/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကလေးမွေးခါနီးမေမေတို့-စိတ်ချမ်းသာမှုရှိဖို့က-အရေးကြီးပါတယ်

ကလေးမွေးခါနီးမေမေတို့ စိတ်ချမ်းသာမှုရှိဖို့က အရေးကြီးပါတယ်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ဒီတစ်ခါမှာတော့ မကြာခင်ကာလမှာ မေမေဖြစ်တော့မယ့်သူတွေအတွက် ရည်ရွယ်ပြီးတော့ ဆောင်းပါးလေးတစ်ပုဒ် ရေးချင်ပါတယ်။
မေမေတို့ရေ … ကိုယ်ဝန်ဆောင်ရတာ မလွယ်ဘူးမလား။ ကလေးလေးကို ဗိုက်ထဲထည့်ပြီး သယ်ထားရလို့ ပင်ပန်းနေမှာပေါ့။ ဒီအချိန်မှာ ခန္ဓာကိုယ်ကျန်းမာရေးက အရေးကြီးသလို စိတ်ကျန်းမာရေးကိုလည်း ဦးစားပေးဖို့လည်း မမေ့ကြနဲ့နော်။
ကလေးကို ဘယ်လိုမွေးသင့်သလဲ၊ မွေးပြီးရင် ကလေးကို ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ စတဲ့ အတွေးပေါင်းစုံတွေကြောင့် မွေးခါနီးလေ စိုးရိမ်ပူပန်မှုများလေပါပဲ မေမေတို့ရေ။
ဒီလိုစိုးရိမ်မှုတွေ များလာခဲ့မယ်ဆိုရင်တော့ စိတ်ဓာတ်ကျရောဂါခံစားရဖို့ ဖြစ်နိုင်ခြေ များနေပါပြီနော်။ မွေးပြီးချိန်နဲ့ ကိုယ်ဝန်ဆောင်စဉ်ကာလတွေမှာ စိတ်ကျရောဂါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မွေးခါနီးမေမေတို့အတွက် စိတ်ကျန်းမာရေးကောင်းမွန်ဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ ဒီလိုစိတ်ကျရောဂါမဖြစ်ရအောင် မိမိတို့ရဲ့စိတ်ကျန်းမာရေးကောင်းမွန်စေဖို့ ဘာတွေလုပ်သင့်သလဲဆိုတာ အောက်မှာတစ်ချက်လောက် ကြည့်လိုက်ကြရအောင်။

Obimin 1

>>  မိမိကိုယ်ကို လေ့လာပြီး နားလည်တက်ကျွမ်းသူတွေဆီက အကူအညီယူပါ။
ကိုယ်ဝန်ဆောင်တယ်ဆိုတာ မိမိတို့ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားတာနဲ့တူပါတယ်။ အမျိုးသမီးတစ်ဦးဟာ ကလေးယူဖို့ မဆုံးဖြတ်ခင်မှာ မိခင်ဘဝကို လက်ခံနိုင်ဖို့အတွက် စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိလာခဲ့မယ်ဆိုရင်တော့ ဒီလိုကြိုတင်ပြင်ဆင်ချိန်မရခဲ့တဲ့အတွက် စိုးရိမ်မှုများတတ်ပါတယ်။
ဒီလိုအချိန်မှာ ကိုယ်ဟာ အရင်ကတည်းက စိတ်ဓာတ်ကျတတ်သလား၊ မိသားစုဝင်ထဲမှာရော စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့သူ ရှိသလားဆိုတာ တစ်ချက်ပြန်ဆန်းစစ်ကြည့်ပါ။ ဒီလိုအခြေအနေတွေ ရှိခဲ့ရင်တော့ စိတ်ဓာတ်ကျရောဂါဖြစ်နိုင်ခြေ အရမ်းများနေပါပြီ။ ဒီကိုယ်ဝန်နဲ့ ပတ်သက်ပြီး ဘာတွေစိုးရိမ်ပူပန်နေလဲဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပြီးတော့ အကြံဉာဏ်တောင်းခံခြင်းဟာ မိမိစိတ်ပူနေတာတွေကို လျှော့ချပေးနိုင်ပါလိမ့်မယ်။

>>  စကားများများပြောပါ။
မိမိရဲ့အမျိုးသား၊ မိသားစုဝင်များ၊ သူငယ်ချင်းများနဲ့ စကားများများပြောပါ။ ဒီကိုယ်ဝန်နဲ့ပတ်သက်ပြီး စိတ်ပူရတဲ့အကြောင်းတွေ ပြောပြပြီးတော့ သူတို့နှစ်သိမ့်ပေးတာခံယူခြင်းဟာလည်း  စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အထောက်အကူအများကြီး ရနိုင်ပါတယ်နော်။
တခြားမေမေတို့နဲ့ စကားဝိုင်းလေး ဖန်တီးပြီးတော့ သူတို့ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်တုန်းက အတွေ့အကြုံတွေကို မေးကြည့်ပါ။ သူတို့ကိုယ်ဝန်ဆောင်တုန်းကလည်း စိုးရိမ်မှုတွေရှိခဲ့မှာပဲလေ။ ဒါတွေကို သူတို့ ဘယ်လိုဖြတ်ကျော်ခဲ့သလဲဆိုတာ သိထားတော့ ကိုယ်အလှည့်ရောက်တဲ့အခါ မခက်ခဲတော့ဘူးပေါ့။
သားဖွားနှင့်မီးယပ်ရောဂါအထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်တို့နဲ့လည်း  တိုင်ပင်ဆွေးနွေးပါ။ ကလေးမွေးတဲ့အခါ ကိုယ့်ကိုကူညီပေးနိုင်တဲ့သူတွေ ရှိနေတာပဲလို့ သိထားခြင်းဟာ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးပါလိမ့်မယ်။

