အူနဲ့ ဆီးအိမ်အပြင်ရောက်နေတဲ့ ကလေးငယ်
အိုင်ယာလန်နိုင်ငံမှ Jack ဆိုသူ ကလေးငယ်ရဲ့ အူနဲ့ဆီးအိမ်ဟာ ခန္ဓာကိုယ်အပြင်ဘက် ကို ရောက်ရှိနေတာကြောင့် မွေးမွေးပြီးချင်းမှာဘဲ ဆရာ၀န်တွေက ပလတ်စတစ်အကြည်သားနဲ့ ထုတ်ပိုးပေးခဲ့ရပါတယ်။
မတ်လ 30 ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Jack ဟာ Gastroschisis လို့ခေါ်တဲ့ ရှားပါးမွေးရာပါ ချို့ယွင်းမှုရောဂါတစ်မျိုးကို ခံစားနေရတာ ဖြစ်ပါတယ်။ Gastroschisis ဟာ ၀မ်းဗိုက်နံရံချို့ယွင်းမှုဖြစ်ပြီး အူတွေဟာ ချက်မှနေတဆင့် အပြင်သို့ကျွံထွက်နေတဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။
Jack ရဲ့မိခင် Mrs Hcarne ဟာ သူမရဲ့ကလေးမှာ Gastroschisis ရှိနေကြောင်းကို ကိုယ်၀န် အပတ် 20 မှာ စတင်သိရှိခဲ့ပြီး ကိုယ်၀န်ကာလတစ်လျှောက်လုံး စိတ်ပူပန်နေခဲ့ရတာဖြစ်ပါတယ်။ Jack ကို ရိုးရိုးမွေးဖွားခဲ့ပြီး မွေးမွေးပြီးချင်းမှာဘဲ ကလေးဆရာ၀န်တွေက ရောဂါပိုးကူးစက်ခံရခြင်းမရှိလေအောင် Jack ရဲ့ အူတွေကို ပလတ်စတစ်အကြည်နဲ့ ထုတ်ပိုးပြီး အထူးကြပ်မတ်ကုသဆောင်မှာ ထားရှိခဲ့ကြပါတယ်။ ခွဲစိတ်မှု 2 ကြိမ်ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ အူနဲ့ဆီးအိမ်ကို ၀မ်းဗိုက်အတွင်း၌ ပုံမှန်အတိုင်း ထားပေးနိုင်ခဲ့ပါတယ်။ ဆေးရုံ မှာ 3 လကြာအောင်နေရမယ်လို့ ထင်ခဲ့ပေမယ့် 4 ပတ်အကြာမှာ Jack ဟာ ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။
အခုအခါမှာ Jack ဟာ 4 လကျော်နေပြီဖြစ်ပြီး ကျန်းကျန်းမာမာရှိနေတယ်လို့သိရပါတယ်။
Dr. Htet Htet Aung






























