/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်နဲ့-နို့တိုက်ချိန်တွေမှာ-အရိုးကို

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်တွေမှာ အရိုးကို ဘယ်လိုစောင့်ရှောက်ကြမလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

မိခင်လောင်းတစ်ယောက်၊ မိခင်တစ်ယောက် ဖြစ်လာပြီဆိုတာနဲ့ ကိုယ့်ကျန်းမာရေးဆိုတာ အာရုံထဲမှာ နောက်ဆုံးအရာ ဖြစ်သွားပါပြီ။ ကလေးတစ်ယောက် မွေးရတာဟာ ၂၄ နာရီ အချိန်ပြည့်အလုပ်ဖြစ်ပြီးတော့ ကိုယ့်အရေးထက်ကို ကလေးအရေးကို ပိုပြီးဦးစားပေးလာတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကျန်းမာရေးကိုလည်း ဦးစားပေးဖို့ မမေ့သင့်ပါဘူးနော်။ ဒီဆောင်းပါးမှာတော့ အရိုးကျန်းမာရေးကို အဓိကဦးစားပေး ပြောသွားမှာပါ။
အမျိုးသမီးတွေဟာ မိခင်နို့ချိုတိုက်ကျွေးနေချိန်မှာ အရိုးသိပ်သည်းဆ ၃-၅% လောက်အထိ ဆုံးရှူံးနိုင်တယ်ဆိုတာ သိပါသလား? ကလေးနို့ဖြတ်ချိန်မှာ ဒီဆုံးရှူံးသွားတဲ့ပမာဏကို ပြန်ရနိုင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်ချိန်ဆုံးရှုံးမှုနဲ့ပေါင်းလိုက်ရင် ဆုံးရှုံးတဲ့ပမာဏက မသေးပါဘူးနော်။

>>  ဘာလို့ အရိုးဆုံးရှုံးမှုဖြစ်ရတာလဲ?
ကိုယ်ဝန်ဆောင်ချိန်မှာ စားတဲ့သောက်တဲ့ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်တွေဟာ ကြီးထွားနေတဲ့ကလေးလေးမှာ အရိုးဖွံ့ဖြိုးမှုအတွက် အသုံးပြုရပါတယ်။ ဒီအာဟာရဓာတ်ကို မလုံလောက်တဲ့အခါမှာ မိခင်ရဲ့ကိုယ်ခန္ဓာက သိုလှောင်ထားတာကနေ ထုတ်ယူသုံးစွဲရပါတယ်။ ကိုယ်ဝန် နောက်ဆုံး ၃ လအတွင်းမှာ ကလေးအရိုးဖွံ့ဖြိုးဖို့ လိုအပ်တဲ့အာဟာရဓာတ် လိုအပ်မှုအများဆုံးပဲ ဖြစ်ပါတယ်။

>>  ကိုယ်ဝန်ဆောင်မိခင်တွေမှာ -
ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ အရိုးဆုံးရှုံးမှုဟာ ယာယီဖြစ်တယ်ဆိုပေမယ့် နဂိုကတည်းက ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီချို့တဲ့တဲ့ အမျိုးသမီးတွေမှာတော့ ကိုယ်ဝန်ဆောင်ချိန် ရောက်ပြီဆိုတာနဲ့ အရိုးကို သန်မာစေတဲ့ အစားအသောက်တွေကို သတိထားပြီး စားပေးဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းကလည်း အရိုးဆုံးရှုံးမှုကို တားဆီးပေးပါတယ်။

>>  ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်မှာ အရိုးကျန်းမာရေးနဲ့ ပတ်သတ်လို့ သိသင့်တဲ့အချက် ၅ ချက်ကတော့ -
၁။  နို့ထွက်ပစ္စည်းတွေကရော၊ နို့ထွက်ပစ္စည်းမဟုတ်တဲ့ အစားအသောက်တွေကပါ ကယ်လ်စီယမ်ကို ရရှိနိုင်ပါတယ်။
နို့တွေ၊ ချိစ်တွေ၊ ဒိန်ချဉ်တွေ မစားရင်တောင်မှ အစိမ်းရင့်ရောင်အသီးအရွက်တွေကနေ ကယ်လ်စီယမ်ဓာတ်ကို ရရှိနိုင်ပါတယ်။ ဥပမာပြောရရင် ဟင်းနုနွယ်နဲ့ကိုက်လန်ရွက်တွေပေါ့။ တခြား သင်္ဘောသီး၊ စွံပလွန်ခြောက်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ ဆာဒင်းငါး၊ ပဲ၊ ပုစွန်စည်သွပ်၊ အရိုးပါဆယ်လ်မွန်ငါးနဲ့ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ ဖြည့်စွက်ထားတဲ့ ပေါင်မုန့်၊ ဆီရီယယ်မနက်စာ၊ လိမ္မော်ရည် စတာတွေမှာလည်း ကယ်လ်စီယမ်ဓာတ်တွေ ပါဝင်ပါတယ်။

