ကိုယ်ဝန်ဆောင်ချိန်မှာ ဝလာခြင်းရဲ့ အကျိုးဆက်များ
အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ယခင်ကထက်ပိုပြီး ကိုယ်အလေးချိန် တိုးလာတတ်ပါတယ်။
အနည်းငယ် ကိုယ်အလေးချိန်တိုးခြင်းက ပြဿနာမဟုတ်ပေမယ့် တစ်ဟုန်ထိုး တိုးလာခြင်းရှိပါက ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ၊ သွေးတိုးနဲ့ ကိုယ်ဝန်ဆိပ်သင့်ခြင်းတို့ိုကို ဖြစ်ပေါ်စေပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဝိတ်တက်လာခြင်းကို ပြသနေတဲ့လက္ခဏာတွေကတော့ အသက်ရှူမဝခြင်း၊ အိပ်နေစဉ် ဟောက်ခြင်းနဲ့ အသက်ရှူရပ်ခြင်း၊ ရင်ပူခြင်း၊ ချွေးထွက်များခြင်း၊ နုံးခြင်း၊ ဒူးနဲ့ခါးနာခြင်းတို့ ဖြစ်ပါတယ်။
>> ကိုယ်ဝန်ဆောင်ချိန် ဝိတ်တက်စေသော အကြောင်းရင်းတွေကတော့ -
ယခင်ထက် အစားပိုစားခြင်း လှုပ်ရှားမှုမရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ဝိတ်တက်လာခြင်းကြောင့် အဝလွန်ပါက သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထရောများခြင်းတို့ ဖြစ်ပေါ်ရာကနေ ကိုယ်ဝန်ကို ထိခိုက်စေပါတယ်။ ဒါဆို ကိုယ်ဝန်ဆောင်စဉ် အဝလွန်ခြင်း မဖြစ်စေဖို့ ကာကွယ်နိုင်ဖို့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
● ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံးပါ။
ကိုယ်ဝန်ဆောင်ချိန် ပထမသုံးလမှာတော့ ကယ်လိုရီ အများကြီးစားဖို့ မလိုအပ်သေးပါဘူး။ ဒုတိယသုံးလမှာတော့ တစ်နေ့ကို ကယ်လိုရီ ၃၄၀ ပိုစားသင့်ပြီး တတိယသုံးလမှာတော့ ကယ်လိုရီ ၄၅၀ လောက် ပိုစားသင့်ပါတယ်။
● ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။
တစ်ပတ်လျှင် အနည်းဆုံး ၂ နာရီခွဲလောက် သို့မဟုတ် တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ် ငါးရက်လောက် သက်သောင့်သက်သာရှိတဲ့ လေ့ကျင့်ခန်းမျိုးကို ပြုလုပ်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်တွေအနေနဲ့တော့ လေ့ကျင့်ခန်းမလုပ်မီ ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်တော်တဲ့လေ့ကျင့်ခန်းကို တိုင်ပင်ပါ။
● လုံးဝရှောင်ရှားရမယ့်အရာတွေကို သတိထားပါ။
အရက်၊ မူးယစ်ဆေးနဲ့ ဆေးလိပ်တွေကိုတော့ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်လဲ?
သင့်အနေနဲ့ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူမဝခြင်း၊ ကျယ်လောင်စွာဟောက်ခြင်း၊ နှလုံးခုန်မြန်ခြင်းစတဲ့ လက္ခဏာတွေ ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေပါပြီ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























