ကိုယ်ဝန်ဆောင်စဉ်နှစ်ခြိုက်စွာအိပ်ပျော်နိုင်စေဖို့
ကိုယ်ဝန်ဆောင်ချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့က စိတ်ခံစားမှုကောင်းဖို့နဲ့ အားအင်ပြည့်ဝဖို့ သာမကဘဲ နောက်ဆက်တွဲဆိုးကျိုးတွေမခံစားရစေဖို့ပါ အရေးကြီးပါတယ်။
ကိုယ်ဝန်ဆောင်ကာလအပိုင်းအခြားနှင့် အိပ်စက်ခြင်း
ကိုယ်ဝန်ဆောင်တဲ့ကာလအပိုင်းအခြားပေါ်မူတည်ပြီး အိပ်စက်ခြင်းနဲ့ပတ်သက်ပြီးရင်ဆိုင်ရမယ့် အခက်အခဲတွေရှိပါတယ်။ ကိုယ်ဝန်ပထမသုံးလမှာဆိုရင် ပိုပြီးအိပ်ချင်လာတတ်ပါတယ်။ အိပ်ရာစောစောဝင်ချင်တယ်။ ခဏခဏမှေးချင်တယ်။ တစ်ချိန်လုံးအိပ်ချင်နေတတ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ အိပ်ချင်လာရင်အိပ်ချလိုက်ပြီးတော့ ခန္ဓာကိုယ်ကို အနားပေးထားပါ။
ကိုယ်ဝန်ဒုတိယသုံးလရောက်လာရင်တော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး မွေးခါနီးသုံးလအလိုရောက်မှ အိပ်လို့မရဖြစ်လာပါတယ်။ ခါးနာခြင်း၊ ကလေးလှုပ်ခြင်း၊ ကြွက်တက်ခြင်း၊ ဆီးမကြာခဏသွားချင်ခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်း၊ ကိုယ်ဝန်လရင့်ပြီး တင်းကြပ်ကြပ်ခံစားရခြင်း စတာတွေကြောင့် အိပ်မပျော်တာ၊ အိပ်လို့အဆင်မပြေတာတွေဖြစ်လေ့ရှိပါတယ်။
နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ အထောက်အကူဖြစ်စေမယ့်နည်းလမ်း (8) ချက်
ဒီလိုကိုယ်ဝန်ဆောင်စဉ်မှာ အိပ်စက်ခြင်းကို အနှောက်အယှက်ပေးတဲ့အချက်တွေကို ကိုယ်ဝန်ဆောင် တိုင်းတွေ့ကြုံကြရမှာပါ။ ဒါကြောင့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
- ပုံမှန်အိပ်ရာဝင်ချိန်ထားရှိပြီး ခန္ဓာကိုယ်ကိုအနားရပါစေ။
- အိပ်ရာမဝင်ခင် အနည်းဆုံး 1 နာရီ အလင်းရောင်ထွက်တဲ့ဖန်သားပြင်တွေ အသုံးပြုခြင်းမှရှောင်ကြဉ်ပါ။ လုံးဝမရှောင်နိုင်ရင်တောင် ဖန်သားပြင်အလင်းကို အနည်းဆုံးလျှော့ချထားပါ။
- ကဖင်းဓာတ်လျှော့ပြီးသောက်သုံးပါ။
- ကိုယ်ဝန်ဆောင်ရောဂကျင့်စဉ်ကျင့်ခြင်း၊ တရားထိုင်ခြင်း၊ အနှိပ်ကုထုံးများဖြင့် စိတ်ဖိစီးမှုကိုလျှော့ချပါ။
- ပက်လက်လှန်အိပ်ခြင်းက ကျောကုန်းဖိအားများပြီး ကလေးဆီကို အောက်ဆီဂျင်ရရှိမှုနည်းစေတဲ့အတွက် ပက်လက်လှန်မအိပ်ပါနဲ့။
- သက်တောင့်သက်သာဖြစ်စေဖို့အတွက် ဗိုက်နဲ့ တင်ပါးတွေအောက်မှာ ခေါင်းအုံးခံပြီး ဘေးစောင်းအိပ်ပါ။
- အသက်ကောင်းကောင်းရှူနိုင်စေဖို့အတွက် ခေါင်းကိုအနည်းငယ်မြှင့်ပြီးအိပ်ပါ။
- ကြွက်မတက်စေဖို့အတွက် ရေဓာတ်ပြည့်ဝနေပါစေ။
အိပ်ရေးမဝခြင်းကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။
ကောင်းကောင်းအိပ်မပျော်တဲ့ ကိုယ်ဝန်ဆောင်တွေမှာ အောက်ပါပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်။
- သွေးတိုးခြင်း ( သက်ဆိုင်ရာနှလုံးပြဿနာများ)
- သွေးတွင်းသကြားဓာတ်ထိန်းချုပ်မှုမကောင်းခြင်း ( ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ)
- စိတ်ပူပန်မှုများခြင်း၊ စိတ်ကျရောဂါ
- မီးဖွားပြီးစိတ်ကျရောဂါဖြစ်ခြင်း
ဒါ့အပြင် restless leg syndrome လို့ခေါ်တဲ့ ခြေထောက်လှုပ်ရှားသောရောဂါလက္ခဏာစုကလည်း အရင်ကရှိဖူးရင်ပိုဆိုးလာနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ ပထမဆုံးအနေနဲ့ဖြစ်ပေါ်လာတာမျိုးလည်းရှိပါတယ်။
နောက်ထပ်အန္တရာယ်ပေးနိုင်တဲ့ရောဂါတစ်မျိုးကတော့ အိပ်ပျော်နေစဉ်အသက်ရှူရပ်သွားသောရောဂါ ပဲဖြစ်ပါတယ်။ ဒီရောဂါက အမေနဲ့ သနေ္ဓသားနှစ်ဦးလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒီရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်တွေက -
- ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ
- ကိုယ်ဝန်ကြောင့်သွေးတိုးခြင်း
- ကလေးသေးခြင်း စတာတွေဖြစ်နိုင်ချေများပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် ဆရာဝန်နဲ့သေချာ တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူဖို့အရေးကြီးပါတယ်။
Dr. Mya Myo Myo Swe






























