သူတို့ကိုပျော်ရွှင်ကျေနပ်အောင် သူတို့ကြိုက်နှစ်သက်သော အစားအစာများ နှင့်အစာစားချိန်တွင်ကျေွးပါ။
2. တာ၀န်တွေကို ခွဲခြမ်းစိတ်ဖြာပါ
အချို့ကျန်းမာရေးပညာရှင်များက မိဘတွေအနေနဲ့ကလေးတွေကို ကျေွးမည့်အစားအစာကိုသာ စီစဉ်ပေးစေပြီး ဘယ်လောက်ပမာဏစားမည်ကိုမူ ကလေးကိုသာတာ၀န်ယူဆုံးဖြတ်စေဖို့ အကြံပေးထားပါတယ်။ ထိုကလေးငယ်များကြီးလာပါက အစားအသောက်များကို အစာစားချိန်တွင် မိမိဘာသာစနစ်တကျ စားသောက်တတ်လာပါတယ်။ ဒါ့အပြင် မိဘများဟာကလေးငယ်ရှေ့မှာ မုန့်ပဲသွားရေစာကို အစာစားချိန်တစ်ခုနှင့် တစ်ခုကြားမှာမစားပြရကြောင်း၊ သွားရေစာမုန့်များအစား ရေကိုသာသောက်သုံးပြသင့်ကြောင်းအကြံပြုထားပါတယ်။ ဒီလိုနည်းနဲ့ သင့်ကလေးငယ်ရဲ့ အစာစားချင်စိတ်ကိုတိုးတက်စေနိုင်ပါတယ်။
3. တစ်ခါစားနည်းနည်းနဲ့ မကြာခဏကြွေးပါ
ကလေးငယ်ကိုတစ်နေ့လျှင် ငါးကြိမ်(သို့) ခြောက်ကြိမ်ခွဲပြီးနည်းနည်းစီကျေွးသင့်ပါတယ်။
အောက်ပါအစားအသောက်များ ပါ၀င်အောင် ကြွေးသင့်ပါတယ်။
(1) ဂျုံ၊ ခေါက်ဆွဲ၊ ပါမုန့်၊ ကွေကာအုတ်နှင့် အခြားသောအစေ့အဆန်အမျိုးမျိုး
(2) ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ
(3) နို့၊ ဒိန်ချဉ်၊ ချိ(စ်)နှင့် အခြားနို့ထွက်ပစ္စည်းများ
(4) အသား၊ ငါး၊ တို့ဖူး၊ ပဲ
4. ကလေးငယ်အားအတင်းမကျေွးပါနဲ့
ကလေးငယ်များအတွက် အစာစားချိန်ဟာ ပျော်ရွှင်ချမ်းမြေ့ဖွယ်ဖြစ်နေရမယ့်အပြင် သူမစားချင်တာကို အတင်းမစားခိုင်းပါနဲ့။ ထို့အတူပန်းကန်ပေါ်၌ အစားအသောက်များအားလုံးကို စားရမည်ဟု အမိန့်ပေးတာမျိုးလည်း မလုပ်ပဲကလေးငယ်အား သူကြိုက်နှစ်သက်သည်ကိုသာ ရွေးချယ်စားသုံးပါစေ။
5. ကလေးအားအစာစားချိန်တွင် မနှောင့်ယှက်ပါနှင့်
ကလေးငယ်အားတီဗီကြည့်၍ (သို့) စာအုပ်ဖတ်၍ အစာစားခိုင်းခြင်းမပြုလုပ်ပါနဲ့။
6. အခြားလိုက်နာသင့်သည့်နည်းလမ်းများ
(1) ကလေးငယ်အား အစာစားချိန်မတိုင်ခင် 10 မိနစ် (သို့) 15 မိနစ် လောက်တည်းက သင်ဟာသူ့အတွက် အစားအသောက်ပြင်ဆင်နေတယ်ဆိုတာကိုအသိပေးပါ။
(2) ထမင်းစားပြီးမှသာ ရေသောက်ရန် အလေ့အကျင့်လုပ်ပေးပါ။
(3) သင့်ကလေးရဲ့ ထမင်းစားပွဲတွင် သတင်းစာစက္ကူများကို ခံထားခြင်းဖြင့် အစာစားပြီးနောက် သိမ်းဆည်းရန်ပိုမိုလွယ်ကူပါတယ်။
(4) သင့်ကလေးအတွက် သင့်ရဲ့စားသောက်မှုပုံစံကစံပြဖြစ်ပါစေ။ အာဟာရရှိသောအစားအစာများကို သူ့ရှေ့တွင်ဖြေးဖြေးမှန်မှန် စားပြပါ။
(5) ကလေးငယ်မကြိုက်သော အစားအသောက်များကို နာမည်ပြောင်များပေးခြင်းဖြင့် သူ့အားစားသောက်လာရန်ဆွဲဆောင်ပါ။
(6) အစားအစာကိုဆု (သို့မဟုတ်) ပြစ်ဒဏ်ပေးရာတွင် မည်သည့်အခါမှ မသုံးပါနှင့်။
Dr. WSN





























