ဦးနှောက်အမြှေးရောင်ခြင်း
● ဦးနှောက်နဲ့ အာရုံကြောမတိုင်ကိုကာပေးထားတဲ့ အမြှေးပါးကို ဘက်တီးရီးယားပိုး (သို့) ဗိုင်းရပ်စ်ပိုးဝင်ပြီး ရောင်ရမ်းတာကို ဦးနှောက်အမြှေးပါးရောင်တယ်လို့ ခေါ်ပါတယ်။
● ဦးနှောက်အမြှေးပါးရောင်တယ်ဆိုတာက အဖြစ်မများပေမယ့် ဖြစ်လာပြီဆိုရင်တော့ ပြင်းထန်နိုင်လို့ အရေးပေါ်ကုသမှုခံယူဖို့လိုပါတယ်။ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးတွေဝင်လို့ဖြစ်နိုင်သလို ဝက်သက် (သို့) ရေကျောက်စတဲ့ ရောဂါတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့လည်းဖြစ်နိုင်ပါတယ်။
● ဘက်တီးရီယားပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာကတော့ မြန်မြန်ကြီး ပိုဆိုးလာနိုင်ပြီးတော့ ဦးနှောက်အမြှေးရောင်တဲ့ ကလေးငါးယောက်ထဲက တစ်ယောက်က နားမကြားခြင်း (သို့) ကိုယ်တစ်ပိုင်းသေခြင်းစတဲ့ မသန်စွမ်းတာတွေ ဖြစ်သွားစေနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် ပိုအဖြစ်များပေမယ့်လည်း သူက ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာလောက် မဆိုးပါဘူး။
ကလေးအများစုကတော့ အချိန်ကြာတဲ့အခါမှာ လုံးဝပြန်ကောင်းသွားပါတယ်။
>> ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း၏ လက္ခဏာများ
ရောဂါလက္ခဏာတွေက ကလေးရဲ့ အသက်အရွယ်အပေါ် မူတည်ပြီးတော့ ကွဲပြားနိုင်ပါတယ်။
● ကိုယ်ပူခြင်း
● အန်ခြင်း
● တက်ခြင်း
● ခေါင်းကိုက်ခြင်း
● ဂဏှာမငြိမ်ဖြစ်ပြီးတော့ ငိုသံစူးခြင်း
● ငယ်ထိပ်ဖောင်းပြီးတော့ စူထွက်လာခြင်း
● ပင်ပန်းနွမ်းနယ်၊ မအီမသာဖြစ်ပြီးတော့၊ အိပ်ရာထ ခက်ခြင်း
● လည်ပင်းတောင့်တင်းခြင်း
● အလင်းရောင်စူးစူးတွေကို မခံနိုင်ခြင်း
● ကလေးက ခေါင်းနောက်ကို ကိုင်ထားတာ (သို့) ခါးကော့ထားတာတွေ ရှိတတ်ပါတယ်
>> ဘယ်လိုဆိုရင် ဆရာဝန်ပြဖို့လိုပြီလဲ?
ကလေးမှာ အနီရဲရဲ အစက်လေးတွေ (သို့) ခရမ်းရောင် အစက်အပြောက်တွေ (သို့) ညိုမဲစွဲတာတွေရှိပြီး အဲဒိအစက်လေးတွေကို ဖိကြည့်လိုက်လို့ အဖြူရောင်ပြောင်းမသွားဘူးဆိုရင် Meningococcal bacteria ကြောင့်ဖြစ်တဲ့ ပြင်းထန်ဦးနှောက်အမြှေးပါးရောင်တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။
ဦးနှောက်အမြှေးပါးရောင်တဲ့ လက္ခဏာ ပြပြီဆိုရင်တော့ နီးစပ်ရာဆေးရုံကို အမြန်သွားပြပါ။ ဦးနှောက်အမြှေးရောင်တာ ဟုတ်၊ မဟုတ်ဆိုတာကို သေချာသိနိုင်ဖို့အတွက် ခါးဆစ်ရိုး ဖောက်စစ်ကြည့်ဖို့ လိုပါတယ်။
>> ကုထုံးများ
ဦးနှောက်အမြှေး ရောင်ပြီဆိုရင်တော့ ဆေးရုံတက်ပြီး ကုသဖို့ လိုပါတယ်။ ကလေးရဲ့အခြေအနေနဲ့ ရောဂါအမျိုးအစားပေါ် မူတည်ပြီးတော့ ကုထုံးတွေလည်း မတူပါဘူး။
ခါးဆစ်ရိုး ဖောက်စစ်တဲ့အဖြေကတော့ ၂-၃ ရက်လောက် ကြာတတ်ပါတယ်။ ဒီအချိန်မှာ ကလေးကို လိုအပ်တဲ့ ပိုးသတ်ဆေးတွေ သွင်းပေးထားပါလိမ့်မယ်။
>> ဗိုင်းရပ်စ်ပိုးကြောင့် ဦးနှောက်အမြှေးရောင်ခြင်း
ယေဘုယျအားဖြင့်တော့ ဘက်တီးရီးယားပိုးဝင်လို့ဖြစ်တာလောက်မဆိုးပါဘူး။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဆိုတော့ ပိုးသတ်ဆေး ပေးဖို့ မလိုပါဘူး။
>> ဘက်တီးရီးယားပိုးကြောင့် ဦးနှောက်အမြှေးပါးရောင်ခြင်း
