/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကလေးနို့မတိုက်တဲ့မိခင်တွေ-နို့တင်းတာသက်သာစေဖို့-နည်းလမ်းများ

ကလေးနို့မတိုက်တဲ့မိခင်တွေ နို့တင်းတာသက်သာစေဖို့ နည်းလမ်းများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

မိခင်နို့ချိုဆိုတာ မွေးကင်းစလေးတွေအတွက် အကောင်းဆုံးနဲ့ အဆင်အပြေဆုံး သဘာဝအာဟာရဓာတ်ပါ။ ဒါပေမဲ့ မေမေတိုင်းကတော့ ကလေးနို့တိုက်ဖို့ အဆင်ပြေမှာတော့ မဟုတ်ဘူးပေါ့။ ဒီလို ကလေးနို့မတိုက်တဲ့မေမေတို့အတွက် နို့တင်းတာ၊ နို့ရည်တွေ စိမ့်ထွက်နေတာမျိုး မဖြစ်ရလေအောင် နည်းလမ်းလေးတွေကို ပြောပြပေးပါမယ်။

 >> ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးပြီးချိန်မှာ မေမေတို့ရဲ့ရင်သားတွေ ဘယ်လိုပြောင်းလဲလာသလဲ?

ကိုယ်ဝန်ဆောင်နေစဉ်မှာ လောကကြီးထဲဝင်လာမယ့် ကလေးလေးအတွက် ပြင်ဆင်တဲ့အနေနဲ့ ဟော်မုန်းတွေ ပြောင်းလဲထုတ်လုပ်ပါတယ်။ ဒီထဲက ဟော်မုန်းတစ်မျိုးကတော့ နို့ကိုထုတ်လုပ်ပေးတဲ့ ပရိုလက်တင် Prolactin ဟော်မုန်းပါ။

ကလေးမွေးပြီး နောက်ရက်အတော်ကြာတဲ့အထိ ကလေးနို့မတိုက်ဘူးဆိုရင် နောက်ပိုင်းနို့ထွက်တာ ရပ်သွားပါလိမ့်မယ်။ ဒါပေမဲ့

● ရင်သားကြီးတင်းပြီး နာနေတာမျိုး ဖြစ်တတ်ပါတယ်။ နို့တင်းတယ်လို့ ခေါ်တာပေါ့။ ရက်ပိုင်း အတွင်းမှာ သက်သာသွားမှာပါ။

● ကလေးမွေးပြီး ရက်သတ္တပတ် အတော်ကြာအထိ နို့ရည်တွေ စိမ့်ထွက်နေတတ်ပါတယ်။

 >> ဒီလိုကလေးမွေးပြီးချိန် အပြောင်းအလဲတွေဖြစ်တဲ့အခါ သက်သောင့်သက်သာရှိစေဖို့ -

● သက်သောင့်သက်သာရှိတဲ့ ဘရာအတွင်းခံကို ဝတ်ဆင်ပေးပါ။ ဘရာဝတ်ပြီး အိပ်ပါ။

●နိုးနေချိန်မှာ ရေခဲအိတ်တို့၊ အအေးဂျယ်လ်ထုတ်တို့ပဲဖြစ်ဖြစ်၊ ရေခဲရိုက်အသီးအရွက်တွေကို အဝတ်နဲ့ထုတ်ပြီးတော့ပဲဖြစ်ဖြစ် ၁ နာရီ၊ ၂ နာရီခြား တစ်ခါလောက် ၁၀ မိနစ်၊ ၁၅ မိနစ်လောက်စီ ကပ်ပေးပါ။

● တဘက်နဲ့ပဲဖြစ်ဖြစ်၊ ကျုံ့နိုင်ဆန့်နိုင်တဲ့ ပတ်တီးနဲ့ပဲဖြစ်ဖြစ် ရင်သားကို စည်းထားပေးပါ။

● နို့စုပ်ထုတ်တာ၊ ရင်သားကိုနှိပ်နယ်တာ၊ နို့သီးခေါင်းကိုပွတ်တာမျိုး မလုပ်ပါနဲ့။ ဒီလို ရင်သားကို လှုံ့ဆော်ပေး၊ နို့ထုတ်ပေးနေရင် နို့ဆက်ထွက်နေဦးမှာပါပဲ။

အကိုက်အခဲပျောက်ဆေးတွေကလည်း နာတာ၊ ကျင်တာကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ ဘယ် ဆေးမဆို မသောက်ခင် ဆရာဝန်နဲ့ သင့်တော်၏၊ မတော်၏ တိုင်ပင်ပြီးမှ သောက်ပါ။

တချို့ဆရာဝန်တွေက ရင်သားတွေ တင်းခဲနေပြီဆိုရင် ရေခဲရိုက်ဂေါ်ဖီရွက်တွေ ကပ်ခိုင်းလေ့ရှိပါ တယ်။ အမျိုးသမီးအများစုကလည်း ဒီနည်းက သက်သာစေနိုင်တယ်လို့ ဆိုကြပါတယ်။

● ဂေါ်ဖီရွက်အေးအေးလေးကို သေချာဆေး၊ အခြောက်သုတ်ပြီးနောက် တင်းနေတဲ့ရင်သားမှာ ကပ် ပေးပါ။ ဘရာအောက်မှာခံပေးနိုင်သလို တဘက်အေးအေးလေးနဲ့ ကပ်ထားပေးလို့လည်း ရပါတယ်။ နို့သီးခေါင်း မစိုစေချင်ရင် အပေါက်ကလေး ဖောက်ထားလို့ရပါတယ်။

● မိနစ် ၂၀၊ ၃၀ လောက် ဒါမှမဟုတ် အရွက်တွေ ခြောက်နွမ်းသွားတဲ့အထိ ထားနိုင်ပါတယ်။ နို့လုံးလုံး ခန်းသွားသည်အထိ တစ်နေ့လုံး အကြိမ်ကြိမ်နဲ့ ရက်ပေါင်း အတော်ကြာကြာ ကပ်ပေးသင့်ပါတယ် နော်။

အရင်တုန်းကတော့ နို့ခန်းဆေးဆိုပြီး ဆေးပေးလေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ မပေးတော့တာများပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)