/
news/ကလေးများနှင့်ကျန်းမာရေး/၆-လအရွယ်-ကလေးလေးတစ်ယောက်-ပျားရည်ကျွေးလိုက်တာ-သေသွားသတဲ့

၆ လအရွယ် ကလေးလေးတစ်ယောက် ပျားရည်ကျွေးလိုက်တာ သေသွားသတဲ့ ...

Category
ကလေးများနှင့်ကျန်းမာရေး

          အသက် ၁ နှစ်အောက်ကလေးတွေကို ပျားရည်မကျွေးသင့်ဘူးဆိုတာ လူကြီးသူမတွေ ဆုံးမကြတာ ကြားဖူးကြတယ်မလား?  အထူးသဖြင့် စည်သွပ်ဘူးနဲ့ ထည့်ထားတဲ့ ပျားရည်တွေကြောင့် အစာ အဆိပ်သင့်တတ်တယ်။

          ဒါပေမဲ့ ဒီလိုကြောက်စရာကောင်းတဲ့ရောဂါကို မိဘတွေ တကယ်ရော သိကြလု့ိလား။

          အခုတော့ ဒီအကြောင်းမသိတဲ့ မိဘတွေကြောင့် အသက် ၆ လအရွယ် ကလေးတစ်ယောက် သေဆုံးသွားရပါပြီ။

          ကလေးတွေမှာ စည်သွပ်ဘူး အစာအဆိပ်သင့်တဲ့ပြဿနာကြီး ရှိတယ်ဆိုတာ မေမေ ဖေဖေတွေ သိထားသင့်တယ်နော်။

          ဂျပန်တိုင်းမ်စ်ဂျာနယ်မှာ မိသားစုတွေ ပျားရည်ကျွေးလိုက်လို့ သေဆုံးသွားရရှာတဲ့ တိုကျိုက ကလေးတစ်ယောက်အကြောင်း ဖတ်လိုက်မိကြသေးလား?

          မိသားစုတွေဟာ ကလေးကို ပျားရည်နဲ့ရေ ရောစပ်ပြီး တစ်နေ့ နှစ်ကြိမ် တိုက်နေတာ ၂ လလောက်ရှိပြီလို့ ရေးထားတယ်။

          မိသားစုဝင်တစ်ယောက်က " ကျွန်တော်တို့ ပျားရည်နဲ့ စတိုးဆိုင်ကဖျော်ရည်ကို ရောပြီး ကလေးကို တိုက်နေတာ တော်တော်ကြာပါပြီ။ ကလေးအတွက် ကောင်းတယ်ထင်လို့ တိုက်နေမိတာပါ " လို့ ဝမ်းနည်းပက်လက် ပြောပြရှာပါတယ်။

          ဒီကလေးဟာ တက်ပြီး အသက်ရှူရပ်သွားလို့ ရုတ်တရက် ဆေးရုံကို ပြေးသွားလိုက်ရတယ်။ ဆေးရုံရောက်တော့ ပျားရည်မှာပါတဲ့ Clostridium botulinum ဘက်တီးရီးယားကြောင့် အစာ အဆိပ်သင့်တာမှန်း သိလိုက်ရတယ်။

          ဝမ်းနည်းစရာကောင်းစွာနဲ့ တစ်လအကြာမှာ ကလေးလေး သေဆုံးကြွေလွင့်သွားရရှာတော့တယ်။ ဒီသေဆုံးမှုဟာ ဂျပန်မှာ ၁၉၈၆ နောက်ပိုင်း အစာအဆိပ်သင့် သေဆုံးတဲ့ ပထမဦးဆုံးကလေး ဖြစ်လာပါတယ်။

          Botulism ကလေးအစာအဆိပ်သင့်တဲ့အကြောင်းကို မေမေ ဖေဖေတို့ သေသေချာချာ ဂဃဏန သိထားရမယ်နော်။

          Botulism အဆိပ်ထုတ် ဘက်တီးရီးယားပါတဲ့ အစားအစာ ကျွေးလိုက်တာကြောင့် ဖြစ်တတ်ကြတယ်။

          အစားအသောက်မှာပါတဲ့ Clostridium botulinum ပိုး ကလေးအူထဲ ဝင်သွားပြီးရင် တဖြည်းဖြည်း ပွားလာပြီး အဆိပ်တွေ ထုတ်လာတယ်။

