/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကလေးမွေးပြီးတဲ့အခါ-နဂိုရှိတဲ့ကိုယ်အလေးချိန်-ပြန်ရောက်အောင်

ကလေးမွေးပြီးတဲ့အခါ နဂိုရှိတဲ့ကိုယ်အလေးချိန် ပြန်ရောက်အောင် ဘယ်လိုလုပ်ကြမလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

အမျိုးသမီးအများစုဟာ ကလေးမွေးပြီး ခြောက်ပတ်လောက်ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ တက်လာတဲ့အလေးချိန်ရဲ့ တစ်ဝက်လောက် ကျသွားတတ်ပေမယ့် တချို့ကတော့ လပေါင်းများစွာ ကြာနိုင်ပါတယ်။  ဒါကြောင့် ဝိတ်ကျဖို့အတွက် စိတ်မလောကြဖို့ လိုအပ်ပါတယ်။ ကလေးမွေးပြီးတဲ့အခါ မေမေတို့အတွက် နလန်ထချိန်ဆိုတာ လိုအပ်ပါသေးတယ်။ အကယ်၍ မေမေတို့က ကလေးမွေးပြီးတာနဲ့ ဝိတ်တန်းချမယ်ဆို နလန်ထချိန်ဟာလည်း ပိုပြီးကြာသွားပါလိမ့်မယ်။

ဒါကြောင့် ကလေးမွေးပြီးတဲ့အခါ ဝိတ်ချဖို့ဆိုရင် အနည်းဆုံးတော့ ခြောက်ပတ်လောက် စောင့်ပေးသင့်ပါတယ်။ နို့တိုက်မိခင်ဆိုရင်တော့ ကလေး အသက် (၂) လလောက် ရောက်ပြီး နို့ထွက်နှုန်းကလည်း ပုံမှန်ပဲဆိုမှ ဝိတ်ချပေးသင့်ပါတယ်။ ချတဲ့အခါမှာလည်း တစ်ပတ်ကို တစ်ပေါင်ခွဲနှုန်းနဲ့ ဖြည်းဖြည်းချင်းပဲ ချပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နို့တိုက်မိခင်တွေအနေနဲ့ မြန်မြန်ဝိတ်ချတဲ့အခါ နို့အထွက်နည်းသွားနိုင်လို့ပါ။

Obimin 2022 IA 1

ဒါကြောင့် မီးဖွားပြီးမိခင်တွေ ကိုယ်အလေးချိန်ကျဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ဒီအချက်တွေကို မှတ်ထားပေးပါနော်။

●  ဝိတ်ချတဲ့အခါ စိတ်မလောပါနဲ့။ တစ်ပတ်ကို တစ်ပေါင်ခွဲနှုန်းနဲ့ အချိန်ယူပြီး ချပေးတာက အသင့်တော်ဆုံးပါပဲ။
●  နို့တိုက်တာဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေတာကြောင့် နို့တိုက်တဲ့မိခင်တွေက ဝိတ်ကျဖို့အတွက် ပိုပြီးအားသာပါတယ်။
●  ဝိတ်ချတဲ့အခါ နဂိုကိုယ်ဝန်မဆောင်ခင်က ရှိခဲ့တဲ့ပုံစံအတိုင်းတော့ အတိအကျ ပြန်ရချင်မှရပါလိမ့်မယ်။ ဗိုက်သားကျစ်ကျစ်လျစ်လျစ်မရှိတာ၊ ခါးတုတ်တာ၊ တင်ကားတာမျိုး ကျန်နေခဲ့နိုင်လို့ ဒါနဲ့ပတ်သက်ပြီး အကောင်းမြင်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။

Obimin 2022 IA 2

ဒီအချက်တွေကို မှတ်ထားပြီးပြီဆိုရင်တော့ မေမေတို့ဝိတ်ချရာမှာ အထောက်အကူဖြစ်စေမယ့် နည်းလမ်းတချို့ကို ပြောပြပေးမယ်နော်။

●  မနက်စာ မစားတာ၊ ညစာ မစားတာလိုမျိုး အစာရှောင်တာတွေ မလုပ်ပါနဲ့။
●  ပမာဏနည်းနည်းကို တစ်နေ့ ငါးကြိမ်၊ ခြောက်ကြိမ်လောက် စားပေးပါ။
●  အမျှင်ဓာတ်နဲ့ အသားဓာတ်ကြွယ်ဝတာတွေ များများစားပေးပါ။
●  အစာကို ဖြည်းဖြည်းချင်း ညက်အောင်ဝါးစားပါ။
●  အစားအစာတွေကို ကြော်လှော်ပြီးစားမယ့်အစား ပြုတ်ပြီး၊ မီးကင်ပြီး စားပါ။
●  ရေများများသောက်ပါ။ သကြားပိုကဲတဲ့ အချိုရည်တွေကို ရှောင်ကြဉ်ပါ။
●  လိုအပ်တဲ့ကယ်လိုရီပမာဏအောက် လျှော့စားတာမျိုး မလုပ်ပါနဲ့။
●  လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

ကလေးမွေးပြီးတဲ့အခါ နဂိုရှိတဲ့ ကိုယ်အလေးချိန်ကို ပြန်ရောက်ချိန်ဟာ တစ်ယောက်နဲ့တစ်ယောက်တော့ တူမှာမဟုတ်ပါဘူး။ ပျမ်းမျှအားဖြင့် ၆-၁၂ လလောက် ကြာမြင့်တတ်လို့ သူများတွေ ခပ်မြန်မြန် ကိုယ်အလေးချိန်ကျသွားတိုင်း ကိုယ့်အနေနဲ့ အတင်းအကြပ်မလုပ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်အတိုင်းအတာနဲ့ကိုယ် ဖြည်းဖြည်းမှန်မှန်လေးသာ ချသွားပေးကြဖို့ မမေ့ပါနဲ့နော်။

Dr. Aye Hsu Mon (www.drmyanmar.com)