/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်မှာ-ဖြစ်တတ်တဲ့-နှင်းခူရောဂါအကြောင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ နှင်းခူရောဂါအကြောင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

အရင်တုန်းက နှင်းခူဖြစ်ဖူးသည်ဖြစ်စေ၊ မဖြစ်ဖူးဘူးဖြစ်စေ ကိုယ်ဝန်ဆောင်ချိန်မှာ နှင်းခူဖြစ်တတ်ကြပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ နှင်းခူဖြစ်သူအမျိုးသမီး ၂၀-၄၀% လောက်မှာ အရင်တုန်းက နှင်းခူဖြစ်ဖူးတာကို တွေ့ရပြီး ဒီလူနာတွေရဲ့ လေးပုံသုံးပုံလောက်ဟာ ကိုယ်ဝန်ဆောင် ပထမကာလနဲ့ ဒုတိယကာလမှာ လက္ခဏာတွေ ပြတတ်ပါတယ်။ ဒီအမျိုးသမီးတွေမှာ အရေပြားအရောင်ပြောင်းတာ၊ ဝက်ခြံပေါက်တာ၊ အနီကွက်တွေထတာ၊ အရေပြားက အထိမခံတော့တာ၊ အသားခြောက်တာ၊ အဆီပြန်တာ စတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။

>>  နှင်းခူဆိုတာ ဘာလဲ?
နှင်းခူဆိုတာ အဖြစ်များတဲ့ အရေပြားရောင်ရမ်းရောဂါတစ်မျိုး ဖြစ်ပါတယ်။ အသားယားယံတာ၊ ခြောက်သွေ့တာ၊ နီရဲနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အသားက ခြောက်ကပ်၊ ကွဲအက်ပြီး နီရဲနေတတ်ပါတယ်။ တစ်နေရာလေးပဲ ကွက်ဖြစ်နိုင်သလို တစ်ကိုယ်လုံးမှာလည်း ဖြစ်နိုင်ပြီး တံတောင်ဆစ်ကွေးတို့၊ တံခေါက်ကွေးတို့မှာ အဖြစ်များပါတယ်။ ကလေးတွေမှာဆိုရင်တော့ မျက်နှာမှာ အဖြစ်များတတ်ပါတယ်။

>>  ကိုယ်ဝန်ဆောင်ချိန်မှာ နှင်းခူပေါက်ရတဲ့အကြောင်းရင်းတွေကို ပြောပြပေးပါ့မယ်နော်။
နှင်းခူရှိတဲ့လူတစ်ယောက်မှာ နှင်းခူလက္ခဏာတွေ ပိုဆိုးလာတာကို နှင်းခူထကြွတယ်လို့ ခေါ်ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ သေချာမသိပေမယ့် ပတ်ဝန်းကျင်နဲ့ ကိုယ်ခန္ဓာတွင်း အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တယ်လို့ ယူဆပါတယ်။
နှင်းခူဖြစ်ဖူးသူ ၂၅% သော ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ရောဂါလက္ခဏာ သက်သာသွားတတ်ပေမယ့် ၅၀% သော အမျိုးသမီးတွေမှာတော့ ပိုဆိုးလာတတ်ပါတယ်။ ကိုယ်ဝန်ဒုတိယကာလမှာတော့ နှင်းခူဖြစ်နှုန်း အနည်းငယ် ပိုများတာကို တွေ့ရပါတယ်။
T cell ခုခံအားစနစ်က ကိုယ်ဝန်ဆောင်ကာလမှာ အရေးကြီးတယ်ဆိုပေမယ့် ဒီခုခံအားစနစ်ကြောင့်ပဲ ပန်းနာရင်ကြပ်၊ နှင်းခူ စတဲ့ ဓာတ်မတည့်ရောဂါတွေ ပိုဖြစ်လာစေပါတယ်။ ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ နှင်းခူရောဂါ ပိုဆိုးလာတာပေါ့။
ကလေးမှာ နှင်းခူ ဖြစ်၊ မဖြစ်ဆိုတာကတော့ မျိုးရိုးဗီဇရော၊ ပတ်ဝန်းကျင်အချက်အလက်တွေပေါ်မှာရော မူတည်နေပါတယ်။
လတ်တလော မျိုးရိုးဗီဇလေ့လာမှုတွေအရတော့ နှင်းခူအတော်များများဟာ filagrin ဆိုတဲ့ မျိုးရိုးဗီဇ မကောင်းတာကြောင့် အရေပြား အကာအကွယ်ပျက်သွားပြီး ဖြစ်ရတယ်ဆိုတာကို တွေ့ရှိရပါတယ်။

