ကလေးမွေးပြီးချိန်မှာ ကြုံတွေ့ရတတ်တဲ့ ကျန်းမာရေးပြဿနာတွေ
ကလေးမွေးတာက ခက်ခဲပြီးတော့ အန္တရာယ်တွေ ကြုံရနိုင်တယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ ဒါပေမဲ့လည်း အများစုက ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးချိန်ကိုပဲ အာရုံစိုက်ကြပြီးတော့ ကလေးမွေးပြီးချိန်မှာဖြစ်တတ်တဲ့ ပြဿနာတွေကို မေ့နေတတ်ကြပါတယ်။ တကယ်တော့ ကလေးမွေးပြီးချိန်ကလည်း မိခင်မှာ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ချေ၊ နောက်ကိုယ်ဝန်အတွက် ကျန်းမာရေးနဲ့ ကလေးကျန်းမာဖို့အတွက် အရေးကြီးပါတယ်။ ဒီတော့ ကလေးမွေးပြီးချိန်မှာ ဘာကျန်းမာရေးပြသနာတွေ ဖြစ်တတ်လဲဆိုတာကို သိထားသင့်ပါတယ်။
လေ့လာမှုတစ်ခုမှာ အမေရိကန်နိုင်ငံက အသက် ၁၈-၄၅ နှစ်ကြား ကလေးမွေးတဲ့ မိခင်ပေါင်း ၂၀၀၀ ကျော်ကို လေ့လာတွေ့ရှိခဲ့တဲ့အချက်တွေကို ပြောပြချင်ပါတယ်။
1. ကလေးမွေးပြီးနောက် နာကျင်မှုတွေ ခံစားရတာကတော့ အဖြစ်များပါတယ်။ အများစုက ကလေးမွေးပြီး နာကျင်မှုခံစားရပြီးတော့ တစ်ဝက်လောက်က နာတာကြောင့် ပုံမှန်အလုပ်တွေတောင်မှ မလုပ်နိုင်ဖြစ်ရတယ်လို့ ဆိုပါတယ်။
2. စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှုနဲ့ အိပ်ရေးပျက်တာတွေကတော့ ပုံမှန်ပါပဲ။ 50% ကျော်လောက်က ဒါတွေကို ခံစားရပါတယ်။
3. ရောဂါပိုးတွေ ဝင်နိုင်တယ်။
4. စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမှာ အပြောင်းအလဲတွေ ရှိတတ်ပါတယ်။
5. အာဟာရ၊ လေ့ကျင့်ခန်းနဲ့ ကျန်းမာရေးတွေက သားဦးမိခင်တွေအတွက် အခက်အခဲတစ်ခုလို ဖြစ်နေပါတယ်။ လေ့လာမှုအရ ကလေးမွေးပြီး ၂ ပတ်မှာ အဓိကကြုံရတဲ့ပြဿနာက လေ့ကျင့်ခန်းလုပ်ဖို့ပါ။
>> ကလေးမွေးပြီးနောက် မိခင်သေဆုံးခြင်း
ကလေးမွေးပြီးနောက်မှာ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်းနဲ့ အခြားပြသနာတွေကြောင့် မိခင်သေဆုံးမှုတွေ ဖြစ်စေပါတယ်။ ကလေးမွေးပြီးနောက် မိခင်သေနှုန်းများစေတဲ့ အဓိကအကြောင်းအရင်းတွေကတော့ -
● သွေးသွန်ခြင်း - ကလေးမွေးပြီး ၂ ပတ်လောက်အထိ ဖြစ်နိုင်ပြီးတော့ သွေးထွက်လွန်တာကို အချိန်မီမကုနိုင်လို့ သေဆုံးနိုင်ပါတယ်။
● ရောဂါပိုးဝင်ခြင်း - အဝလွန်ခြင်း၊ ဆီးချို၊ တုပ်ကွေးနှင့် အခြားအရာတွေအပါအဝင် အကြောင်းအရင်း အတော်များများကြောင့် ရောဂါပိုးဝင်နိုင်ပါတယ်။ သွေးဆိပ်သင့်တဲ့အခါမှာ အသက်ဆုံးရှုံးနိုင်ပါတယ်။ ရောဂါပိုးဝင်ပြီဆိုရင် သေချာကုသဖို့ အရေးကြီးပါတယ်။
● နှလုံးရောဂါ - နှလုံးရောဂါရဲ့လက္ခဏာ အတော်များများက ကလေးမွေးပြီး ဖြစ်တတ်တဲ့လက္ခဏာတွေနဲ့တူနေတော့ သိဖို့ခက်တတ်ပါတယ်။
● စိတ်ပိုင်းဆိုင်ရာပြဿနာများ - ကလေးမွေးပြီး စိတ်ကျခြင်း၊ မူးယစ်ဆေးစွဲခြင်း၊ အိမ်ထောင်ဖက်က မတရားအနိုင်ကျင့်ခြင်း စတာတွေက ဖြေရှင်းရခက်တဲ့ပြဿနာတွေဖြစ်ပြီးတော့ တချို့မိခင်တွေမှာဆိုရင် ကိုယ့်ကိုယ်ကို သတ်သေတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေအတွက် အကူအညီတွေရယူဖို့ အရေးကြီးပါတယ်။
>> ကလေးမွေးပြီးနောက်မှာ ဒီလက္ခဏာတွေတွေ့ရပြီဆိုရင် ဆေးရုံ၊ ဆေးခန်းကို သွားပြပါ။
● ကိုယ်အပူချိန် 101°F နဲ့ ဆက်တိုက်ဖျားနေခြင်း
● အသက်ရှူရခက်ခဲခြင်း
● ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း
● ခေါင်းအရမ်းကိုက်ခြင်း
● ကလေးမွေးပြီး သွေးအရမ်းသွန်ခြင်း
● ကိုယ့်ကိုယ်ကို အန္တရာယ်ပြုချင်တဲ့အတွေးတွေဝင်ခြင်း
>> ကလေးမွေးပြီးချိန်မှာ ကျန်းမာစေဖို့နဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့
● ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးသောက်ပါ။ တုပ်ကွေးကာကွယ်ဆေး ကြိုထိုးထားပါ။
● ကိုယ်ဝန်မဆောင်ခင်မှာ ဆရာဝန်နဲ့တွေပြီး့တော့ ကိုယ့်ရဲ့ကျန်းမာရေးပြဿနာတွေကို သေချာပြောပြ ဆွေးနွေးပြီးတော့ ကိုယ်ဝန်ယူဖို့အတွက် အစီအစဉ်ချထားပါ။
● ကလေးမွေးပြီးလို့ အိမ်ပြန်လာပြိးမှ ဆေးရုံတက်ဖို့ အခြေအနေတစ်ခုခုကြုံလာရင် တတ်နိုင်သမျှ ကိုယ်တက်တဲ့ဆေးရုံကို ပြန်တက်ပါ။ မဖြစ်နိုင်ရင်လည်း ကိုယ့်ရဲ့ဆေးရုံတက်ထားတဲ့ စာရွက်စာတမ်းတွေ အကုန်ယူသွားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























