/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်မှာ-ရင်ဘတ်အောင့်ရင်-သတိထားနိုင်ဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ဘတ်အောင့်ရင် သတိထားနိုင်ဖို့ ...

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          အသက် ၃၅ နှစ်အရွယ် ဂရင်းဆိုတဲ့ အမျိုးသမီးလေးဟာ အမြွှာကိုယ်ဝန် လွယ်ထားရပါတယ်။ ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်ဆောင်ကာလကို သာသာယာယာ ဖြတ်သန်းနေတဲ့ ဂရင်းမှာ နှလုံးရောဂါ ရလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

          လမစေ့မီ မွေးချင်သလိုဖြစ်လို့ ဆေးရုံအိပ်ရာပေါ်မှာ လှဲနေတဲ့ ဂရင်းဟာ ရုတ်တရက်ကြီး ရင်ဘတ်အလယ်မှာ စူးစူးလေးလေးကြီး အောင့်တက်လာတာကို ခံစားလိုက်ရပါတယ်။ ခဏနေတော့ သူမဟာ တောက်လျှောက် ပျို့အန်လာပြီး လဲကျသွားခဲ့ပါတယ်။

          သူနာပြုတွေ၊ ဆရာဝန်တွေ အချိန်မီရောက်လာခဲ့တဲ့ ခဏတာလေးအတွင်းမှာပဲ နှလုံးခုန် ရုတ်တရက် ရပ်သွားခဲ့ပါတယ်။ သွက်လက်ပြီး အတွေ့အကြုံများတဲ့ ဆေးအဖွဲ့ဟာ အရေးပေါ်အသက်ကယ်ပြီးနောက်မှာ ဒီလောက်နဲ့မပြီးနိုင်ဆိုတာ သိခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ နှလုံးသွေးကြောကို အရေးပေါ်ချဲ့ခဲ့ရပြီး အမြွှာလေးနှစ်ယောက်ကို ခွဲစိတ်မွေးဖွားခဲ့ရပါတယ်။ ဂရင်းက ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့တဲ့အပြင် အမြွှာလေးတွေကလည်း ကျန်းကျန်းမာမာ ကြီးပြင်းလာခဲ့တာပါ။

          ကိုယ်ဝန်ဆောင်လေးတွေမှာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပါ။ နှလုံးရောဂါဟာ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုပါ အပြင်းအထန် ခြိမ်းခြောက်လာနေတဲ့ရောဂါ ဖြစ်နေပါတယ်။

          ကိုယ်၀န်ဆောင်ချိန်မှာ နှလုံးသွေးကြော ရုတ်တရက် ကျဉ်းတဲ့အခါ အောက်ပါလက္ခဏာတွေ ဖြစ်လာပါတယ်။

●        ရင်ဘတ်ထဲမှာ နေလို့မကောင်းခြင်း

●        ရင်ဘတ်အကြီးအကျယ် အောင့်လာခြင်း

●        ပုခုံးတွေပါ ကျဉ်တက်လာခြင်း

●        အော့အန်ခြင်း

●        ခေါင်းတွေ တရိပ်ရိပ် မူးလာခြင်းတွေ

          ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေဟာ အရေးပေါ်ဖြစ်ပြီး သွေးကြောချဲ့ကုသမှသာ အသက်ရှင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အဝလွန်တဲ့၊ အဆီအအိမ့် အလွန်ကြိုက် အစားမဆင်ခြင်တဲ့ ကိ်ုယ်ဝန်ဆောင်သည်လေးတွေကို လိုအပ်ရင် သွေးတွင်း ကိုလက်စထရောဓာတ် စစ်ဆေးပေးခြင်း၊ နှလုံးအီးစီဂျီ ဓာတ်မှန်ရိုက်ကူး စစ်ဆေးထားခြင်း၊ နှလုံးသွေးကြောကျဉ်းလက္ခဏာတွေကို ပြောပြအသိပေးထားခြင်းဖြင့် နှလုံးအရေးပေါ် အခြေအနေတွေအတွက် သတိတရား တည်ဆောက်ထားသင့်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)