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာထက် ပိုဆိုးပြိီးတော့ ပိုးသတ်ဆေးတွေပေးဖို့ လိုပါတယ်။ ဆေးရုံမှာ အနီးကပ် စောင့်ကြပ်ကြည့်ရှုဖို့လည်း လိုပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်း၊ အပူချိန်၊ သွေးပေါင်ချိန်နဲ့ ဦးနှောက်နဲ့ အာရုံကြောတွေရဲ့အခြေအနေကို ပုံမှန်စောင့်ကြည့်စစ်ဆေးနေဖို့ လိုပါတယ်။
ကလေးကို လိုအပ်တဲ့ ဆေးတွေ၊ အရည်တွေကို အကြောကနေတစ်ဆင့် ပေးပြီးတော့ လိုအပ်တဲ့ သွေးစစ်မှုတွေ လုပ်ပါလိမ့်မယ်။ ဦးနှောက်အရောင်ကျဖို့အတွက် ဆေးပေးပါလိမ့်မယ်။
Meningococcal meningitis လို့ထင်ရင် ရောဂါဖြစ်တဲ့ကလေးနဲ့ အနီးကပ်နေတဲ့သူတွေကိုလည်း ကြိုတင်ကာကွယ်ဖို့ ပိုးသတ်ဆေးတိုက်ဖို့ လိုပါတယ်။
>> ဆေးရုံဆင်းပြီးနောက် ရက်ချိန်းပြန်ပြခြင်း
ကလေးအများစု လုံးဝပြန်ကောင်းနိုင်ပါတယ်။ အချိန်တော့ လိုတာပေါ့လေ။ ဦးနှောက်အမြှေးရောင်တာရဲ့ ဖြစ်နိုင်ချေရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ -
● ပင်ပန်းနွမ်းနယ်ခြင်း
● ခေါင်းမကြာခဏကိုက်ခြင်း
● အာရုံစူးစိုက်ရခက်ခြင်းနဲ့ ရေတိုမှတ်ဉာဏ်လေးတွေ ပျောက်ပျောက်သွားခြင်း
● ခန္ဓာကိုယ်ဟန်ချက်ထိန်းဖို့ ပြဿနာရှိခြင်း
● အကြားအာရုံပြဿနာ
● စိတ်ခံစားချက် အတက်အကျမြန်ခြင်း
ဆေးရုံဆင်းပြီးတဲ့အခါမှာလည်း ပြန်လည်ပြီးတော့ ဆရာဝန်နဲ့ ပုံမှန်ပြပေးဖို့ လိုပါတယ်။ ရောဂါနောက်ဆက်တွဲအနေနဲ့ အကြားအာရုံပြဿနာတွေဖြစ်တတ်လို့ အကြားအာရုံစစ်ကြည့်ဖို့ လိုပါတယ်။ တချို့ကလေးတွေမှာ မသန်စွမ်းဖြစ်သွားနိုင်လို့ အိမ်ပြန်ရောက်ရင် ကလေးကို ဘယ်လိုပြုစုစောင့်ရှောက်ရမယ်ဆိုတာကို ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။
>> ဦးနှောက်အမြှေးရောင်ရောဂါ ဘယ်လိုကူးစက်နိုင်သလဲ?
လူအတော်များများက နေမကောင်းမဖြစ်ပေမယ့်လည်း သူတို့ရဲ့ နှာခေါင်းနဲ့ လည်ချောင်းတွေထဲမှာ ဦးနှောက်အမြှေးရောင်စေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေကို သယ်ဆောင်ထားပါတယ်။ သူတို့ကမှတစ်ဆင့် တခြားသူတွေဆီကို ဘက်တီးရီးယားပိုး ပျံ့သွားပြီးတော့ ကူးစက်ခံရတဲ့သူမှာ နေမကောင်း ဖြစ်စေနိုင်ပါတယ်။
ဘယ်လိုကူးလဲဆိုတော့ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နမ်းရှုံ့ခြင်း၊ ခွက်တွေ အတူသုံးခြင်း စတာတွေကနေတစ်ဆင့် ကူးစက််နိုင်ပါတယ်။
>> ကာကွယ်ခြင်း
● ဦးနှောက်အမြှေးရောင်စေနိုင်တဲ့ ဘက်တီးရီးယားပိုး တော်တော်များများကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးကိုတော့ ကလေးတွေမှာ ပုံမှန်ကာကွယ်ဆေးထိုးတဲ့အထဲမှာပါပါတယ်။ ဒီတော့ ကိုယ့်ကလေးကို လိုအပ်တဲ့ကာကွယ်ဆေးတွေအကုန်ထိုးထားဖို့အရေးကြီးပါတယ်။
● ဆေးလိပ်ငွေ့တွေနဲ့ထိတွေ့မှုရှိတဲ့ကလေးတွေက ဦးနှောက်အမြှေးရောင်နိုင်ချေ ပိုများပါတယ်။ ဒါကြောင့် ကလေးရဲ့ပတ်ဝန်းကျင်မှာ (သို့) အိမ်ထဲမှာ ဘယ်သူ့ကိုမှ ဆေးလိပ် မသောက်ခိုင်းပါနဲ့။
တစ်ကိုယ်ရေ သန့်ရှင်းရေးနည်းလမ်းတွေကလည်း ပိုးကူးနိုင်ချေကို ကာကွယ်ပေးနိုင်ပါတယ်။
● လက်ကို စနစ်တကျနဲ့ ပုံမှန်ဆေးကြောခြင်း
● စားသောက်နဲ့ ပုလင်း၊ ဘူး၊ ခွက်၊ ပန်းကန်တွေကို မျှဝေမသုံးစွဲခြင်း
● နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ တံတောင်ခွက်နဲ့အုပ်ပြီး ဆိုးခြင်း
● တစ်ရှူးတွေကို သုံးပြီးတာနဲ့ အမှိုက်ပုံးထဲ ပစ်ခြင်းနှင့် လက်ကို ချက်ချင်းဆေးကြောခြင်း
Dr. Mya Myo Myo Swe (www.drmyanmar.com)




























