ကလေးမွေးပြီး သွေးဆင်းတာက ပုံမှန်ပဲလား
ဟုတ်ပါတယ်။ ကလေးမွေးပြီး သွေးဆင်းတဲ့အခါ မီးနေသည်မိခင်တို့မှာ စိတ်ပူတတ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ ပုံမှန်ပါ။ အမျိုးသမီးအားလုံးဟာ ကလေးမွေးပြီးရင် သွေးဆင်းတတ်ပါတယ်။
အချင်းကို သားအိမ်ကနေ ခွာလိုက်ရင် အဲ့နေရာမှာ ကျန်ခဲ့တဲ့သွေးကြောတွေကနေ သွေးထွက်ပါတယ်။ ဒါကြောင့် ရာသီသွေးပေါ်သလို သွေးဆင်းကြတာပါ။ ကလေးမွေးပြီးနောက် သွေးကြောတွေ ပြန်ပိတ်အောင် သားအိမ်က ဆက်ညှစ်ရပါတယ်။ ဒါ့အပြင် ကလေးမွေးတုန်း စုတ်ပြဲသွားတာ၊ မွေးလမ်းကြောင်း ချဲ့ထားတာမျိုးရှိရင်လည်း သွေးထွက်တတ်ပါသေးတယ်။
>> အဖြူဆင်းတာ
မိန်းမကိုယ်က သွေးအပြင် တခြားအရည်တွေလည်း ဆင်းတတ်ပါသေးတယ်။ သွေးနည်းနည်း၊ တစ်သျှူးတွေ၊ သားအိမ်က အကျိအချွဲတွေ ပါတာပေါ့။
ကလေးမွေးပြီး ရက်အနည်းငယ်ဆိုရင် သွေးနည်းနည်းပါတာမို့ နီရဲနေပြီး ရာသီသွေး ဆင်းတာနဲ့ တူပါတယ်။ နည်းနည်းစီ ဆင်းနေတာ၊ ဒါမှမဟုတ် တစ်ချက်တစ်ချက် ဆင်းတာမျိုးပေါ့။
နောက်ရက်ကြာလာရင် တဖြည်းဖြည်း နည်းလာပါတယ်။ အရောင်လည်း ဖျော့လာပါတယ်။ မွေးပြီး နှစ်ရက်၊ သုံးရက်ကြာရင် အရည်ကျဲလာပြီး ပန်းရောင်ဘက် ရောက်လာပါတယ်။ မွေးပြီး ၁၀ ရက်လောက် ကြာရင်တော့ အဖြူ ဒါမှမဟုတ် အဝါဖျော့ဖျော့ပဲ ဆင်းပါတော့တယ်။ သွေးဖြူဥတွေ၊ သားအိမ်က အကျိအချွဲတွေပဲ ပါ ပါတော့တယ်။
နည်းနည်းသွားရာကနေ ၂ ပတ်ကနေ ၄ ပတ်လောက်အတွင်း လုံးဝမဆင်းတော့ပါဘူး။ တချို့အမျိုးသမီးတွေကတော့ ကြားထဲမှာ နည်းနည်းဆီ ဆင်းတတ်ပါတယ်။
တားဆေးထိုးတာ ဒါမှမဟုတ် သောက်တာ လုပ်ရင်တော့ ၁ လ ဒါမှမဟုတ် အဲ့ထက်ကြာကြာ ဆင်းတတ်ပါတယ်။
အမျိုးသမီးသုံး ဂွမ်းထုတ်တွေ သုံးလို့ရပါတယ်။ ကပ်ခွာပဲ သုံးပေးပါ။ မိန်းမကိုယ်ထဲ ထည့်ရတဲ့ ဂွမ်းထုတ် (tampon) ကိုတော့ အနည်းဆုံး မွေးပြီး ၆ ပတ်လောက်အထိ မသုံးရပါဘူး။ သားအိမ်နဲ့ မိန်းမကိုယ်က ပြန်ပြီး ပြင်ဆင်နေတုန်းမှာ ပိုးဝင်သွားစေနိုင်လို့ပါ။
ဆီးသွားချင်စိတ် မရှိရင်တောင် ခဏခဏ သွားပေးပါ။ မွေးပြီး ရက်အနည်းငယ်အတွင်းမှာ ဆီးအိမ်က ဆီးနဲ့ ပြည့်နေရင်တောင် သိပ်ပြီးမသိဘဲ ဆီးသွားချင်စိတ်မရှိ ဖြစ်တတ်ပါတယ်။ ဆီးပိုးဝင်စေတတ်တဲ့အပြင် ဆီးအိမ်တင်းနေရင် သားအိမ် ကောင်းကောင်းမညှစ်နိုင် မတင်းနိုင် ဖြစ်တတ်ပါတယ်။
ကောင်းကောင်း အနားယူပါ။
>> သွေးဆင်း များ၊ မများကို ဘယ်လိုသိနိုင်မလဲ?
အရည်ဆင်းတာ အရောင်လျော့သွားပြီးတဲ့နောက် အနီရောင် ပြန်ဆင်းရင် အနားယူဖို့ လိုနေတာ ဖြစ်နိုင်ပါတယ်။ ကောင်းကောင်းအနားယူ၊ ကောင်းကောင်းစားပြီးနောက် ရက်အနည်းငယ် ဆက်ဆင်းနေရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
● ကလေးမွေးပြီး ၄ ရက်နောက်ပိုင်းမှာ နီရဲနေတဲ့ အရောင်အတိုင်း ဆင်းနေရင်
● အနံက အရမ်းဆိုးပြီး ချမ်းတုန်ဖျားရင် ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။
● သွေးဆင်းတာ အရမ်းများပြီး၊ သွေးခဲတွေ ဆင်းရင် သွေးထွက်လွန်တာဖြစ်နိုင်လို့ ချက်ချင်း ဆေးရုံ သွားရပါမယ်။
Dr. Htar (www.drmyanmar.com)






























