/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်စဉ်-စိတ်ဓာတ်ကျရောဂါဖြစ်ရတာ-ဘာကြောင့်လဲ

ကိုယ်ဝန်ဆောင်စဉ် စိတ်ဓာတ်ကျရောဂါဖြစ်ရတာ ဘာကြောင့်လဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

စိတ်ဓာတ်ကျရောဂါဆိုတာ ဘယ်သူမဆိုမှာ ဖြစ်နိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတစ်ခုပါ။ ဘယ်လိုမှ ဖြေဖျောက်လို့မရတဲ့ ဝမ်းနည်းမှုကို ခံစားရလေ့ရှိပြီး မိမိအရင်က ကြိုက်နှစ်သက်ခဲ့တာတွေကိုတောင် စိတ်မဝင်စားတော့တာမျိုး ဖြစ်နိုင်ပါတယ်။ စိတ်ဓာတ်ကျရောဂါဆိုတာ ရိုးရိုးဝမ်းနည်းတာထက် ပိုပါတယ်။ ကိုယ် ဘယ်လောက်ပဲ ကြိုးစားကြိုးစား အလွယ်တကူ ပျောက်မသွားမယ့် စိတ်ခံစားချက်မျိုးပါ။

ကိုယ်ဝန်ဆောင်စဉ် စိတ်ဓာတ်ကျရောဂါဆိုတာ ကိုယ်ဝန်ရှိနေတဲ့အချိန်အတွင်းမှာပဲ အမျိုးသမီးတွေ ခံစားရတဲ့ စိတ်ကျန်းမာရေးရောဂါတစ်မျိုးပါ။ တချို့သော ကျန်းမာရေးပြဿနာတွေလိုပါပဲ။ ကိုယ်ဝန်ဆောင်စဉ် စိတ်ဓာတ်ကျတာဟာ အကြောင်းရင်းမရှိဘဲ ဖြစ်တတ်ပါတယ်။ တချို့အမျိုးသမီးတွေမှာပဲဖြစ်ပြီး တချို့မှာ ဘာကြောင့်မဖြစ်ရတာလဲဆိုတာတော့ သေချာမသိကြသေးပါဘူး။

တချို့သော ကျန်းမာရေးပြဿနာတွေနဲ့ အကြောင်းအရာတချို့ဟာ ကိုယ်ဝန်ဆောင်စဉ် စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ချေကို ပိုမြင့်တက်စေပါတယ်။
၁။  အပေါင်းအသင်းတွေဆီက အားပေးကူညီမှုမရှိခြင်း
ကိုယ်ဝန်ပြုစုစောင့်ရှောက်နည်းတွေကို မျှဝေပေးတဲ့အဖွဲ့များ၊ ကလေးနို့တိုက်နည်းနဲ့ ဖြည့်စွက်အာဟာရကျွေးနည်းတွေကို မျှဝေပေးတဲ့အဖွဲ့များဟာ ကိုယ်ဝန်နဲ့ကလေး ပြုစုစောင့်ရှောက်မှုကို လေ့လာသင်ယူနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေပါ။ ဒါ့အပြင် ကိုယ်ဝန်ဆောင်စဉ် စိတ်ဓာတ်ကျရောဂါမဖြစ်အောင် ကာကွယ်ဖို့အတွက်လည်း ကူညီပေးနိုင်ပါလိမ့်မယ်။ လေ့လာချက်တစ်ခုအရ ကိုယ်ဝန်ဆောင်စဉ် မိမိပတ်ဝန်းကျင်မှာ အမျိုးသား၊ မိသားစု၊ ကိုယ်ဝန်ဆောင်မိခင်အချင်းချင်း စတဲ့ အားပေးကူညီမယ့်သူတွေ ရှိနေခြင်းဟာ ကိုယ်ဝန်ဆောင်စဉ် စိတ်ဓာတ်ကျရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမွေးဖွားပြုစုခြင်းဟာ  အမျိုးသမီးတွေရဲ့ဘဝမှာတော့ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုပါ။ ဒါကြောင့် ဒီအချိန်ကို တစ်ယောက်တည်း မဖြတ်သန်းဘဲနဲ့ ရင်းနှီးသူတွေဆီက အားပေးကူညီမှုကို ရယူပြီး ဖြတ်သန်းဖို့က အရေးကြီးပါတယ်။

