/
news/ကလေးများနှင့်ကျန်းမာရေး/အိပ်ရာထဲမှာ-ဆီးထွက်ကျလေ့ရှိတာဟာ-စိတ်ဖိစီးမှုကြောင့်လား

အိပ်ရာထဲမှာ ဆီးထွက်ကျလေ့ရှိတာဟာ စိတ်ဖိစီးမှုကြောင့်လား

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးအသက်က ကြီးနေပြီ၊ အခုထိ အိပ်ရာထဲမှာ ဆီးထွက်ကျလေ့ရှိနေတုန်းဆိုရင် မိဘတွေက ဒါဟာ စိတ်ဖိစီးမှုတွေများ ရှိနေလို့လားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဆေးပညာဂျာနယ်တွေအရတော့ အိပ်ရာထဲမှာ ဆီးထွက်ကျတာဟာ ဦးနှောက်အာရုံကြောအဖွဲ့အစည်းနဲ့ ဆီးအိမ်ကို ဆက်သွယ်ပေးတဲ့လမ်းကြောင်း ကောင်းကောင်းမဖွံ့ဖြိုးသေးလို့ ဆီးမထိန်းနိုင်ရတာလို့ ဖော်ပြထားပါတယ်။

ကလေးအသက်ကြီးလာတာနဲ့အမျှ ဆီးအိမ်ကြွက်သားတွေလည်း သန်မာလာလို့ အဲ့ဒီအခါကျရင် အိပ်ရာထဲဆီးထွက်ကျတဲ့ ပြဿနာဟာလည်း သူ့အလိုလို ပျောက်သွားမှာပါ။

EC Kidz IA 2

>>  အိပ်ရာထဲ ဆီးထွက်ကျတာဟာ စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်သလား?

စိတ်ဖိစီးမှုကိုယ်တိုင်က ဖြစ်စေတဲ့အကြောင်းရင်းတော့ မဟုတ်ပေမယ့် စိတ်ဖိစီးမှုရှိရင်တော့ ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုဟာ ကလေးရဲ့အပြုအမူကို ပြောင်းလဲစေတာကြောင့် အရင်တုန်းက အိပ်ရာထဲ ဆီးထွက်ကျလေ့မရှိတဲ့ ကလေးဟာလည်း စိတ်ဖိစီးမှုရှိရင် အိပ်ရာထဲ ဆီးထွက်ကျတာမျိုး ဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးတဲ့အခါ ပြောင်းလဲလာတဲ့ ဒီလိုအပြုအမူတွေကြောင့် အိပ်ရာထဲမှာ ဆီးထွက်ကျရတာပါ။

●  ကလေးဟာ စိတ်ဖိစီးလာရင် ညဘက်ကို တော်တော်နဲ့မအိပ်ဘဲ အိပ်ရင်လည်း နာရီအနည်းငယ်လောက်ပဲ အိပ်စက်ပါတော့တယ်။ ဒါပေမဲ့ ဒီနာရီ အနည်းငယ်အတွင်းမှာ လုံးဝကိုအိပ်ပျော်သွားလေ့ရှိလို့ ဆီးသွားချင်တာကိုတောင် သတိထားမိတော့မှာ မဟုတ်ဘဲ အိပ်ရာထဲမှာ ဆီးထွက်ကျတာမျိုး ဖြစ်လာနိုင်ပါတယ်။

●  ကလေးအနေနဲ့ စိတ်ဖိစီးတဲ့အခါ ကိုယ်လုပ်နေကျအလုပ်တွေကို မလိုက်နာတော့တာမျိုး ဖြစ်လာနိုင်ပါတယ်။ အိပ်ခါနီးကို ဆီးသွားလေ့မရှိတော့ရင် အိပ်ရာထဲဆီထွက်ကျနိုင်ခြေလည်း များလာမှာ အသေအချာပါပဲ။

●  ကလေးတွေဟာ စိတ်ဖိစီးတဲ့အခါ အချိုတွေ၊ အငန်တွေကို အရမ်းစားတတ်ကြပါတယ်။ ဒီလိုအစားအသောက်တွေဟာ ရေငတ်စေတာကြောင့် အိပ်ခါနီးမှာသာ စားသောက်လိုက်ရင် ရေ အရမ်းသောက်မိပြီး အိပ်ရာထဲ ဆီးထွက်ကျနိုင်ခြေလည်း များလာနိုင်ပါတယ်။

EC Kidz IA 1

>>  အိပ်ရာထဲမှာ ဆီးထွက်ကျလေ့ရှိတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုကူညီရမလဲ?

●  အိပ်ခါနီးမှာ ဆီးသွားတာကို နေ့တိုင်းလုပ်နေကျအလုပ်ဖြစ်အောင် လေ့ကျင့်ယူပေးပါ။
●  ချိုလွန်း၊ ငန်လွန်းတဲ့ အစားအသောက်တွေကို ချင့်ချိန်ကျွေးပေးပါ။
●  ကလေးမှာ စိတ်ဖိစီးမှုတွေရှိနေရင် ဘာကြောင့်စိတ်ဖိစီးရသလဲဆိုတာ သေချာနားထောင်ပေးပြီး ကူညီဖြေရှင်းပေးပါ။

Dr. Aye Hsu Mon (www.drmyanmar.com)