MMR-Vaccine အကြောင်းသိကောင်းစရာ
ဘာကြောင့် MMR Vaccine ထိုးသင့်တာလဲ
MMR Vaccine ဆိုတာပါးချိတ်ရောင်ရောဂါ (mumps)၊ ၀က်သက်ရောဂါ (measles)၊ ဂျိုက်သိုးရောဂါ (Rubella) သုံးမျိုးကိုကာကွယ်ပေးနိုင်တဲ့ သုံးမျိုးစပ်ကာကွယ်ဆေးကို အတိုကောက်ရေးထားတာဖြစ်ပါတယ်။ ဒီရောဂါ သုံးမျိုးစလုံးဟာကလေးငယ်များတွင် အဖြစ်များလေ့ရှိပြီး ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေရှိတာကြောင့် ကလေးငယ်တိုင်းကို MMR Vaccine ထိုးပေးသင့်ပါတယ်။
Mumps (ပါးချိတ်ရောင်ရောဂါ)
ရောဂါလက္ခဏာတွေအနေဖြင့်ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခံတွင်းပျက်ခြင်း၊ အကျိတ်ရောင်ခြင်းတို့ကိုခံစားရပါတယ်။ မြုံခြင်း၊ နားမကြားတော့ခြင်း၊ ဦးနှောက်အမြှေးပါးရောင် ရမ်းခြင်း၊ ေ၀ှးစေ့ (သို့) မျိုးဥအိမ်ရောင်ရမ်းနာကျင်ခြင်းစတဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။
Measles (၀က်သက်)
အဖျား၀င်ခြင်း၊ အနီစက်ထွက်ခြင်း၊ နှာစေးခြင်း၊ မျက်လုံးယားယံခြင်း၊ ချောင်းဆိုးခြင်းတို့ကိုရောဂါ လက္ခဏာအနေနဲ့တွေ့ရပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ နားအတွင်းပိုး၀င်ခြင်း၊ အဆုတ်ရောင် နမိုးနီးယားရောဂါဖြစ်ခြင်း၊ တက်ခြင်း၊ မျက်လုံးကွယ်ခြင်း၊ ပြင်းထန်စွာ၀မ်းပျက်၀မ်းလျောဖြစ်ခြင်း၊ ဦးနှောက်ပျက်စီးခြင်းတို့ဖြစ်ကာအသက် သေဆုံးသည်အထိ ပြင်းထန်နိုင်ပါတယ်။
Rubella (ဂျိုက်သိုး)
အနီစက်ထွက်ခြင်း၊ အရိုးအဆစ်ရောင်ရမ်းခြင်း၊ အဖျား၀င်ခြင်းတို့ကိုဖြစ်စေပါတယ်။ အမျိုးသမီးများ ကိုယ်၀န် ဆောင်ချိန်တွင် ၄င်းဗိုင်းရပ်စ်ပိုးကူးစက်ခံရပါက ကိုယ်၀န်ပျက်ကျခြင်း (သို့) မွေးဖွားလာသော ကလေးငယ်တွင် မွေးရာပါဦးနှောက်ချို့ယွင်းမှုများပါလာခြင်းတို့ဖြစ်နိုင်ပါတယ်။
ဗိုင်းရပ်စ်များသည် လေမှတဆင့်ကူးစက်နိုင်တာကြောင့် ရောဂါဖြစ်နေသူမှ အခြားသူများဆီသို့ အလွယ်တကူကူးစက်ပျံ့နှံ့သွားနိုင်ပါတယ်။ MMR Vaccine ကိုထိုးထားခြင်းဖြင့် ၎င်းရောဂါသုံးမျိုးလုံး မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။
ကလေးတိုင်း MMR Vaccine ထိုးသင့်ပါသလား
HIV/AIDS ဖြစ်နေသောကလေးငယ်များ၊ ကင်ဆာရောဂါရှိနေသော ကလေးငယ်များ၊ ဆေးမတည့်သော ကလေးငယ်များ၊ စတီးရွိုက်ပါ၀င်သော ဆေးများကိုသောက်သုံးနေသော ကလေးငယ်များမှလွဲ၍ ကလေးတိုင်းကာကွယ်ဆေးထိုးသင့်ပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် မိမိကိုယ်ကိုရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ကာကွယ်ဆေးမထိုးထားသောသူများဆီသို့ ရောဂါ မပျံ့နှံ့စေရန်လည်းကာကွယ်ပြီးသားဖြစ်စေပါတယ်။
MMR Vaccine ကိုဘယ်အချိန်မှာထိုးသင့်သလဲ
MMR Vaccine ကို 12 လနှင့် 18 လကြားတွင် တစ်ကြိမ် 4 နှစ်နှင့် 6 နှစ်ကြားတွင် တစ်ကြိမ်ထိုးသင့်ပါတယ်။ အသက် 1 နှစ်မှ 12 နှစ်ကြားရှိကလေးငယ်များအနေဖြင့် MMR Vaccine နှင့်အတူ ရေကျောက်ရောဂါကာကွယ်ဆေး (Chicken pox vaccine) ကို ထိုးနိုင်ပါတယ်။
MMR Vaccine က ဘယ်လောက်ထိရောက်မှုရှိလဲ
ပထမအကြိမ် ထိုးထားပါကရောဂါမဖြစ်အောင် 85% မှ 95% အထိ ကာကွယ်ပေးနိုင်ပြီး ဒုတိယအကြိမ်ထိုးပြီးချိန်တွင် ရောဂါဖြစ်ခြင်းမှ ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ပါတယ်။
Dr. Htet Htet Aung






























