ကိုယ်ဝန်ဆောင်ချိန်မှာ လုံးဝရှောင်ရမယ့်အစားအစာတွေက ဘာတွေဖြစ်မလဲ
ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ အမျိုးသမီးတွေ အဓိကသိချင်တာက ဘာမစားရဘူးဆိုတာ ဖြစ်မယ်ထင်ပါတယ်နော်။ အထူးသဖြင့် ဆူရှီ၊ ကော်ဖီ၊ အမဲ steak မကျက်တစ်ကျက် ကြိုက်တတ်သူတွေအဖို့ ပိုစိတ်ညစ်စရာ ဖြစ်မယ်ထင်ပါတယ်။ မစားရမယ့်အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ မာကျူရီများတဲ့ငါး
ငါးမန်း၊ ဓားရှည်ငါး၊ ကင်းမက်ကရယ်ငါး၊ တူနာစတဲ့ ပင်လယ်ငါးတွေဟာ မာကျူရီဓာတ် များတာကြောင့် ရှောင်သင့်ပါတယ်။ ငါးနီတူ၊ ဆယ်လ်မွန်၊ တီလားပီးယား၊ ထရောက်ငါးစတဲ့ မာကျူရီနည်းတဲ့ငါးတွေကတော့ ကျန်းမာရေးနဲ့ညီညွတ်ပြီး တစ်ပတ် ၃ ကြိမ်လောက် စားပေးသင့်ပါတယ်။
၂။ မကျက်တကျက်ငါးများ
မကျက်တကျက်ငါးတွေမှာပါတဲ့ ရောဂါပိုးမွှားတွေဟာ ကိုယ်ဝန်ဆောင်တွေအတွက် အန္တရာယ်များပါတယ်။ အထူးသဖြင့် Listeria ဆိုတဲ့ ဘက်တီးရီးယားပိုးပါပဲ။ ကလေးလမစေ့တာ၊ ပျက်ကျတာ၊ အသက်မပါတာ စတာတွေထိ ဖြစ်နိုင်ပါတယ်။
Obimin 2022 IA 1

၃။ မကျက်တကျက်အသားများ၊ ပြုပြင်ထားတဲ့အသင့်စားအသားများ
ဒီလိုအသားတွေမှာလည်း Toxoplasma, E.coli, Listeria, Salmonella စတဲ့ ပိုမွှားတွေပါတာကြောင့် ကိုယ်ဝန်ဆောင်ချိန် စားဖို့မသင့်တော်ပါဘူး။
၄။ ဥအစိမ်းများ
ဥအစိမ်းမှာ Salmonella ပိုး ပါဝင်တာကြောင့် ဖျားနာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ရှားရှားပါးပါး ကလေးစောမွေးတာ၊ ကလေး အသက်မပါတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဥကို ကျက်အောင်ပြုလုပ် ပြင်ဆင်စားသောက်သင့်ပါတယ်။
၅။ ကလီစာများ
ကလီစာတွေဟာ အာဟာရဓာတ် ကြွယ်ဝသော်ငြားလည်း ကလီစာမှာပါတဲ့ ဗီတာမင်အေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ မသင့်တော်ပါဘူး။
၆။ ကဖိန်းဓာတ်
ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို ကဖိန်းဓာတ် ၂၀၀ မီလီဂရမ်ထက် ပိုမသောက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန် ကဖိန်းဓာတ် များတဲ့အခါ ကလေးညှက်တာမျိုး ဖြစ်နိုင်ပါတယ်။
Obimin 2022 IA 2

၇။ အညွန့်အတက်အစိမ်းများ
မုန်လာဥတက်၊ ပဲပင်ပေါက် စတာတွေကို အစိမ်းမစားပါနဲ့။ Salmonella ပိုး ကူးစက်ခံရနိုင်ပါတယ်။
၈။ ပိုးမသတ်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းများ
ပိုးမသတ်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းများမှာ Listeria, Salmonella, E.coli စတဲ့ ပိုးမွှားတွေ ရှိနေတတ်ပါတယ်။
၉။ အရက်
ကိုယ်ဝန်ဆောင်ချိန် အရက်ကို လုံးဝရှောင်သင့်ကါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်တဲ့အခါ ကလေးမှာ မျက်နှာသွင်ပြင်ပုံပျက်ခြင်း၊ နှလုံးမကောင်းခြင်း၊ ဉာဏ်ရည်မမှီခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
၁၀။ ပြုပြင်ထားတဲ့သရေစာများ
ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်မရှိတဲ့ သရေစာတွေမစားဘဲ အာဟာရဓာတ်ကို တတ်နိုင်သလောက် ပြည့်ဝအောင်စားဖို့ လိုအပ်ပါတယ်။ ကစီဓာတ်၊ ပရိုတင်းဓာတ်၊ ဟင်းသီးဟင်းရွက်နဲ့ အဆီဓာတ်တွေ ပြည့်ဝအောင်စားပေးဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























