/
news/ကလေးများနှင့်ကျန်းမာရေး/၆-လအရွယ်-ဘေဘီလေး-တစ်ညလုံး-မအိပ်ရင်

၆ လအရွယ် ဘေဘီလေး တစ်ညလုံး မအိပ်ရင်

Category
ကလေးများနှင့်ကျန်းမာရေး

တချို့ကလေးတွေဟာ တစ်ညလုံးကို ငြိမ်ငြိမ်ဆိမ်ဆိမ် အိပ်တတ်ပေမယ့် ကလေး အတော်များများဟာ တစ်ညလုံး တောက်လျှောက်မအိပ်တတ်ကြဘူး။ ဒီတော့ ကလေး တစ်ညလုံး တောက်လျှောက်မအိပ်တာ အဆင်ပြေပါ့မလားဆိုတာ မေမေတို့ သိချင်နေကြမှာပေါ့။
ပုံမှန်အားဖြင့် အသက် ၆ လမတိုင်ခင်မှာ ကလေးတစ်ယောက်ဟာ ညဘက် ခဏခဏနိုးနေတတ်ပြီး နို့ခဏခဏတိုက်ဖို့ လိုတတ်ပါတယ်။ အသက် ၆ လနောက်ပိုင်းမှာ အိပ်ချိန်ပိုမှန်လာပြီး ညဘက် နို့ထထတိုက်စရာမလိုတော့သလို နိုးလာရင်လည်း သူ့ဟာသူ ပြန်အိပ်ပျော်သွားအောင် လေ့ကျင့်ပေးလို့ရပါတယ်။

>>  ဒီလို တစ်ညလုံး တောက်လျှောက်မအိပ်ဘူးဆိုရင် ဘာတွေလုပ်ပေးလို့ရမလဲ?
ရေနွေးလေးချိုးပေးပြီး ညဘက် ပုံပြင်ဖတ်ပြပါ၊  ညသိပ်သီချင်းလေး ဆိုပြပါ။ ဖြစ်နိုင်ရင် ညတိုင်း ဒီအစဉ်တိုင်း လုပ်ပေးပါ။ ကလေး စပြီးဂျီကျနေပြိဆိုရင်လည်း ပင်ပန်းသွားပြီး ညဘက်အိပ်ချိန် လေ့ကျင့်တာကို ခက်ခဲစေနိုင်တယ်။ ဒါကြောင့် နာရီဝက်လောက်စောပြီး သိပ်ပေးပါ။ မအိပ်ခင် ညဘက်စောစောစီးစီးမှာ မီးတွေမှိတ်၊ အသံတွေ တိတ်ပေးထားပါ။
ညဘက်မှာ နိုးနိုးလာရင် သူ့ဟာသူ ပြန်အိပ်ပျော်သွားစေဖို့ ကလေးအိပ်ချင်မူးတူးဖြစ်တဲ့အချိန်ကျမှ ကလေးကို အိပ်ရာထဲထည့်ပါ။ မိဘ အကူအညီသိပ်မပါဘဲ ကလေး အိပ်ပျော်အောင် ကြိုးစားပေးပါ။ ဖက်အိပ်လို့ရတဲ့ အရုပ်ပျော့ပျော့လေးတွေ၊ စောင်လေးတွေလိုမျိုးပေါ့။ ညဘက်အိပ်ချိန်မှာလည်း ခဏခဏသွားသွားပြီး မကြည့်ပါနဲ့။ ကလေးအိပ်ချင်မူးတူး၊ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်တဲ့အချိန်ကျတော့မှသာ ကလေးကို အိပ်ရာထဲ ထည့်ပေးပါ။
ကလေးကို အသက် ၆ လမတိုင်ခင်ကတည်းက နေ့နဲ့ညနဲ့ ကွဲအောင်သင်ပေးလို့ရပါတယ်။ နေ့ခင်းဘက်မှာ အိမ်ကို လင်းလင်းကျင်းကျင်းထား၊ ပုံမှန်အသံတိုင်းပြော၊ ဝမ်းသွားခိုင်း၊ ခဏခဏ ကျွေးကျွေးပေးပါ။ ညဘက်မှာဆိုရင်တော့ မှောင်မှောင်မှိုင်းမှိုင်းထား၊ တိုးတိုးတိတ်တိတ်နေပေးပါ။ ညဘက်အိပ်ခါနီးဆိုရင် ညမီးလေးထွန်းပေးပြီး white noise လို့ခေါ်တဲ့ လှိုင်းသံလိုမျိုး အသံလေးတွေ ဖွင့်ပေးတာ တချို့ကလေးတွေ ကြိုက်တတ်ကြပါတယ်။
ဒီလို အိပ်ချိန်လေ့ကျင့်ပေးတာက ကလေးရော၊ အမေတွေအတွက်ရော ကောင်းကောင်း အနားရစေပါတယ်။ ကလေးကိုအိပ်ပျော်စေဖို့ မိမိနဲ့ အဆင်ပြေရာနည်းလမ်းကို သုံးလို့ရပါတယ်။ တစ်မိသားစုလုံးကလည်း ကလေးအိပ်ချိန်ကို သေချာသိထားပြီး ပါဝင်လုပ်ဆောင်ပေးဖို့ လိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကလေး တစ်ညလုံးကောင်းကောင်း မအိပ်ရင်တောင် ဘာမှမဖြစ်ပါဘူး။ တစ်ညလုံးဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာကို ကိုယ့်ဟာကိုယ် ပြန်စဉ်းစားဖို့လိုတယ်။ နေ့နဲ့ညအချိန်စာရင်းကို သေချာချမှတ်ထားဖို့လည်း လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)