ကိုယ်ဝန်ဆောင်ကာလမှာ သတိထားသင့်တဲ့ရောဂါများ
ကိုယ်ဝန်ဆောင်တိုင်းကတော့ မိခင်ရော ကလေးရောအတွက် သတိထားနေထိုင်ကြရပါတယ်။ ကိုယ်ဝန်ဆောင်ထဲမှာမှ အောက်ပါရောဂါရှိတဲ့လူတွေက ကိုယ်ဝန်ဆောင်ရင် သူများထက် အန္တရာယ်များတဲ့အတွက် ပိုမိုဂရုပြုစောင့်ရှောက်သင့်ပါတယ်။ ဒါပေမဲ့ ဒီရောဂါရှိတဲ့လူတိုင်း အန္တရာယ်များတာတော့ မဟုတ်ပါဘူး။
1. ဆီးချိုရောဂါ
ကိုယ်ဝန်မဆောင်ခင်တည်းက ဆီးချိုရောဂါရှိနေတဲ့လူတွေဆိုရင် ကိုယ်ဝန်မဆောင်ခင်ကတည်းက ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီးမှ ဆီးချိုရောဂါဖြစ်တာကတော့ များပါတယ်။ သားဖွားမီးယပ်ဆရာဝန်နဲ့သမားတော်က လိုအပ်သလို ကုသမှုပေးပါလိမ့်မယ်။
Obimin 1

2. ကိုယ်ဝန်ဆိပ်တက်တာ
ဒါကတော့ ကိုယ်ဝန်ဆောင်နေချိန် သွေးတိုးတာ၊ ခန္ဓာကိုယ်ဖောလာတာ၊ ဆီးထဲမှာ အသားဓာတ်တွေ ပါလာတာတို့ ဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေဆိုရင် အသည်းထိခိုက်တာအပြင် သွေးတိတ်စေတဲ့ ဓာတ်ပစ္စည်းနည်းလာတာတွေပါ ဖြစ်တတ်ပါတယ်။
သူ့အတွက် ပျောက်ကင်းအောင် ကုသနိုင်တဲ့နည်းလမ်းကတော့ ကလေးကို မွေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီရောဂါက ဆရာဝန်နဲ့ သေချာပုံမှန်ပြသပြီး အနီးကပ် စောင့်ကြည့်ဖို့လိုပါတယ်။
3. သွေးတိုးတာ
ကိုယ်ဝန်မဆောင်ခင်တည်းက သွေးတိုးရှိတယ်ဆိုရင် ကလေးရဲ့ကြီးထွားမှုကို သေချာစောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ သွေးတိုးရောဂါအတွက် တော်တော်များများ သောက်ရတဲ့ဆေးတွေကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ သောက်ဖို့ မသင့်တော်ပါဘူး။
4. အမြွှာကိုယ်ဝန်
အမြွှာကိုယ်ဝန်တွေဟာ ရိုးရိုးကိုယ်ဝန်ထက် နောက်ဆက်တွဲပြဿနာတွေ ပိုများပါတယ်။ ကိုယ်ဝန်ဆိပ်တက်တာမျိုး၊ လမစေ့ပဲမွေးတာမျိုးတွေ ပိုဖြစ်နိုင်ပါတယ်။ ကလေးက ပုံစံချို့ယွင်းတာ၊ ကောင်းကောင်းမကြီးထွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ USG ကို သေချာရိုက်ပြီး ဘယ်လိုမွေးမလဲ ဆိုတာကိုပါ သေချာတိုင်ပင်ဖို့လိုပါတယ်။
Obimin 2

5. လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါရှိရင်
ကိုယ်ဝန်မဆောင်ခင်တည်းကပဲဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်ထားတုန်းပဲဖြစ်ဖြစ် ရေယုန်လို၊ ကာလသားရောဂါမျိုးဖြစ်ခဲ့ရင် သေသေချာချာ ကုသရမယ့်အပြင် ကလေးကို ထိခိုက်တာမျိုး ရှိ၊ မရှိကိုလည်း သေချာစောင့်ကြည့်နေဖို့ လိုပါတယ်။ HIV ပိုးရှိတဲ့ အမျိုးသမီးဆိုလည်း ဆေး သေချာဆက်သောက်နေဖို့ လိုပါတယ်။
6. အဝလွန်တာ
ဝ,တဲ့ အမျိုးသမီးတွေဆိုရင် ဆီးချို၊ သွေးတိုးနဲ့ ကိုယ်ဝန်ဆိပ်တက်တာမျိုးတွေက ဖြစ်နိုင်ချေများပါတယ်။ ဒါပေမဲ့ ဒီဝတာက ပြောင်းလဲလို့ ရပါတယ်။ ကိုယ်ဝန်မဆောင်ခင် ကိုယ်အလေးချိန်ကို လျှော့ချထားဖို့ လိုအပ်ပါတယ်။
7. နောက်ကိုယ်ဝန်တွေရော အန္တရာယ်များလား
ရှေ့က ကိုယ်ဝန်က အန္တရာယ်ရှိခဲ့တယ်ဆိုပေမယ့် နောက်ကိုယ်ဝန်ဆောင်တိုင်း ဒီလိုပဲဖြစ်မယ်လို့ တထစ်ချမှတ်လို့ မရပါဘူး။
ဒါပေမဲ့ အရှေ့ကလေးက လမစေ့ဘဲ မွေးခဲ့တာရှိရင် နောက်တစ်ခါလည်း ဖြစ်နိုင်ချေများပါတယ်။ ဒီလိုမျိုး ဖြစ်ခဲ့ရင်လည်း ဆရာဝန်က သေချာစစ်ဆေး စောင့်ကြည့်ပေးပါလိမ့်မယ်။
Dr. Htar (www.drmyanmar.com)






























