ကိုယ်ဝန်ဆောင်ချိန် မကြာမကြာ ဆီးသွားနေသလား
ကိုယ်ဝန်ရှိလာပြီဆိုတာနဲ့ အိမ်က အိမ်သာကို သဖို့လိုလာပြီနော်။ အိမ်သာထဲ အချိန်အတော်များျများကို ကုန်ဆုံးဖို့ လိုလာနိုင်လို့ပါ။ ဆီးအိမ်ဘေးမှာရှိတဲ သားအိမ် တဖြည်းဖြည်းနဲ့ ကြီးလာတာနဲ့အမျှ ဆီးသွားနှုန်း ပိုများလာပါလိမ့်မယ်။
ကိုယ်ဝန်ရင့်လာလေလေ ဆီးသွားတာ အကြိမ်ရေ ပိုစိပ်လာလေလေဆိုပေမယ့် ပထမ ၃ လအတွင်းမှာ အဆိုးဆုံးပါပဲ။ ဒီအချိန်မှာ သားအိမ်က ဆီးခုံအပြင်ဘက်အထိကို မရောက်သေးလို့ပါ။
ကိုယ်ဝန်ဆောင်စဉ်မှာ ဆီးသွားတဲ့အကြိမ်ရေ နည်းစေဖို့အတွက် ဆီးသွားတိုင်းမှာ ဆီးအိမ်ထဲ ဆီး လုံးဝမကျန်တော့သည်အထိကို အချိန်ပေးပြီး သွားပေးပါ။ ဆီးသွားတာကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ ဆီးခုံအောက်ပိုင်းကြွက်သား လေ့ကျင့်ခန်း၊ Kegel လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။
နောက်ပြီးတော့ ဆီးသွားရင် ခါတိုင်းထက် ပိုကြာလာတာကိုလည်း သတိထားမိပါလိမ့်ဦးမယ်။ ပုံမှန် ဆီးသွားများတာကို ဆီးအိမ် ရောင်တာ၊ ဆိးအိမ် ပိုးဝင်တာတွေနဲ့ မမှားသင့်ဘူးနော်။
ဆီးအိမ်ရောင်တဲ့အခါ ဆီးသွားတဲ့ပုံစံ ပြောင်းလဲလာတာ၊ ဆီး မကြာခဏသွားတာ၊ ဆီးသွားရင် နာတာ၊ ဆီးမထိန်းနိုင်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ တစ်ခါတလေ ဖျားတောင် ဖျားတတ်သေးတယ်။
တကယ်လို့ ပိုးဝင်တယ်လို့ထင်ရင် ဆီးထဲ ဘက်တီးရီးယားပိုး ပါ၊ မပါကို စစ်ကြည့်ဖို့ လိုပါတယ်။ ဆီးစစ်တဲ့အခါ ဆီးကို ဘယ်လိုယူရမယ်၊ ဘယ်ခွက်နဲ့ ခံရမယ်၊ ဘယ်ကို လာပို့ရမယ်ဆိုတာတွေ သေချာမေးမြန်းဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























