ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း
ခေါင်းကိုက်ခြင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အတွေ့ရများတဲ့လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အများစုကတော့ သာမန်ခေါင်းကိုက်ခြင်းတွေဖြစ်ပြီး စိုးရိမ်စရာမရှိပါဘူး။ အနည်းငယ်သောခေါင်းကိုက်ခြင်းတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလသုံးခုမှာ ခေါင်းကိုက်ရတဲ့ အကြောင်းရင်းတွေက နည်းနည်းတော့ ကွဲပြားပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ဒုတိယသုံးလနဲ့ တတိယသုံးလမှာဖြစ်တဲ့ ခေါင်းကိုက်ခြင်းတွေကို ပိုသတိထားသင့်ပါတယ်။
>> ကိုယ်ဝန်ဆောင်စဉ်ခေါင်းကိုက်တာ ဘာအကြောင်းတွေကြောင့် ဖြစ်နိုင်သလဲ?
ကိုယ်ဝန်ဆောင်ကာလ ပထမသုံးလမှာ ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း အဖြစ်များပါတယ်။ ဦးခေါင်းပတ်ပတ်လည်မှာ ကြိုးနဲ့စည်းထားသလို တင်းပြီးကိုက်တတ်ပါတယ်။ ဒါဟာ ဟော်မုန်းအပြောင်းအလဲနဲ့ ကိုယ်အလေးချိန် အပြောင်းလဲတွေကြောင့် ဖြစ်တာပါ။
တခြားသော ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းတွေကတော့ -
● ရေဓာတ်ခန်းခြောက်ခြင်း
● အိပ်စက်ချိန်နည်းခြင်း
● စိတ်ဖိစီးမှုများခြင်း
● အာဟာရလုံလောက်စွာမစားခြင်း
● ခေါင်းကိုက်တာကိုဖြစ်စေတဲ့ အစားအစာများ စားမိခြင်း (ဥပမာ - နို့နှင့်နို့ထွက်ပစ္စည်းများ၊ ချောကလက်)
● လှုပ်ရှားတက်ကြွမှုမရှိခြင်းတို့ ဖြစ်ပါတယ်။
Obimin 1

ကိုယ်ဝန်ဆောင်ကာလ ဒုတိယသုံးလနဲ့ တတိယသုံးလမှာ ခေါင်းကိုက်ရတာဟာ အပေါ်မှာပြောခဲ့တဲ့အချက်တွေကြောင့်အပြင် ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းနဲ့ ဆီးချိုသွေးချိုရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလ ဒုတိယသုံးလနဲ့ တတိယသုံးလမှာ သွေးပေါင်ချိန်တက်ရင် လေဖြတ်ခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ လမစေ့ခင် ကလေးမီးဖွားခြင်း၊ အချိန်မတန်ခင် အချင်းကွာကျခြင်းတို့ ဖြစ်တတ်လို့ ဒီကာလတွေမှာ ခေါင်းကိုက်ရင် သတိထားသင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာဟာ ရောဂါပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
>> ခေါင်းကိုက်သက်သာအောင် အိမ်မှာ ဘယ်လိုလုပ်ကြမလဲ?
● ရေများများသောက်ပါ။
● အနားယူပါ။
● ရေနွေးအိတ် (သို့) ရေခဲကပ်ပေးပါ။
● ညင်သာစွာ နှိပ်ပေးပါ။
● အကြောလျှော့လေ့ကျင့်ခန်း လုပ်ပါ။
ဒါတွေလုပ်လို့မှ မသက်သာလို့ အကိုက်အခဲပျောက်ဆေး သောက်ချင်တယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ အကိုက်အခဲပျောက်ဆေးတွေ မသောက်ပါနဲ့။ Aspirin Ibuprofen စတဲ့ အကိုက်အခဲပျောက်ဆေးတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ မသောက်ပါနဲ့။
Obimin 2

>> ဘယ်အချိန်မှာ အရေးပေါ်ဆေးကုသဖို့ လိုအပ်သလဲ?
ဖျားခြင်း၊ ပျို့အန်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ မခံမရပ်နိုင်အောင် ခေါင်းကိုက်ခြင်း၊ မကြာခဏခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း စတဲ့လက္ခဏာတွေ ရှိခဲ့ရင်တော့ အမြန်ဆုံး ဆေးကုသမှု ခံယူသင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာက အဖြစ်များသလို ခေါင်းကိုက်ခြင်း အများစုက အန္တရာယ်မရှိဘူးဆိုပေမယ့် မပေါ့ဆသင့်ပါဘူး။ ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက် ဘယ်အချိန်ဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာခံစားရရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ ဆရာဝန် ညွှန်ကြားထားတဲ့ဆေးကုသမှုကို သေချာခံယူပါ။ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိ သိဖို့အတွက် ကိုယ်ဝန်စောင့်ရှောက်မှု သေချာခံယူပါ။
Dr. Aye Hsu Mon (www.drmyanmar.com)






