Obimin 1

၂။  စိတ်ဖိစီးမှုနဲ့ တခြားသော စိတ်ကျန်းမာရေးပြဿနာများ
သုတေသနတွေအရ အရင်ကတည်းက စိုးရိမ်ပူပန်မှုများခြင်း၊ စိတ်ဓာတ်ကျရောဂါစတဲ့ စိတ်ကျန်းမာရေးပြဿနာတွေရှိတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်တဲ့အခါ စိတ်ဓာတ်ကျရောဂါရနိုင်ချေ ပိုများတာကို တွေ့ရပါတယ်။

၃။  ကိုယ်ဝန်ဆောင်ချိန်မှာရှိတဲ့ အိပ်စက်ချိန်ပမာဏ
ညဘက် အိပ်ရေးမဝတဲ့အခါ မနက်ကျရင် ဘယ်လိုခံစားရသလဲဆိုတာကို လူတိုင်းသိကြမှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးဝဝ အိပ်စက်အနားယူဖို့က အရေးကြီးရတာပါ။ လေ့လာချက်တစ်ခုအရ အိပ်ရေးမဝခြင်းနဲ့ ကိုယ်ဝန်ဆောင်စဉ် စိတ်ဓာတ်ကျရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့တွေးခြင်းဟာ ဆက်စပ်မှုရှိနေတာကိ တွေ့ရပါတယ်။ အိပ်စက်ချိန်တိုးပြီး အိပ်ရေးဝဝအိပ်ခြင်းဟာ တချို့သော ကိုယ်ဝန်ဆောင်စဉ် စိတ်ဓာတ်ကျရောဂါရဲ့ တချို့လက္ခဏာတွေ ပြန်သက်သာလာဖို့ကို ကူညီပေးနိုင်ပါတယ်။

၄။  အာဟာရမပြည့်ဝခြင်း
အာဟာရမပြည့်ဝတာနဲ့ ကိုယ်ဝန်ဆောင်စဉ် စိတ်ဓာတ်ကျရောဂါဖြစ်ခြင်းဟာ ဆက်စပ်မှုရှိတယ်ဆိုတာကို  လေ့လာချက်တွေအရ သိရှိရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင်ဒီ လုံလောက်စွာမရခြင်းဟာ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျရောဂါရနိုင်ချေ ရှိပါတယ်။ ဗီတာမင်ဘီ၊ သံဓာတ်နဲ့ ဇင့်ဓာတ် ချိုတဲ့ခြင်းတွေဟာလည်း စိတ်ဓာတ်ကျရောဂါကို ဖြစ်စေနိုင်ပါတယ်။

Obimin 2

>>  ကိုယ်ဝန်ဆောင်စဉ် စိတ်ဓာတ်ကျရောဂါရှိလာရင် ဘယ်လိုကုသလို့ရသလဲ?
အကယ်၍ မိမိဆီမှာ စိတ်ပူပန်မှုများခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာခြင်း၊ အလွန်အမင်း ကြောက်ရွံ့ ခြင်း၊ စိတ်မပါသလို ခံစားရခြင်း၊ အရင်က နှစ်သက်ခဲ့တာတွေကို စိတ်ဝင်စားမှုမရှိတော့ခြင်း၊ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ဖြစ်ပေါ်လာခြင်း အစရှိတဲ့ ကိုယ်ဝန်ဆောင်စဉ် စိတ်ဓာတ်ကျရောဂါရဲ့လက္ခဏာတွေ ရှိလာမယ်ဆိုရင် အမြန်ဆုံး ဆရာဝန်နဲ့ပြပါ။ စိတ်ဓာတ်ကျရောဂါကို ကုသခြင်းဟာ မိမိရဲ့ကျန်းမာရေးနဲ့ ကလေးကျန်းမာရေးအပေါ်မှာ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့လက္ခဏာတွေ မတူညီနိုင်လို့ တစ်ယောက်နဲ့တစ်ယောက် ကုသပုံချင်းကလည်း တူချင်မှတူပါလိမ့်မယ်။ တချို့တွေက နှစ်သိမ့်ဆွေးနွေးခြင်း တစ်မျိုးတည်းနဲ့ သက်သာသွားပေမယ့် တချို့တွေမှာတော့ ဆေးသောက်ဖို့ပါ လိုကောင်းလိုလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော၊ ကလေးကိုပါ အန္တရာယ်မဖြစ်စေတဲ့ စိတ်ဓာတ်ကျရောဂါအတွက်ဆေးတွေ ရှိပါတယ်။ မိမိနဲ့သင့်တော်မယ့်ဆေးကို ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပေးခြင်း အာဟာရ စုံစုံလင်လင်စားခြင်းဟာလည်း ရောဂါကုသမှုကို အထောက်အကူ ပေးနိုင်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)