/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်မှာ-အချဉ်သီးတွေ-စားလို့၊-သောက်လို့ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ အချဉ်သီးတွေ စားလို့၊ သောက်လို့ရလား

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်မှာ မူးမော်ပျို့အန်တာတွေ ဖြစ်လေ့ရှိကြပါတယ်။ ဒီအခါမှာ ဆေးတွေလည်း မသောက်ချင်တာကြောင့် သံပရာသီးလိုမျိုး ချဉ်တဲ့အသီးတွေကို သုံးတတ်ကြပါတယ်။ ဒီအသီးတွေမှာ ကောင်းကျိုးလည်း ရှိသလို ဆိုးကျိုးလည်း ရှိပါတယ်။ ဘာတွေလဲ ကြည့်လိုက်ရအောင်။

၁။  မူးမော်ပျို့အန်တာကို သက်သာစေပါတယ်
ဖျော်သောက်တာမျိုး၊ အသီးကို ဒီတိုင်းစားတာမျိုးကလည်း သက်သာစေပါတယ်။
သံပရာ၊ လိမ္မော်သီးတွေကနေ ထုတ်ထားတဲ့အဆီကိုလည်း သုံးလို့ရပါတယ်။ ဒီလိုအဆီတွေကို စားလို့တော့ မရပါဘူး။ ဒါပေမဲ့ ဖယောင်းတိုင်လုပ်ပြီး ထွန်းတာလိုမျိုး၊ အနံ့အနေနဲ့ အခန်းထဲထားတာမျိုး လုပ်ပေးရင် သက်သာပါတယ်။

၂။  ရေဓာတ်ဖြည့်ပေးတယ်
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ သာမန်လူတွေထက် ပိုစားဖို့ လိုသလို အရည်လည်း ပိုလိုပါတယ်။
ရေကို ဒီတိုင်း သောက်တာမျိုးထက်စာရင် ဖျော်သောက်တာမျိုးက အရသာပိုရှိလို့ များများသောက်ဖြစ်တာမို့ အဆင်ပြေပါတယ်။

၃။  ဖောလိတ်ဓာတ် ရစေတယ်
လီမွန်သီး (သံပယိုသီး) တစ်လုံးမှာ ဖောလိတ် ၆.၃၈ မိုက်ခရိုဂရမ် ပါ,ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားရဲ့ ဦးနှောက်နဲ့အာရုံကြော ဖွံဖြိုးဖို့ ဖောလိတ် ပိုလိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်တစ်ယောက်ဟာ အစားအသောက်ကနေ ဖောလိတ် ၆၀၀ မိုက်ခရိုဂရမ်လောက် ရသင့်တယ်လို့ ဆိုပါတယ်။ ဖောလိတ်ကိုရဖို့ လီမွန်သီးတစ်ခုတည်းကိုပဲ မှီခိုနေလို့မရပါဘူး။ တခြားဖောလိတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ -
●  ဟင်းနုနွယ်
●  ကွေကာအုတ်
●  ထောပတ်သီး
●  ပေါင်မုန့် စတာတွေကိုလည်း စားသင့်ပါတယ်။

>>  သံပရာရည်သောက်ရင် သတိထားရမယ့်အချက်တွေကတော့ -
၁။  သွားတွေ ပျက်စီးတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ သွားနဲ့ ခံတွင်းရောဂါတွေ၊ သွားပိုးစား အပေါက်ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီအခါမှာ လီမွန်သီး အလွန်အကျွံ စားတဲ့အခါ ပိုဆိုးတတ်ပါတယ်။
ချဉ်တဲ့အသီးတွေမှာပါတဲ့ အက်ဆစ်ဓာတ်ဟာ သွားရဲ့အပေါ်ယံကြွေလွှာတွေကို တိုက်စားလိုက်လို့ ဖြစ်ပါတယ်။ သံပယိုသီးနဲ့ သံပရာသီးမှာ အက်ဆစ်ဓာတ် ပိုများပြီး စပျစ်သီးနဲ့ လိမ္မော်သီးကတော့ ပါဝင်မှု နည်းပါတယ်။

၂။  သကြားဓာတ် တက်စေတာ
ဒါကတော့ အသီးကို ဖျော်မသောက်ဘဲ အသင့်ဖျော်တွေကို သောက်တဲ့လူတွေမှာ ဖြစ်တာပါ။ အသင့်ဖျော်ရည်တွေက ချိုအောင် သကြားတွေ ထည့်ထားတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် လတ်လတ်ဆတ်ဆတ် အသီးကိုပဲ ဖျော်ပြီး သောက်သင့်ပါတယ်။

၃။  ရင်ပူတာ
ဟုတ်ပါတယ်။ နဂိုတည်းက ကိုယ်ဝန်ဆောင်တွေဟာ အစာအိမ်ထဲက အက်ဆစ်တွေ အပေါ်ကို တက်တာကြောင့် ရင်ပူတာကို ခံစားရတတ်ပါတယ်။ သံပယိုသီးမှာ အက်ဆစ်ဓာတ် ပါတာကြောင့် ပိုဆိုးစေတတ်ပါတယ်။
ဒါကို သက်သာအောင် -
●  အစာကို နည်းနည်းနဲ့ ခဏခဏ စားပါ။
●  စားပြီးပြီးချင်း လှဲတာမျိုးကို မလုပ်ပါနဲ့။

Dr. Htar (www.drmyanmar.com)