Obimin 2

>>  ကိုယ့်ကိုယ်ကို အချိန်ပေးပါ။
အမျိုးသမီးအများစုဟာ ကလေးမွေးပြီဆိုတာနဲ့ ကလေးအတွက် အကောင်းဆုံးမေမေဖြစ်ဖို့ကိုပဲ စိတ်အားထက်သန်နေတတ်ကြတယ်။ ဒါကြောင့် ကိုယ်ပိုင်အချိန်တွေအားလုံးကို ကလေးဆီမှာပဲ ပုံအောထားလေ့ရှိတယ်။ ဒီနေရာမှာ မမေ့သင့်တာတစ်ခုက အကောင်းဆုံးမေမေဖြစ်ဖို့ဆိုရင် ကလေးကိုသာမက မိမိကိုယ်ကိုအတွက်ပါ အချိန်ပေးဖို့ လိုတယ်နော်။
မေမေတို့နှစ်သက်တဲ့ စာအုပ်တွေဖတ်ပါ။ ရုပ်ရှင်တွေကြည့်ပါ။ အိပ်ရေးဝဝအိပ်ပါ။ မေမေတို့စိတ်ကြည်လင်နေမှ ကလေးကိုလည်း ကောင်းကောင်းဂရုစိုက်နိုင်မှာပေါ့။ ဒါကြောင့် ကိုယ့်ကိုယ်ကို အချိန်ပေးခြင်းဟာ မိမိစိတ်ကျန်းမာရေးအတွက်သာမက ကလေးကို ပြုစုစောင့်ရှောက်တဲ့နေရာမှာလည်း အထောက်အကူ ဖြစ်နိုင်ပါတယ်နော်။

>>  နားလို့ရတဲ့အချိန်မှာ အနားယူပါ။
မီးဖွားဖို့တစ်လ၊ နှစ်လလောက်အလိုမှာဆိုရင် မေမေတို့ရဲ့စိုးရိမ်မှုတွေဟာ အထွတ်အထိပ် ရောက်နေတတ်ပါတယ်။ ကလေးအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ကြိုတင်စုဆောင်းပြီး အလုပ်ရှုပ်နေတတ်ကြတယ်။ ဒါတွေဟာ ကလေးမွေးပြီးမှ အေးအေးဆေးဆေး လုပ်လို့ရပါတယ်။
ကလေးမွေးပြီးသွားရင် အခုချိန်ထက် ပိုပင်ပန်းလာတော့မှာပါ။ ဒါကြောင့် ကလေးလေးမမွေးခင် နားလို့ရတုန်းလေး အနားယူထားပါ။ နောက်မှီပါတဲ့ကုလားထိုင်မှာထိုင်၊ ခြေထောက်ကို ခုံတစ်လုံးပေါ်တင်ပြီး ဇာတ်ကားအသစ်တွေကို တဝကြီး ကြည့်ပစ်လိုက်ပါ။

>>  အရာအားလုံးဟာ ကြိုတင်ပြင်ဆင်ထားသလို ဖြစ်မလာနိုင်ဘူးဆိုတာကို သဘောပေါက်နားလည်ထားပါ။
မွေးချိန်နီးလာတာနဲ့အမျှ မေမေတို့ဟာ မွေးမယ့်နည်းလမ်း၊ ကလေးကို ကျွေးမယ့်အစားအသောက်ပုံစံ၊ ကလေးကို ပြုစုစောင့်ရှောက်မှုပုံစံတွေနဲ့ ပတ်သက်ပြီး  ကြိုတင်ပြင်ဆင်ထားတတ်ကြပါတယ်။ ဒါဟာကောင်းတဲ့အချက်ပါ။ ဒါပေမဲ့ အမြဲတမ်း ကိုယ်ကြိုတင်ပြင်ဆင်ထားသလို ဖြစ်မလာဘူးဆိုတာကို သဘောပေါက်ပေးပါ။
ဥပမာ - ကိုယ်က ရိုးရိုးမွေးချင်ပေမယ့် အကြောင်းကြောင်းကြောင့် ခွဲမွေးလိုက်ရတာမျိုးပေါ့။ ဖြစ်မလာတဲ့အရာတွေကိုတွေးပြီး စိတ်ညစ်နေမယ်ဆိုရင် တဖြည်းဖြည်း စိတ်ဓာတ်ကျလာပါလိမ့်မယ်။ ဒါကြောင့် ဒီလိုမျိုးတွေဖြစ်လာခဲ့ရင် လက်ရှိအခြေအနေကို လက်ခံပေးပါ။ နောင်လည်း ဒီလိုတွေ ဖြစ်နိုင်သေးတာပဲလို့တွေးပြီး စိတ်ကိုကြိုတင်ပြင်ဆင်ထားပါ။

အပေါ်မှာ ပြောခဲ့တဲ့နည်းလမ်းတွေကို သေချာလိုက်နာမယ်ဆိုရင် စိတ်ကျရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ်မှာရော မွေးပြီးချိန်မှာပါ မိမိတို့ရဲ့စိတ်ကျန်းမာရေး ကောင်းမွန်အောင် ဂရုစိုက်ပေးဖို့ မမေ့ကြပါနဲ့နော်။ မေမေတို့အားလုံး ချစ်ဖို့ကောင်းတဲ့ သားသားမီးမီးလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။

Dr. Aye Hsu Mon (www.drmyanmar.com)