/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်စဉ်-အသားညိုလာခြင်း

ကိုယ်ဝန်ဆောင်စဉ် အသားညိုလာခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်အမှတ်အသားအနေနဲ့ အရေပြားမှာအမဲကွက်တွေထွက်လေ့ရှိကြပါတယ်။ အသားမဲတဲ့အမျိုးသမီးတွေမှာ ပိုကြုံတွေ့ရလေ့ရှိပါတယ်။ ဒါကမျိုးရိုးလိုက်တတ်ပြီးတော့ ကိုယ်ဝန်တစ်ခါဆောင်တိုင်း ပိုပိုပြီးသိသာလာတတ်ပါတယ်။

          ဒီအမဲရောင်အကွက်တွေက အပေါ်နှုတ်ခမ်းပတ်လည်၊ နှာခေါင်း၊ ပါးရိုးနဲ့ နှဖူးတွေမှာဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် ပါးပြင်၊ မေးရိုးတစ်လျှောက်၊ လက်ဖျံနဲ့ နေနဲ့ထိတွေ့နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အမဲကွက်တွေထွက်လာနိုင်ပါတယ်။ နို့သီးခေါင်း၊ တင်းတိပ်၊ မှဲ့ခြောက်၊ အမာရွတ်နဲ့ မျိုးပွားအင်္ဂါမှာရှိတဲ့အရေပြားတွေ၊ ချိုင်းသားနဲ့ပေါင်တွင်းသားကဲ့သို့သော ပွတ်တိုက်မှုများတဲ့နေရာတွေက အရေပြားတွေလည်း ကိုယ်ဝန်ဆောင်စဉ်မှာ ပိုပြီးအရောင်ရင့်လာတာကိုတွေ့နိုင်ပါတယ်။

          ဒါတွေဖြစ်ရခြင်းအကြောင်းအရင်းက ကိုယ်ဝန်ဆောင်စဉ်မှာ melatonin ဆိုတဲ့ ဆံပင်၊ အသားနဲ့ မျက်လုံးတွေကို အရောင်ဖြစ်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုများလို့ဖြစ်ပါတယ်။ နေရောင်နဲ့ထိတွေ့မှုကလည်း အရေးပါပါတယ်။

          ပုံမှန်အားဖြင့် ကလေးမွေးဖွားပြီး လအနည်းငယ်ကြာရင် အမဲကွက်၊ အရေပြားအရောင်ရင့်နေတာတွေပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်းပြန်ဖြစ်သော်လည်း အချို့သောအမျိုးသမီးတွေမှာတော့ ပြန်မပျောက်တော့ဘဲ ဆက်လက်ရှိနေတတ်ကြပါတယ်။

►► ချက်အောက်ပိုင်းမှ အမဲကြောင်း

        ကိုယ်ဝန်မဆောင်မီမှာ ချက်အောက်ကနေ ဆီးခုံရိုးဆီကိုသွားနေတဲ့ အဖြူရောင်အစင်းကြောင်းတစ်ခုရှိပါတယ်။ ဒါက အခြားအသားရောင်တွေနဲ့တူနေတဲ့အတွက် သတိမထားမိကြပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ အရောင်ခြယ်ဟော်မုန်း (melatonin) တွေထွက်တာများပြီး ဒီအစင်းကြောင်းလေးက အရောင်ရင့်ပြီးမြင်သာလာပါတယ်။ ဒီအစင်းကြောင်းကို Linea nigra လို့ခေါ်ပါတယ်။ ကလေးမွေးပြီးလအတော်ကြာရင် ဒီအစင်းကြောင်းက ပုံမှန်အသားရောင်အတိုင်း ပြန်ဖြစ်သွားလေ့ရှိပါတယ်။

►► ကိုယ်ဝန်ဆောင်စဉ် အသားအရေပြောင်းလဲမှုကို ကာကွယ်နိုင်ပါသလား

        ကိုယ်ဝန်ဆောင်စဉ်အသားရောင်ရင့်လာမှုတွေက မွေးဖွားပြီးရင်တော့ သူ့အလိုလိုပြန်ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ဖြစ်လာချိန်မှာ အနည်းဆုံးဖြစ်စေချင်ရင်တော့ အောက်ပါအချက်တွေကိုလိုက်နာနိုင်ပါတယ်။

- နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုမရှိအောင် ကာကွယ်ပါ။ နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေနဲ့ထိတွေ့ရင် အရောင်ပိုရင့်စေနိုင်ပါတယ်။

- နေပူပူ၊ မပူပူ အပြင်ထွက်လျှင် SPF 30 နှင့်အထက်ပါဝင်သော နေကာခရင်မ်လိမ်းပါ။ အပြင်ထွက်နေစဉ်အတွင်း ထပ်ခါထပ်ခါလိမ်းပေးပါ။

- လမ်းလျှောက်ခြင်း၊ ကားစီးခြင်း၊ ပြတင်းပေါက်နားမှာထိုင်ခြင်းကဲ့သို့သော အပြုအမူလေးကနေတောင် UV ထိနိုင်ခြေများတဲ့အတွက် မနက်တိုင်း နေကာခရင်လိမ်းတဲ့အကျင့်ပြုလုပ်ပါ။

- အပြင်ထွက်လျှင် ဦးထုပ်ဆောင်း၊ အင်္ကီျလက်ရှည်ဝတ်ပါ။

- မနက် 10 နာရီနှင့် နေ့လည် 2 နာရီအကြား နေရောင်ထိတွေ့ခြင်းမှရှောင်ကြဉ်ပါ။

- မျက်နှာသစ်ဆေးအပျော့စားများသုံးပါ

- အမဲကွက်တွေကြောင့် စိတ်ညစ်နေရရင် အမဲစက်တွေကိုဖုံးကွယ်ပေးနိုင်တဲ့မိတ်ကပ်ကို သုံးပါ။ ချွတ်ဆေးပါတဲ့ အလှကုန်တွေကိုတော့ ကိုယ်ဝန်ဆောင်စဉ်မသုံးပါနဲ့။

►► ကလေးမွေးပြီးရင် ဘယ်လိုဖြစ်မလဲ

        ကလေးမွေးပြီးချိန်မှာလည်း နေရောင်ခြည်ထိတွေ့မှုမှ ကာကွယ်ပါ။ အများအားဖြင့် ကလေးမွေးပြီးလအတန်းငယ်ကြာလျှင် အသားအရည်က သူအလိုလိုပုံမှန်အတိုင်းပြန်ဖြစ်သွားနိုင်ပါတယ်။

          အချို့သောအမျိ်ုးသမီးအနည်းငယ်မှာ အီစထရိုဂျင်ဟော်မုန်းပါတဲ့ ကိုယ်ဝန်တားဆေး (သောက်ဆေး၊ သားအိမ်ထဲထည့်သောပစ္စည်း) စတာတွေကြောင့် အရေပြားအရောင်ရင့်ခြင်းဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် အခြားကိုယ်ဝန်တားနိုင်တဲ့ နည်းလမ်းတစ်မျိုးမျိုးကိုစဉ်းစားနိုင်ပါတယ်။

          ကလေးမွေးပြီး လအတန်ကြာအမဲရောင်အကွက်တွေမပျောက်သေးဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး လိမ်းဆေးတွေလိမ်းနိုင်ပါတယ်။ ကလေးနို့တိုက်နေရင် (သို့) နောက်ထပ်ကလေးယူဖို့ အစီအစဉ်ရှိနေရင် ဆရာဝန်ကိုသေချာပြောပြပါ။ ဒါပေမယ့် ကုသမှုတွေက ချက်ချင်းတော့ ပျောက်ကင်းစေမှာမဟုတ်ပါဘူး။ တဖြည်းဖြည်းချင်းပဲ ကောင်းစေနိုင်ပါတယ်။

          လေဆာကုထုံးနဲ့ကုနိုင်သော်လည်း ပထမဦးစားပေးကုထုံးတော့မဟုတ်ပါဘူး။

►► ဒီအရေပြားအပြောင်းအလဲတွေက ရောဂါတစ်ခုခုကြောင့်ဖြစ်နိုင်ပါသလား

        အသားအရည်အရောင်ပိုရင့်လာခြင်းနဲ့အတူ နာခြင်း၊ နီလာခြင်း၊ သွေးထွက်ခြင်း (သို့) မှဲ့ရဲ့အရောင်၊ ပုံစံ၊ အရွယ်အစားတစ်ခုခုပြောင်းလဲလာတာမျိုးရှိရင် အရေပြားကင်ဆာ (သို့) အခြားရောဂါတစ်မျိုးမျိုးဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့သေချာတိုင်ပင်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)