          အသက် ၁၂ လအောက်ကလေးတွေရဲ့ အစာချေစနစ်က ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့အတွက် ပိုအဖြစ်များကြတာပါ။

          ဒီလိုဖြစ်လာရင် ကလေးလေးတွေ ဘယ်လိုခံစားကြရသလဲဆိုတာ ကြည့်ကြရအောင်။

          ဒီအကောင်ပါတဲ့ အစားအစာ စားမိပြီး ရက်ပေါင်း ၃၀ အတွင်းမှာ စဖြစ်လာတတ်တယ်။

          ဒီရောဂါဟာ ကုသပျောက်ကင်းနိုင်တယ်။ စောစောသိ စောစောဆရာဝန်နဲ့ ပြမိဖို့တော့ လိုတာပေါ့။ ဒါကြောင့် ရောဂါလက္ခဏာတွေကို သေချာသိထားဖို့ လိုတယ်။

          ကလေး ဝမ်းချုပ်တာကို အရင်ဆုံး သတိထားမိလာလိမ့်မယ်။ ပြီးရင်တော့ ပျော့တိပျော့ခွေ ဖြစ်လာတာ၊ အားနည်းလာတာ၊ နို့မစို့ အစား မစားနိုင်တာတွေ ဖြစ်လာလိမ့်မယ်။

 

>>    အခြားလက္ခဏာတွေကရော -

●        မျက်နှာသေကြီး ဖြစ်လာမယ်။

●        အစာလည်း မစားတော့ဘူး။

●        ငိုသံလေးတောင် ပျော့လာမယ်။

●        လှုပ်ရှားမှုလည်း နည်းလာမယ်။

●        အစာမမျိုနိုင်တော့ သွားရည် တမြားမြား ဖြစ်လာလိမ့်မယ်။

●        ကြွက်သားတွေ အားနည်းလာမယ်။

●        အသက်ရှူရ ခက်လာရှာမယ်။

          ဒီလိုဆိုးရွားလွန်းတဲ့ရောဂါကြီးကို သားသားမီးမီးလေးတွေ မခံစားရအောင် မေမေဖေဖေတွေက ကြိုတင်ကာကွယ်ပေးကြဖို့ အရေးကြီးတာပေါ့။

          ၁ နှစ်မပြည့်သေးတဲ့ ကလေးကို ပျားရည်နဲ့ ပျားရည်ပါတဲ့ စည်သွပ်အစားအစာတွေ မကျွေးပါနဲ့နော်။

          Clostridium ဆိုတဲ့ အကောင်ဟာ ပျားရည်ထဲမှာ နေပါတယ်။ ကလေးကြီးတွေနဲ့ လူကြီးတွေမှာတော့ အစာချေစနစ် အားကောင်းပြီဖြစ်တဲ့အတွက် ဘာပြဿနာမှ မပေးနိုင်ဘူး။ ကလေးတွေမှာတော့ ဒီလိုမဟုတ်ဘူးလေ။

          အဲဒါကြောင့် အိမ်လုပ် စည်သွပ်ဘူးတွေကို သိမ်းဆည်းထားသင့်တယ်။ မစားခင်မှာလည်း ၁၀ မိနစ်လောက် ပွက်ပွက်ဆူ ပြုတ်ပေးသင့်တယ်။

          ကြောက်စရာကောင်းတဲ့ Clostridium botulinum အကောင်ဟာ ပျားရည်မှာတင်မက ဘေးပတ်ဝန်းကျင်အားလုံးမှာ ရှိနေတယ်။ ဖုန်မှုန့်တွေ၊ အမှိုက်တွေနဲ့ နောက်ဆုံးလေထဲမှာတောင် ရှိနေတယ်။ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ စိုက်ပျိုးရေးမြေတွေနားမှာ ရှိနေတတ်တယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် ကလေးတွေကို အကောင်ရှိနေနိုင်တဲ့ မြေတွေ၊ ဖုန်တွေနဲ့ မထိတွေ့စေတာ အကောင်းဆုံးပဲနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)