၂။  ဆရာဝန်နဲ့ ဗီတာမင်ဒီပမာဏအကြောင်းကို တိုင်ပင်ကြည့်ဖို့ လိုနိုင်ပါတယ်။
အမေရိကန် သားဖွားမီးယပ်ကောလိပ်က အဆိုအရ ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင်ဒီ ချို့တဲ့တတ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် သက်သတ်လွတ်သမားတွေ၊ နေရောင်နဲ့ထိတွေ့မှုနည်းသူတွေ၊ အသားညိုသူလူမျိုးတွေမှာဆိုရင် ပိုချို့တဲ့တတ်ပါတယ်။ နေရောင်နဲ့ထိတွေ့တဲ့အခါ ဗီတာမင်ဒီကို ကိုယ်ခန္ဓာထုတ်လုပ်သလို ဆယ်လ်မွန်လိုအဆီများငါးတွေ၊ ဗီတာမင်ဒီ ဖြည့်စွက်ထားတဲ့နို့၊ ပဲနို့၊ လိမ္မော်ရည်တွေကနေလည်း ဗီတာမင်ဒီ ရရှိနိုင်ပါတယ်။ ဗီတာမင်ဒီပမာဏကို စစ်ဆေးဖို့ လို၊ မလို ဆရာဝန်နဲ့ ဆွေးနွေးပါ။ ဗီတာမင်ဒီ ချို့တဲ့နေခဲ့ရင် အစားအသောက်တစ်ခုတည်းကနေ ဗီတာမင်ဒီကို လုံလုံလောက်လောက်ရရှိဖို့ နည်းတဲ့အတွက် ဆရာဝန်နဲ့တိုင်ပင်ပြီး ဖြည့်စွက်စာသောက်ဖို့ လို၊ မလို ဆွေးနွေးပါ။ ဗီတာမင်ဒီပမာဏ လုံလောက်ခြင်းကလည်း ကလေးရနိုင်ခြေနဲ့ ကျန်းမာတဲ့ကိုယ်ဝန်ရရှိရေးကို အထောက်အကူပြုပါတယ်။

၃။  ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခန္ဓာက အရိုးကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။
ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ အပါအဝင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေက ကိုယ်ဝန်ဆောင်တွေရဲ့ အရိုး ကာကွယ်ပေးနိုင်တဲ့အပြင် ကိုယ်ခန္ဓာကိုယ်နှိုက်ကလည်း အရိုးကို ကာကွယ်ပေးပါသေးတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ သာမန်အမျိုးသမီးတွေထက်စာရင် ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီကို ပိုမိုစုပ်ယူနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာတက်နေတဲ့ အီစထရိုဂျင်ဟော်မုန်းကလည်း အရိုးကို ကာကွယ်ပေးပါသေးတယ်။

၄။  နောက်ပိုင်း ကိုယ်ဝန်ထပ်ဆောင်ခြင်းက အရိုး ထပ်ပြီးဆုံးရှုံးမှုနဲ့ အရိုးပွခြင်းတွေကို ကာကွယ်ပေးပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ယာယီအရိုးဆုံးရှုံးမှု ရှိတယ်ဆိုပေမယ့် လေ့လာမှုတွေအရ ကလေးများများမွေးခြင်းကြောင့် နောက်ပိုင်းကာလမှာ အရိုးပွရောဂါဖြစ်နိုင်ခြေတော့ ပိုများမလာဘူးလို့လည်း ဆိုပါတယ်။ လေ့လာမှုတချို့အရဆိုရင် ကိုယ်ဝန်များများဆောင်ခြင်းက အရိုးကျန်းမာရေးကို ကောင်းစေပြီး နောက်ပိုင်း အရိုးပွရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်လို့လည်း သိရပါတယ်။

၅။  လှုပ်လှုပ်ရှားရှားနေခြင်းကလည်း အထောက်အကူပြုပါတယ်။
ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားသောက်ခြင်းနဲ့ လှုပ်လှုပ်ရှားရှားနေခြင်းတို့ဟာ မိခင်အတွက်ရော၊ ကလေးအတွက်ပါ ကျန်းမာရေးကို ကောင်းစေပါတယ်။ လှုပ်လှုပ်ရှားရှားနေထိုင်ခြင်းက အရိုးတွေကို သန်မာစေနိုင်ပါတယ်။ ဥပမာအားဖြင့် လမ်းလျှောက်ခြင်းဟာ အရိုးကျန်းမာစေဖို့နဲ့ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်ဝန်ဆောင်ချိန် မအီမသာဖြစ်တာတွေကို သက်သာစေခြင်း၊ စွမ်းအင်တွေ တိုးတက်စေခြင်း၊ အိပ်ရေးဝစေခြင်း စတဲ့အကျိုးတွေကို ရရှိစေပါတယ်။ ရှားရှားပါးပါးလေ့လာမှုတချို့မှာလည်း လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ဗီတာမင်ဒီပမာဏကို တိုးတက်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းပရိုဂရမ်အသစ် စတော့မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေပေါ့။

ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကိုယ်တိုင် အရိုးကိုကာကွယ်ခြင်းဖြင့် ကလေးမှာလည်း အရိုးသန်မာစေဖို့ အစကောင်းကို ဖြစ်စေနိုင်ပါတယ်။ ကလေးဘဝဆိုတာ အင်မတန်မှ အကြီးမြန်တဲ့အပြင် တခြားအချိန်တွေထက် ကလေးဘဝနဲ့ ကြီးကောင်ဝင်ချိန်မှာ အရိုးတည်ဆောက်မှု ပိုများပါတယ်။ အသက် ၁၈ နှစ်ရောက်ချိန်မှာ အရိုးသိပ်သည်းမှုက ၉၀% လောက် ရှိနေပါပြီ။ ကလေးတွေဆိုတာကလည်း မိဘနဲ့ ထိန်းကျောင်းသူလူကြီးတွေကို အဓိက အတုခိုးတတ်ကြတာပါ။ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအသောက်တွေ စားဖို့၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ ကလေးတွေကို စံပြပေးရပါမယ်။ ကလေးတွေနဲ့ အတူတူလုပ်ဆောင်ပြီး ပျော်ရွှင်တဲ့မိသားစုကလေးကို တည်ဆောက်ပေးနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)