/
news/ကလေးများနှင့်ကျန်းမာရေး/screen-time-ကို-စွဲလမ်းနေသော-သားသားမီးမီးလေးများကို-ဘယ်လိုကိုင်တွယ်မလဲ

Screen time ကို စွဲလမ်းနေသော သားသားမီးမီးလေးများကို ဘယ်လိုကိုင်တွယ်မလဲ

Category
ကလေးများနှင့်ကျန်းမာရေး

          ယနေ့ခေတ် မိဘတို့ရဲ့ စိုးရိမ်သောကများတွင် မိမိရင်သွေးငယ်များရဲ့ screen time ကို ကန့်သတ်ဖို့ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လေ့လာချက်များအရ ကလေးငယ်များအနေနဲ့ အသက် ၆ လကတည်းကပင် screen time ကို သဘောကျတတ်ကြပြီး ဆယ်ကျော်သက်အရွယ် ရောက်ပါက တစ်နေ့ ၇ နာရီခန့် screen timeကို အသုံးပြုကြပါတယ်။

 

>>    Screen ကိုအကြာကြီးကြည့်ပါက -

●        မျက်စိအားနည်းခြင်း

●        အမြင်ဝေဝါးခြင်း

●        မျက်စိခြောက်သွေ့ခြင်းစတဲ့ မျက်စိပြဿနာများစွာကို ဖြစ်ပေါ်စေမှာပါ။

 

>>    ဒါဆို မိဘတွေအနေနဲ့ ဘာတွေပြုလုပ်သင့်လဲ?

(၁)     Screen time ကို အစားထိုးပါ

●      ကလေးကို အိပ်ရေးဝဝ အိပ်ခိုင်းသင့်ပါတယ်။

          ကလေးငယ်ရဲ့အိ်ပ်ခန်းထဲတွင် TV နဲ့ အခြားသော အီလက်ထရောနစ်ပစ္စည်းများကို မထားဖို့ အမေရိကန်နိုင်ငံရှိ ကလေးအထူးကုဆရာဝန်များက အကြံပြုထားပါတယ်။ ထို့ပြင် အိပ်ခါနီး ၁ နာရီအတွင်း ဖုန်းနဲ့ TV ပြခြင်းကိုလည်း တားမြစ်ထားပါသေးတယ်။

 

●      ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။

          အမေရိကန်နိုင်ငံရှိ ကလေးအထူးကုဆရာဝန်များရဲ့ အကြံပြုချက်အရ အသက် ၆ နှစ်အထက် ကလေးများအနေဖြင့် တစ်နေ့ကို မိနစ် ၆ဝ ခန့် ကိုယ်လက်လှုပ်ရှား ကစားသင့်တယ်လို့ ဆိုပါတယ်။

 

(၂)     20/20/20 နည်းကို အသုံးပြုပါ။

          Screen ကိုကြည့်နေရင်း ၂ဝ မိနစ်ပြည့်တိုင်းတွင် ပေ ၂ဝ အကွာအဝေးကို စက္ကန့် ၂ဝ ငေးကြည့်ခြင်းကို ၂၀/၂၀/၂၀ နည်းလို့ သတ်မှတ်ပါတယ်။ ထိုနည်းလမ်းက သင့်ကလေးငယ် screen ကြည့်ချိန် ၁ နာရီတွင် ဆယ်မိနစ်ခန့် မျက်စိအနားရစေဖို့ ကူညီမှာ ဖြစ်ပါတယ်။

 

(၃)     မျက်စိမှိတ်ခိုင်းပါ

          Screen ကြည့်ခြင်းဖြင့် မျက်တောင်ခတ်နှုန်းကို ထက်ဝက်လျော့ကျစေတယ်လို့ အင်္ဂလန်ရှိ ပညာရှင်များ သတ်မှတ်ထားပါတယ်။ မျက်တောင်ခတ်ခြင်းဖြင့် မျက်စိကို အစိုဓာတ်ရစေတဲ့အတွက် မျက်တောင်ခတ်ဖို့ မမေ့သင့်ပါဘူး။ မျက်စိအစိုဓာတ်ရစေဖို့ မျက်စဉ်းခတ်ဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။

 

(၄)     Screen ကို နေရာမှန်မှန်ထားဖို့ အရေးကြီးပါတယ်

          သင့်ကလေးငယ်ရဲ့ ဖုန်း သို့မဟုတ် ကွန်ပျူတာမျက်နှာပြင်ဟာ မျက်စိရဲ့အောက်ဘက်နေရာတွင်သာ ရှိသင့်ပါတယ်။ ဒီနေရာမှာတော့ 1/2/10 နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ဖုန်းဆိုရင် မျက်စိနဲ့ ၁ ပေအကွာ၊ ကွန်ပျူတာမျက်နှာပြင်ဆို ၂ ပေအကွာ၊ တီဗီကိုတော့ ၁ဝ ပေ အကွာတွင် ထားသင့်ပါတယ်။

 

(၅)     အလင်းရောင်ကိုချိန်ဆပါ

          Screen ကြည့်နေစဉ် ထားရှိရမယ့် အခန်းတွင်း အလင်းရောင်ဟာ စာရေးနေစဉ်ထားရှိရမယ့် အလင်းရောင်ရဲ့ တဝက်သာရှိရမယ်လို့ ကမ်ဘာ့မျက်စိဆရာဝန်များက အတည်ပြုထားပါတယ်။ ထို့ပြင် screen အလင်းရောင်ကို လျှော့ချထားခြင်းဖြင့်လည်း မျက်စိအားနည်းခြင်းကို အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။

 

(၆)     မျက်စိကို ပုံမှန်စစ်ဆေးပါ

          သင့်ကလေးငယ်ကို မျက်စိဆရာဝန်နှင့် ပြသပြီး ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ပေးဖို့လည်း အရေးကြီးပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)