/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကလေးယူရန်-အစီအစဥ်ရှိသူတိုင်း-သိထားသင့်သော-အချက်များ

ကလေးယူရန် အစီအစဥ်ရှိသူတိုင်း သိထားသင့်သော အချက်များ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

1. ဖောလစ်အက်ဆစ်ကို နေ့စဉ်သောက်သုံးပါ

          ကျန်းမာသန်စွမ်တဲ့ ကလေးငယ်ကိုမွေးဖွားသန့်စင်လိုပါက ကိုယ်ဝန်မဆောင်မီ လများစွာအလိုကပင် ဖောလစ်အက်ဆစ် 400 မိုက်ခရိုဂရမ်ကို နေ့စဉ်သောက်သုံးသင့်ပါတယ်။ အကောင်းဆုံးကတော့ သန္ဓေဆောင်မယ်လို့ စိတ်ဆုံးဖြတ်ပြီးတာနဲ့မီ သောက်သုံးရန်လိုအပ်ပါတယ်။ အချို့ကိုယ်ဝန်ဆောင်မိခင်များတွင်မူ ဖောလစ်အက်ဆစ်နေ့စဉ်ပမာဏ 5 မီလီဂရမ်ထိလိုအပ်တတ်ပါတယ်။ ဒါကြောင့် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်၍ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးသင့် ပါတယ်။ ဖောလစ်အက်ဆစ်သောက်သုံးခြင်းဖြင့် မွေးလာတဲ့ ကလေးမှာ မွေးရာပါကျောရိုးကွဲရောဂါ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

 

2. ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း

          ကိုယ်ဝန်မဆောင်မီ လအနည်းငယ်အလိုမှစ၍ ဆရာဝန်နှင့်ပြသကာ အောက်ပါတို့နှင့်ပတ်သက်၍ အကြံဉာဏ်များရယူနိုင်ပါတယ်။

- ကာကွယ်ဆေးထိုးခြင်း၊ လိုအပ်သောစစ်ဆေးမှုများပြုလုပ်ခြင်း

- ဖောလစ်အက်ဆစ်နှင့် ဗီတာမင် D သောက်သုံးခြင်း

- မိမိတွင်ရှိနှင့်ပြီးသောရောဂါတို့ကို ထိန်းသိမ်းခြင်း

- ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သောက်သုံးသင့်သော၊ မသောက်သုံးသင့်သောဆေးဝါးများအကြောင်း မေးမြန်းခြင်း

 

3. သွားဆရာဝန်နှင့်ပြသခြင်း

          ကိုယ်ဝန်မဆောင်မီ သွားနှင့်သွားဖုံးများကို စစ်ဆေးခြင်းသည် မိမိအတွက်သာမက သန္ဓေသားလောင်းအတွက်ပါ အကျိုးရှိစေပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းသည် သွားဖုံးရောဂါဖြစ်ပွားနှုန်း ကိုမြင့်တက်နိုင်ခြင်းကြောင့် လမစေ့ဘဲ ကလေးမွေးဖွားမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်ခြင်းနဲ့ သွားပွတ်ကြိုးဖြင့်သန့်ရှင်းရေးပြုလုပ်ခြင်း အလေ့အထများကိုပုံမှန်လုပ်ဆောင်သင့်ပါတယ်။

 

4. ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း

          ပိန်လွန်းခြင်း (သို့) ဝလွန်းခြင်းသည် သန္ဓေတည်နိုင်ရန် ခက်ခဲစေရုံသာမက ကိုယ်အလေးချိန် များခြင်းကြောင့် ဆီးချို၊ သွေးတိုး စတဲ့ကျန်းမာရေးပြဿနာများကိုဖြစ်စေ၍ ကိုယ်ဝန်ဆောင်ကာလကို ကြာမြင့်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ဝန်ဆောင်ရန်ကြိုးစားနေပါက လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သင့်ပါတယ်။

 

5. အာဟာရသင့်တင့်မျှတအောင်စားသုံးခြင်း

          ကိုယ်ဝန်မဆောင်မီနဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အကောင်းဆုံးကတော့ အာဟာရ သင့်တင့်မျှတအောင် စားသုံးခြင်းပဲဖြစ်ပါတယ်။ အသားဓာတ်၊ သံဓာတ်၊ ကယ်လ်စီယမ်နဲ့ ဖောလစ် အက်ဆစ်ဓာတ်တွေအမြောက်အများလိုအပ်တာကြောင့် သစ်သီး၊ အစေ့အနှံ၊ ဟင်းသီးဟင်းရွက်၊ အစိမ်းရောင်အရွက်များ၊ ပဲအမျိုးမျိုးနဲ့ အဆီပါဝင်မှုနည်းတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို စားသုံးသင့်ပါတယ်။ အာဟာရဓာတ်မပါတဲ့ အကြော်အလှော်၊ ဘီစကစ်၊ ကိတ်မုန့်၊ အအေးနဲ့ တခြားသရေစာတွေ ကို ရှောင်ကြဉ်သင့်ပါတယ်။

 

6. ကဖိန်းဓာတ်ကိုလျှော့ချခြင်း

          ကိုယ်ဝန်ဆောင်စဉ်အတွင်း တစ်နေ့လျှင် ကော်ဖီခွက် 2 ခွက် (200 မီလီဂရမ်) ထက်ပို၍ မသောက်သုံးသင့်ကြောင်း အမျိုးသားကျန်းမာရေးအဖွဲ့ကြီးမှ အကြံပြုထားပါတယ်။ ဒါကြောင့် ကဖိန်းအစား အနံ့အရသာထည့်ထားတဲ့ နွားနို့ပူပူလေးတစ်ခွက်ကို အစားထိုးသောက်သုံးနိုင်ပါတယ်။

 

7. ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားခြင်း

          ဆေးလိပ်သောက်ခြင်းဖြင့် သန္ဓေတည်ခြင်းကိုခက်ခဲစေရုံသာမက ကိုယ်ဝန်ဆောင်စဉ် အတွင်း ဆေးလိပ်သောက်ပါက လမစေ့ဘဲ မွေးဖွားခြင်း၊ ပေါင်မပြည့်ခြင်းနဲ့ ကိုယ်ဝန်ပျက်ကျခြင်းတို့ဖြစ်စေနိုင် ပါတယ်။ ထို့ပြင် အကြောင်းအရင်းမသိဘဲ သန္ဓေသားလောင်းရုတ်တရက် သေဆုံးသောရောဂါဖြစ်ပွားမှုနှုန်း ကိုလည်း မြင့်တက်စေနိုင်ပါတယ်။

          ဖြစ်နိုင်လျှင် ခင်ပွန်းသည်ကိုလည်း ဆေးလိပ်ဖြတ်ရန်တိုက်တွန်းပါ။ အဘယ်ကြောင့် ဆိုသော် ဆေးလိပ်ငွေ့ရှုခြင်းဟာလည်း အန္တရာယ်များလှတာကြောင့်ဖြစ်ပါတယ်။

 

8. အရက်ဖြတ်ခြင်း

          ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်းသည် ကလေးငယ်ကိုမွေးရာပါ ချို့ယွင်းချက်တွေကိုဖြစ်စေ ရုံသာမက ဉာဏ်ရည်ချို့တဲ့မှုတို့ကိုပါ ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်း အရက်လုံးဝမသောက်သုံးသင့်ပါ။

 

Dr.Thinzar Wynn  (www.drmyanmar.com)