>>  နှင်းခူက ကိုယ်ဝန်အပေါ် ဒီလိုသက်ရောက်မှုတွေ ရှိနေပါတယ်။
နှင်းခူက မျိုးအောင်ခြင်းမအောင်ခြင်း၊ မွေးရာပါချို့ယွင်းချက်၊ လမစေ့ဘဲကလေးမွေးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း စတာတွေပေါ် တိုက်ရိုက်သက်ရောက်မှုရှိတယ်ဆိုတဲ့ သက်သေသက္ကာရမျိုးတော့ မရှိပါဘူး။ နှင်းခူရှိတဲ့သူတစ်ယောက်ဟာ ရေယုန်နဲ့ ထိတွေ့မှုရှိခဲ့ရင်တော့ နှင်းခူရေယုန်ဆိုတဲ့ ပြင်းထန်ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကလည်း သားအိမ်တွင်းရောဂါကူးစက်မှုနဲ့ မဆက်နွယ်နေပါဘူး။ ဒါပေမဲ့ ရေယုန်ပိုးကတော့ လမစေ့ဘဲမွေးတာ၊ ဗိုက်ထဲက ကလေးညှက်တာ၊ ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်တတ်ပါတယ်။

>>  ကိုယ်ဝန်ဆောင်ချိန်မှာ နှင်းခူဖြစ်တာကို ဒီလို သိနိုင်ပါတယ်။
ဆရာဝန်က နှင်းခူကို မြင်တာနဲ့ နှင်းခူဖြစ်ကြောင်းကို သိနိုင်ပါတယ်။ လိုအပ်ရင် အသားစယူပေါ့။

>>  ကိုယ်ဝန်ဆောင်ချိန် နှင်းခူဖြစ်ရင် ကုသရမယ့်နည်းလမ်းတွေကတော့ -
နှင်းခူဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ပိုဆိုးလာတတ်တာမို့ တကယ်ကတော့ ကိုယ်ဝန်မဆောင်ခင်ကတည်းက နှင်းခူကို သေချာထိန်းဖို့လိုပါတယ်။ ဒါပေမဲ့ အမြဲတမ်းတော့လည်း ဒါကမဖြစ်နိုင်ပြန်ပါဘူး။ ရောဂါထကြွတာကို ထိန်းဖို့အတွက် အဝတ်ကြပ်ကြပ်တွေ၊ ရေနွေးပူပူချိုးတာ၊ ဆပ်ပြာပြင်းပြင်းသုံးတာကို ရှောင်ပြီး အစိုထိန်းအဆီလိမ်းဆေးတွေ လိမ်းတာမျိုး ပြုလုပ်ပေးပါ။

>>  ကိုယ်ဝန်ဆောင်ချိန်မှာ သုံးနိုင်တဲ့ ကုသနည်းတချို့ကို ပြောပြပါမယ်နော်။
●  အစိုထိန်းအဆီလိမ်းဆေးတွေ
●  စတီးရွိုက်လိမ်းဆေးတွေ
●  ခရမ်းလွန်ရောင်ခြည်ဘီအလင်းကုထုံးတွေ စတာတွေ ရှိပါတယ်။

>>  ကိုယ်ဝန်ဆောင်ချိန်မှာ ဘေးကင်းကင်းသုံးနိုင်တဲ့ ကုသနည်းတချို့ကတော့ -
●  စတီးရွိုက်လိမ်းဆေး ခပ်ပြင်းပြင်းကို ပမာဏနည်းနည်း
●  တတိယကိုယ်ဝန်ဆောင်ကာလမှာ စတီးရွိုက်သောက်ဆေး
●  Calcineurin inhibitor လိမ်းဆေး ပမာဏနည်းနည်းစတာတွေ ဖြစ်ပါတယ်။

>>  ကိုယ်ဝန်ဆောင်ချိန် ရှောင်ရှားရမယ့် ကုထုံးတချို့ကတော့ -
●  ခုခံအားကျစေတဲ့ဆေးတွေ
●  ခရမ်းလွန်ရောင်ခြည်အေအလင်းကုထုံး စတာတွေပါ။

နို့တိုက်မိခင် ၂% လောက်ဟာ နို့သီးခေါင်းနဲ့ နို့သီးဝန်းတစ်ဝိုက်မှာ နှင်းခူဖြစ်တတ်ပြီး ၅၀% သော အမျိုးသမီးတွေမှာတော့ ဓာတ်မတည့်နှင်းခူ ဖြစ်တတ်ပါတယ်။ စတီးရွိုက်လိမ်းဆေး အပျော့စားကနေ အလတ်စားနဲ့ အစိုထိန်းအဆီဆေးလေး လိမ်းပေးနိုင်ပါတယ်။ သတိထားဖို့တစ်ချက်က ဒီဆေးတွေကို နို့တိုက်ပြီးချိန်မှာ လိမ်းပေးပြီး နို့တိုက်ခါနီးကျရင် ပြန်သုတ်ပစ်ရပါမယ်။
ခရမ်းလွန်အေရောင်ခြည်ကုထုံးနဲ့ ခုခံအားချဆေးတွေကို နို့တိုက်မိခင်တွေမှာ မတိုက်သင့်ပါဘူး။ ခုခံအားချဆေးတွေကို အမျိုးသားရော အမျိုးသမီးတွေမှာပါ ကလေးမယူခင် ၃ လအလိုကတည်းက ဖြတ်ဖို့လိုပါတယ်။
အစိုထိန်းအဆီလိမ်းဆေးတွေဟာလည်း အရေပြားကို အလွှာပါးသဖွယ် ကာကွယ်ထားပြီး ရေဆုံးရှုံးမှုကို လျော့နည်းစေတာမို့ နှင်းခူကုထုံးတစ်ခုအနေနဲ့ အသုံးပြုနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)