/
news/ကလေးများနှင့်ကျန်းမာရေး/အာသီးကို-ဘယ်အချိန်မှာဖယ်ရှားဖို့လိုသလဲ

အာသီးကို ဘယ်အချိန်မှာဖယ်ရှားဖို့လိုသလဲ

Category
ကလေးများနှင့်ကျန်းမာရေး

       အာသီးက လည်ချောင်းနဲ့ ပသိနောက်မှာ တစ်သျှူးအစုလေးနှစ်ခုအပြင် နှားခေါင်းနောက်မှာလည်း အစိတ်အပိုင်းအချို့ရှိပြီး ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်ကို ရောဂါပိုးများဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါတယ်။ အာသီးက အသက်ရှူသွင်းစဉ်ဝင်ရောက်လာတဲ့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကိုစစ်ထုတ်ပေးပါတယ်။

        ဒီအစိတ်အပိုင်းတွေက အချို့သောသူတွေအတွက် အရေးကြီးတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ပေးသော်လည်း သူတို့ရဲ့တန်ဖိုးရှိတာထက်ပိုပြီးလည်း ဒုက္ခပေးတတ်ပါတယ်။

         အာသီးဖြတ်ခြင်းက ကလေးတွေမှာအဖြစ်များဆုံးခွဲစိတ်မှုဖြစ်ပြီး မြန်မြန်လည်းပြန်ကျန်းမာလွယ်ပါတယ်။ ဒီအာသီးတွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုသိထားခြင်းဖြင့် ဆရာဝန်က ဒါတွေဖြတ်ဖို့လိုတယ်လို့ပြောလာချိန်မှာ ကလေးအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ပါလိမ့်မယ်။

ဘယ်အချိန်မှာ ဖယ်ရှားသင့်သလဲ

        အာသီးက အသုံးဝင်ပေမယ့် တစ်ခါတစ်ရံမှာ ဖြတ်တောက်ဖယ်ရှားပစ်ဖို့လိုအပ်ပါတယ်။ အာသီးဖြတ်ဖို့လိုတဲ့ အဖြစ်များဆုံးအကြောင်းအရင်းကတော့ အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုနဲ့ လည်ချောင်းကို ရောဂါပိုးခဏခဏဝင်ရောက်ခြင်းကြောင့်ဖြစ်ပါတယ်။

1. အာသီးတွေက ကလေးရဲ့အိပ်စက်မှုကို အနှောင့်အယှက်ပေးပါတယ်။

         အချို့ကလေးတွေမှာ ကြီးမားတဲ့အာသီးတွေရှိပြီး ဒါတွေက အသက်ရှူခြင်းကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ အထူးသဖြင့် လှဲလျောင်းနေတဲ့ ညဘက်အိပ်ချိန်တွေမှာပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ပျော်နေစဉ်ရုတ်တရက် ခဏအသက်ရှူရပ်သွားစေပါတယ်။ အိပ်ပျော်နေစဉ်ရုတ်တရက် ခဏအသက်ရှူရပ်ခြင်းရဲ့လက္ခဏာတွေကတော့ တစ်ပတ်မှာ အနည်းဆုံး 4 ညလောက် ဟောက်ခြင်း၊ အသက်ရှူရပ်သွားခြင်း၊ အိပ်ပျော်နေစဉ် ဂဏှာမငြိမ်ခြင်း၊ ချေွးထွက်ခြင်း၊ မောပန်းခြင်းနဲ့ အိပ်ယာမှာတောင် ချေွးတွေစိုစွတ်ခြင်းတို့ဖြစ်ပါတယ်။ ကောင်းကောင်းအိပ်မပျော်ခြင်းရဲ့ အကျိုးဆက်အနေနဲ့ ကလေးတွေက နိုးနေချိန်တွေမှာတောင် ဂဏှာမငြိမ်ဖြစ်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဆတ်ခြင်းတွေ ဖြစ်နေတတ်ပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ မှန်ကန်တဲ့နည်းလမ်းတစ်ခုကတော့ အာသီးဖြတ်ပြီးဖယ်ထုတ်ခြင်းပါပဲ။

2. အာသီးက လည်ချောင်းမှာ ရောဂါပိုးမကြာခဏဝင်ခြင်းကို ဖြစ်စေပါတယ်။

        ခဏခဏလည်ချောင်းမှာ ရောဂါပိုးဝင်နေခြင်းက ခုခံမှုမကောင်းဘူးဆိုတာကိုပြပါတယ်။ အာသီးက ခန္ဓာကိုယ်ရဲ့ ပထမခုခံအားစနစ်ထဲမှာပါဝင်တဲ့အတွက် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်ပိုးတွေကို တိုက်ဖျက်နိုင်ပေမယ့် တစ်ခါတစ်ရံမှာ သူတို့ကိုယ်တိုင် ရောဂါပိုးဝင်ခံရတတ်ပါတယ်။ မကြာခဏ ဖျားခြင်း၊ အကျိတ်ရောင်ခြင်းတွေ ကာလကြာရှည်ဖြစ်ပြီး လည်ချောင်းကိုရောဂါပိုးဝင်မယ်ဆိုရင်တော့ အာသီးဖြတ်သင့်မသင့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးရပါမယ်။

         မကြာခဏဆိုတာကတော့

- တစ်နှစ်လျှင် 6 ခါ - 7 ခါ ဖြစ်ခြင်း

- ပြီးခဲ့သော2 နှစ်အတွင်းမှာလည်း တစ်နှစ်လျှင် အနည်းဆုံး 5 ခါဖြစ်ဖူးခြင်း

- ပြီးခဲ့သော 3 နှစ်အတွင်း တစ်နှစ်လျှင် 3 ကြိမ်ထက်ပိုပြီးဖြစ်ခြင်း စတာတွေကို ခေါ်ပါတယ်။

 

ခွဲစိတ်ပြီး ဖယ်ထုတ်လိုက်ရင် ပျောက်ကင်းနိုင်မလား

        အာသီးဖြတ်တဲ့ ခွဲစိတ်မှုတွေကိုကောင်းစွာခံနိုင်ရည်ရှိကြပြီး ကလေးအများစုကခွဲပြီး နာရီအနည်းငယ်ကြာ တာနဲ့ အိမ်ပြန်လို့ရပါတယ်။ အနာသက်သာစေဖို့အတွက် အကိုက်အခဲပျောက်ဆေးတွေပေးလေ့ရှိပြီး အများအားဖြင့် 7 - 10 ရက်ခန့်အကြာမှာ နေပြန်ကောင်းလာလေ့ရှိပါတယ်။

       ခွဲစိတ်ခြင်းဖြင့် အောက်ပါအချက်တွေကိုလည်း အထောက်အကူပြုစေနိုင်ပါတယ်။

- အသက်ရှူလမ်းကြောင်းကျဉ်းမြောင်းစေသော နှာခေါင်းပိတ်ခြင်း

- အစာနှင့် ရေ မြိုချရန်ခက်ခဲခြင်း

- အာသီးကျောက်တည်ခြင်း

- အာသီးပတ်ပတ်လည်တွင်ပြည်တည်ခြင်း

Dr. Mya Myo Myo Swe

www.drmyanmar.com