အော်တစ်ဇင်ဖြစ်နေမှာ စိုးရိမ်နေပါသလား
အော်တစ်ဇင် ဆိုတာကို ဖေဖေ၊ မေမေ အများစုက ကြားဖူးကြပါလိမ့်မယ်။ တကယ်ကတော့ အော်တစ်ဇင်ဆိုတာ အပြုအမူ၊ အပြောအဆိုများ ပုံမှန်မဟုတ်သော အခြေအနေတစ်မျိုးဖြစ်ပြီး စိတ်ရောဂါ မဟုတ်ပါဘူး။ သားသားမီးမီးတို့ကို အော်တစ်ဇင် လက္ခဏာ ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးကြည့်ဖို့ အော်တစ်ဇင်ရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ လူမှုဆက်ဆံရေးမရှိခြင်း
မိဘတွေ၊ မောင်နှမသားချင်းတွေနဲ့ ဆက်ဆံမှုနည်းတာ၊ နာမည်ခေါ် မထူး၊ အသံကြား စိတ်မဝင်စားတာ၊ စိုက်ကြည့်တတ်တာ၊ စိတ်ဝင်စားမှု နည်းပြီး ပြန်မပြုံးပြတတ်တာ စတဲ့ လက္ခဏာတွေဟာ စိတ်ရောဂါတစ်ခုခု ရှိနေကြောင်း ပြနေတာပါပဲ။
၂။ ဆက်သွယ်မှု ဟန်အမူအရာတွေ နည်းပါးခြင်း
ပုံမှန်ကလေးတစ်ယောက်ဟာ ဆက်သွယ်ဖို့ ဟန်ပန်အမူအရာအမျိုးမျိုးကို အသုံးချတတ်ကြတယ်။ အသက် ၇ လ၊ ၈လ လောက်ဆို လက်ညှိုးထိုးတာ၊ အသံအမျိုးမျိုး ထွက်တာမျိုးတွေ ရှိတတ်ကြပေမယ့် အော်တစ်ဇင် ကလေးတွေကတော့ ဒီလိုဟန်ပန်အမူအရာတွေ မလုပ်တတ်ကြ၊ အသံမထွက်တတ်ကြတာ များတယ်။
၃။ စကားနဲ့ နားလည်နိုင်မှုစွမ်းရည် နည်းပါးခြင်း
စကားအပြောအဆိုနဲ့ နားလည်နိုင်စွမ်းတွေ နည်းပါးပြီး လူတွေနဲ့လည်း သိပ်အဆက်အဆံ မလုပ်တတ်ကြဘူး။ အထူးသဖြင့် ၉ လကနေ ၁၂ လအတွင်းမှာ တွေ့ရတတ်ပါတယ်။
၄။ ထပ်ခါထပ်ခါ လုပ်တတ်ခြင်း
အသစ်အသစ်တွေ ထပ်ထပ်လေ့လာတာမျိုးမရှိဘဲ လှုပ်ရှားမှုတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ လုပ်နေတတ်ကြတယ်။
၅။ ခေါင်းတိုက်ခြင်း
နံရံတို့၊ ပုခက်တို့ကို ခေါင်းနဲ့ တိုက်တိုက်နေတတ်တယ်၊ နာချင်နာပါစေ လက်သီးနဲ့ နံရံကို ထိုးထိုးနေတတ်တယ်ဆိုရင် သတိထားရတော့မယ်နော်။ စိတ်ပူပန်လာတဲ့အချိန်မျိုးမှာ ခေါင်းကို အတင်းရမ်းခါတာမျိုးတွေလည်း ရှိလာနိုင်တယ်။
၆။ ကြီးထွားမှုမှတ်တိုင်များ
ဆရာဝန် မှာကြားထားတဲ့အတိုင်း ရောက်သင့်တဲ့ ကြီးထွားမှုမှတ်တိုင်တွေကို မရောက်ဘူးဆိုရင်လည်း သတိထားသင့်တယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























