ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်တတ်သော ဆီးချိုရောဂါ
ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါရှိတယ်ဆိုရင်တော့ ကလေးနဲ့မိခင်ရဲ့ကျန်းမာရေးအတွက် ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးဖွားပြီးအချိန်တွေမှာ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်။
အချင်းမှာရှိတဲ့ဟော်မုန်းတွေက ခန္ဓာကိုယ်တွင်းရှိအင်ဆူလင်ကိုတိုက်ခိုက်တဲ့အတွက် ကိုယ်ဝန်ဆောင် ချိန်မှာ ဆီးချိုရောဂါဖြစ်ရခြင်းဖြစ်ပါတယ်။ ဒီလိုလူတွေမှာ ခန္ဓာကိုယ်က အင်ဆူလင်လိုသလောက် မထောက်ပံ့ပေးနိုင်ပါဘူး။
ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုဖြစ်ရခြင်းက စောစောပေါ်ထွက်လာတဲ့ ရောဂါလက္ခဏာဖြစ်ပြီးတော့ အမျိုးအစား 2 ဆီးချိုရောဂါဆက်ပြီးမဖြစ်စေဖို့အတွက် အစားအသောက်၊ အနေအထိုင်ပြောင်းလဲမှုတွေပြုလုပ် ရပါမယ်။
ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါဖြစ်ရင် ဘာတွေဖြစ်လာမလဲ?
ကိုယ်ဝန်ဆောင်စဉ်ဆီးချိုရောဂါဖြစ်ရင် မိခင်နဲ့ကလေးအတွက်အောက်ပါပြဿနာတွေဖြစ်တတ်တဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်ဖို့ အရေးကြီးပါတယ်။
1. ပိုနေတဲ့ ဂလူးကို့စ်ဓာတ်တွေက မိခင်နဲ့ကလေးရဲ့သွေးတွင်းမှာ ရှိနေပါတယ်။ လိုအပ်တာထက် ပိုနေတဲ့သကြားတွေကို အဆီအနေနဲ့ သိုလှောင်ထားတတ်ပါတယ်။ ဖြစ်နိုင်တဲ့အခြေအနေတွေကတော့ ကလေးအလွန်အမင်းထွားခြင်းကြောင့် ခွဲပြီးမွေးဖို့ ရာခိုင်နှုန်းပိုများတဲ့အပြင် သနေ္ဓသားသေဆုံးမှုနဲ့ မွေးကင်းစကလေးသေဆုံးမှုဖြစ်နိုင်ချေ အနည်းငယ်ပိုများပါတယ်။
2. ဆီးချိုရှိတဲ့အမေက မွေးလိုက်တဲ့ကလေးကို မွေးပြီးနောက်မှာ သေချာစောင့်ကြပ်ကြည့်ရှုဖို့ လိုအပ်ပါတယ်။ မွေးဖွားပြီးနောက်ပိုင်း ကလေးခန္ဓာကိုယ်ထဲမှာ သွေးတွင်းသကြားဓာတ်နည်းသွားပြီး တက်ခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာတွေဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်က သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပမာဏမှာရှိအောင် ထိန်းသိမ်းထားနိုင်ပါတယ်။
အလေ့အကျင့်ကောင်းတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ ကလေးကိုကျန်းမာစေပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ သွေးတွင်းသကြားဓာတ်ကို ထိန်းထားနိုင်ဖို့အတွက် လုပ်နိုင်တဲ့အရာ 3 ခုရှိပါတယ်။
1. သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပါ။ မနက်အစာမစားမီနဲ့ အစာစားပြီး 2 နာရီအကြာတိုင်းမှာ သွေး စစ်ကြည့်ရပါမယ်။
2. ကာဗိုဟိုက်ဒရိတ် (ဆန်၊ ပေါင်မုန့်)၊ သကြား စားသုံးမှုကိုကန့်သတ်ထားပါ။
3. လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ ကိုယ်လက်လှုပ်ရှားခြင်းကြောင့် ခန္ဓာကိုယ်ကအင်ဆူလင်သုံးစွဲမှုကို ပိုမိုကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်ပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အင်ဆူလင်ဆေးထိုးဖို့ သင့်လျော်ပါသလား?
အစားအစာ၊ လေ့ကျင့်ခန်းတို့နဲ့ သွေးတွင်းသကြားဓာတ်ပမာဏကို မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ အင်ဆူလင်ကုထုံးကို အသုံးပြုရပါမယ်။ အင်ဆူလင်ထိုးဆေးက အပေါ်ယံပဲထိုးရပြီးတော့ တစ်နေ့လျှင် 1-4 ကြိမ်အထိထိုးရပါတယ်။ အင်ဆူလင်က အချင်းကိုမဖြတ်နို်င်တဲ့အတွက် ကလေးကိုမထိခိုက်စေပါဘူး။
သောက်ဆေးတွေက အချင်းကိုဖြတ်နိုင်တဲ့အတွက် ဒုတိယဦးစားပေးကုထုံးအနေနဲ့ပဲသုံးပါတယ်။ Glucophage ကဲ့သို့သော သကြားဓာတ်ကျစေတဲ့ဆေးတွေက ခန္ဓာကိုယ်မှအင်ဆူလင်ခုခံမှုကို လျော့နည်းစေပါတယ်။
ကလေးမွေးဖွားပြီးချိန်မှာကော ဆီးချိုရောဂါဆက်ရှိနိုင်ပါသလား?
ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရောဂါဖြစ်တဲ့အမျိုးသမီးအများစုကတော့ ကလေးမွေးဖွားပြီးချိန်မှာ ပုံမှန်အတိုင်းပြန်ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် အမျိုးအစား 2 ဆီးချိုရောဂါဆက်ရှိမရှိသိနိုင်ဖို့အတွက် မွေးပြီး 6-12 ပတ်မှာ ပြန်စစ်ကြည့်ဖို့လိုပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေအနက် 10% က အမျိုးအစား 2 ဆီးချိုရောဂါဖြစ် တတ်ပါတယ်။ ဒါကလည်း ကိုယ်ဝန်မရှိခင်ကတည်းက ဆီးချိုရောဂါဖြစ်နိုင်တဲ့အချက်တွေရှိနေပြီး ဒါကိုမသိသေးလို့ပဲဖြစ်ပါတယ်။
သုတေသနတွေအရ ကိုယ်ဝန်ဆောင်စဉ်ဆီးချိုရောဂါဖြစ်တဲ့အမျိုးသမီးတွေအနက် တစ်ဝက်လောက် က နောက် 10 နှစ် အတွင်းမှာ အမျိုးအစား 2 ဆီးချိုရောဂါဖြစ်ပါတယ်။ ဒါကြောင့် ကလေးမွေးဖွားပြီးနောက်မှာ အစားအစာ၊ လေ့ကျင့်ခန်းတွေကိုပုံမှန်လုပ်ပြီး ဆီးချိုရောဂါရှိ/မရှိ တစ်နှစ်တစ်ခါစမ်းသပ်စစ်ဆေးနေဖို့အရေးကြီးပါတယ်။
Dr. Mya Myo Myo Swe






























