ကိုယ်ဝန်ဆောင်ချိန် ဗိုက်နာလျှင်
ကိုယ်ဝန်ဆောင်ချိန် ဗိုက်နာဗိုက်အောင့်တာဟာ စိုးရိမ်ရသလား။
ကိုယ်ဝန်ဆောင်ချိန်အစမှာ တချို့ ဗိုက်အနည်းငယ်နာတတ်ကြပါတယ်။ ကိုယ်ဝန်ရင့်လာခိျန်မှာလည်း မွေးချင်လာသယောင် သားအိမ်ညှစ် ဗိုက်နာတတ်တာမျိုး၊ သားအိမ်ဘေးအရွတ် နာတာမိျုး တွေဖြစ်တတ်ပါတယ်။ တစ်ခြားလက္ခဏာရပ်တွေမရှိပဲ တစ်ခါတစ်ရံ နာတတ်တာမျိုးက စိုးရိမ်စရာ မရှိတတ်ပါဘူး။
ကိုယ်ဝန်ဆောင်ချိန်မှာ စိုးရိမ်ဖို့မလိုတဲ့ ဗိုက်နာတတ်တဲ့ အကြောင်းအရင်းများ
- လေပွခြင်း
- ဝမ်းချုပ်ခြင်း
- ခင်ပွန်းဖြစ်သူနဲ့ အတူနေပြီးချိန် ကြွက်တက်သလိုနာခြင်း
- သားအိမ်ဘေး အရွတ်နာခြင်း
- မွေးချင်ယောင်သားအိမ်ညှစ်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ခါတစ်ရံ ဗိုက်နာတတ်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အန္တရာယ်မရှိတတ်ပါဘူး။ ဒါပေမယ့် ဆိုးဆိုးရွားရွားနာနေတယ်၊ တောက်လျောက်ကိုနာနေတယ်ဆိုရင်တော့ ပြဿနာ တစ်စုံတစ်ရာရှိနေနိုင်ပါပြီ။ နာတာဟာ အချိန်အတော်ကြာ နားနေရင်းနဲ့တောင် မပျောက်ကင်းဘူး၊ ဒါမှမဟုတ် အောက်ပါရောဂါ လက္ခဏာတစ်ခုခု ရှိလာပြီဆိုရင်တော့ ကျန်းမာရေးဌာနကို အပြေးသွားသင့်ပါတယ်။
- မိန်းမကိုယ်မှ သွေးဆင်းခြင်း
- ပုံမှန်မဟုတ်တဲ့ အဖြူ ဆင်းခြင်း
- ဖျားခြင်း၊ ချမ်းတုန်ခြင်း
- ခေါင်းချာချာလည်မူးခြင်း
- ဆီးသွားချိန် နာခြင်း၊ကျဉ်ခြင်း
- ပျို ့အန်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ စိုးရိမ်စရာ ဗိုက်နာခြင်း အကြောင်းအရင်းများ
- နေရာလွဲမှား သနေ္ဓတည်ခြင်း
- ကိုယ်ဝန်ပျက်ကျခြင်း
- လမပြည့်ပဲ မွေးချင်လာခြင်း
- အချင်းကွာခြင်း
- ကိုယ်ဝန်ဆိပ်တက်ခြင်း
- ဆီးပိုးဝင်ခြင်း
ကိုယ်ဝန်ဆောင်ချိန် ဗိုက်နာတတ်သော အခြားအကြောင်းများ
- အစာအိမ် ဗိုင်းရပ်စ်ပိုးဝင်ခြင်း
- အစာအဆိပ်သင့်ခြင်း
- အူအတက်ရောင်ခြင်း
- ဆီးကျောက်တည်ခြင်း
- အသည်းရောင်ခြင်း
- သည်းခြေအိတ်ရောဂါများ
- မုန့်ချိုအိတ်ရောင်ခြင်း
- အသားလုံးတည်ခြင်း
- အူပိတ်ခြင်း
Dr. Mya Phoo Ngon (www.drmyanmar.com)






























