/
news/ကလေးများနှင့်ကျန်းမာရေး/အိုမီခရွန်ဟာ-ကလေးငယ်လေးများတွင်-တဟုန်းဟုန်းနဲ့-လှိုဏ်ခေါင်းသံပေါက်တဲ့

အိုမီခရွန်ဟာ ကလေးငယ်လေးများတွင် တဟုန်းဟုန်းနဲ့ လှိုဏ်ခေါင်းသံပေါက်တဲ့ ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးငယ်လေးတွေမှာ အိုမီခရွန် ကူးစက်ခံရရင် Croup လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောင်ရမ်းပြီး တဟုန်းဟုန်းနဲ့ လှိုဏ်ခေါင်းသံပေါက်ပြီး ချောင်းဆိုးတတ်တာကို တွေ့ရပါတယ်။ ကလေးငယ်လေးတွေရဲ့ လေပြွန်ဟာ ကလေးကြီးတွေနဲ့ယှဉ်ရင် ပိုမိုသေးငယ်တာကြောင့် နည်းနည်းလေးရောင်တာနဲ့ ကျဉ်းသွားပြီး အသက်ရှူခက်တာ၊ အသံကျယ်ကျယ် ချောင်းဆိုးတာတွေ ဖြစ်တတ်ပါတယ်။

>>  ကလေးငယ်လေးတွေ လေပြွန်ရောင်တဲ့အခါ -
●  ချောင်းဆိုးခြင်း၊ အထူးသဖြင့် ညဘက်မှာ ချောင်းပိုဆိုးခြင်း
●  ငိုတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ လှိုက်ခေါင်းသံလိုမျိုး တဟုန်းဟုန်းနဲ့ အသံကျယ်ကျယ်ချောင်းဆိုးခြင်း
●  ဖျားခြင်း
●  အသံပြောင်းသွားခြင်း၊ အသံသြလာခြင်း
●  အသက်ရှူတဲ့အခါ တရွှီရွှီနဲ့ ဆူညံနေခြင်း အစရှိတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

>>  မိမိတို့ကလေးတွေမှာ ဒီလက္ခဏာတွေရှိနေရင် မေမေတို့အနေနဲ့ သက်သာအောင် ကူညီပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းတွေကတော့ -
●  စိုထိုင်းဆမြင့်တဲ့ လေ (သို့) အေးမြတဲ့လေကို ရှူရှိုက်စေပါ။ ကလေးကို ရေနွေးငွေ့၊ ဒါမှမဟုတ် အိမ်အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူခိုင်းပါ။
●  အသက်ရှူရတာ လွယ်ကူစေဖို့ မတ်မတ်အနေအထားနဲ့ နေစေပါ။
●  ကလေးငိုတဲ့အခါ ချောင်းဆိုးတာ ပိုဆိုးတာကြောင့် ကလေးကို ငြိမ်အောင် ချော့ပေးပါ။
●  အရည်နွေးနွေးလေးတွေ တိုက်ပေးပါ။
●  အနားယူစေပါ။
●  အဖျားရှိရင် အဖျားကျဆေး တိုက်ပါ။
●  တခြားဆေးဝါးတွေကိုတော့ ဆရာဝန် ညွှန်ကြားချက်နဲ့ တိုက်ပါ။

>>  များသောအားဖြင့်တော့ လေပြွန်ရောင်ရမ်းတာဟာ အိမ်မှာပဲ သက်သာအောင် လုပ်ပေးလို့ရပေမယ့် ရောဂါလက္ခဏာတွေ ပိုဆိုးလာခဲ့ရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူဖို့ လိုပါတယ်။
●  အသက်ရှူသွင်း၊ ရှူထုတ်လိုက်တိုင်းမှာ တရွှီရွှီနဲ့ ဆူညံနေရင်
●  ငိုခြင်း၊ ဂျီကျခြင်း မရှိတဲ့အချိန်မှာတောင် အသက်ရှူတာ ဆူညံနေရင်
●  သွားရည်ကျနေရင်၊ အစာမျိုရခက်ရင်
●  ဂနာမငြိမ်ဘဲ ဂျီကျနေရင် (သို့) မှိန်းနေရင်
●  အသက်ရှူမြန်ရင်
●  အသက်ရှူရခက်ရင် အစရှိတဲ့ ပြင်းထန်လက္ခဏာတွေ ကလေးဆီမှာ ရှိလာရင်တော့ အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)