/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ကာလမှာ-ဝက်ခြံထွက်တဲ့အခါ

ကိုယ်ဝန်ဆောင်ကာလမှာ ဝက်ခြံထွက်တဲ့အခါ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

တချို့အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံတွေ အထွက်များလာတယ်ဆိုတာမျိုး ဖြစ်ဖူးကြမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်တာဆိုလို့ ထူးခြားတဲ့ဝက်ခြံမျိုး မဟုတ်ပါဘူး။ ထွက်နေကြဝက်ခြံတွေကိုမှ ဟော်မုန်းအပြောင်းအလဲကြောင့် အဆီထွက်တာ ပိုလာလို့ ဝက်ခြံပိုများများ ထွက်လာတဲ့သဘောပါ။

>>  ကိုယ့်ဘာသာ ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတော့ -
●  မျက်နှာသစ်ဆပ်ပြာ အပျော့စားနဲ့ သေချာ ဆေးကြောပေးပါ။ ဆပ်ပြာအပျော့စား၊ ရေနွေးကို အသုံးပြုပြီး တစ်နေ့နှစ်ကြိမ် လက်ကိုပဲ သုံးပြီး သစ်ပေးပါ။ Scrubs တိုက်တာတွေ၊ ပြင်းတာတွေ သုံးတာကလည်း အရေပြားကို ထိခိုက်စေလို့ ရှောင်ပေးပါ။ အလွန်အကျွံ မျက်နှာသစ်တာမျိုးလည်း မလုပ်ပါနဲ့။
●  ခေါင်း ပုံမှန်လျှော်ပါ။ ဆံစပ်တွေမှာ ဝက်ခြံပေါက်လေ့ရှိရင် ဆံပင်ကို နေ့တိုင်း လျှော်သင့်ပါတယ်။
●  ဝက်ခြံ ညှစ်တာမျိုး ရှောင်ပါ။ ဝက်ခြံတွေကို ကုတ်တာ၊ ညှစ်တာမျိုး လုပ်တာက အမာရွတ်ထင်တာ၊ ပိုးဝင်တာမျိုးတွေ ဖြစ်စေပါတယ်။
●  အသားအရေကို ထိခိုက်စေတဲ့ ပစ္စည်းမျိုးတွေ ရှောင်ပါ။ အဆီများတဲ့ အလှပြင်ပစ္စည်းတွေ၊ နေရောင်ကာ လိမ်းဆေးတွေ၊ ဆံပင်ပုံသွင်းတဲ့ပစ္စည်းတွေ၊ concealer တွေ သုံးတာမျိုး ရှောင်ပါ။ ရေပဲ အဓိကပါဝင်တဲ့ပစ္စည်းတွေ၊ ချွေးပေါက်ပိတ်စေတဲ့ ပါဝင်ပစ္စည်းမပါတာတွေပဲ အဓိကထားသုံးပါ။
●  မျက်နှာကို ထိတွေတဲ့ အရာတွေကို သတိထားပါ။ ဆံပင်နဲ့ မထိစေပါနဲ့။ ဆံပင်ကိုလည်း ပုံမှန်လျှော်ပါ။ လက်နဲ့ မျက်နှာကို မကိုင်ပါနဲ့။ ဦးထုပ်ဆောင်းတာ၊ ကျပ်တဲ့အဝတ်တွေကို ဝတ်တာမျိုး ရှောင်ပါ။ အထူးသဖြင့် ချွေးထွက်များတဲ့လူဆိုရင် ချွေးတွေ၊ အဆီတွေက ဝက်ခြံ ပိုထွက်စေပါတယ်။

ဝက်ခြံပျောက်ဆေးတွေလည်း သုံးလို့ရပေမယ့် ဒီဆေးတွေဟာ အရေပြားပေါ်မှာ လိမ်းလိုက်တာ ဖြစ်ဖြစ်၊ သောက်တာဖြစ်ဖြစ် စိမ့်ဝင်ပြီး သွေးထဲရောက်သွားတာကနေ ကလေးကိုပါ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။
ဝက်ခြံအတွက်လိမ်းတဲ့ ပိုးသတ်ဆေးတွေကတော့ အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ အပြင်မှာ ဝယ်သုံးနေကြတဲ့ benzyl peroxide ဆိုတဲ့ ဆေးမျိုးကတော့ သေချာလေ့လာမှုတွေ မလုပ်ရသေးတာမို့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးသင့်ပါတယ်။
ပါးစပ်က သောက်ရတဲ့ တချို့ဆေးတွေက ကလေးတွေရဲ့ဖွံ့ဖြိုးမှု၊ ခြေလက်အင်္ဂါဖွံ့ဖြိုးမှုတွေကို ထိခိုက်စေတာမျိုး တွေ့ရလို့ ကိုယ်ဝန်ဆောင်အချိန်သာမက ၆ လအတွင်း ကလေးယူဖို့ အစီအစဉ်ရှိရင် သောက်လို့မဖြစ်ပါဘူး။
အကောင်းဆုံးကတော့ ဆရာဝန်၊ အရေပြားအထူးကုတွေနဲ့ တိုင်ပင်ပြီး ကုသတာ ဖြစ်ပါတယ်။

Dr. Htar (www.drmyanmar.com)