ကိုယ်ဝန်ဆောင်စအချိန်တွင် ပျို့အန်ခြင်းနှင့် ကိုယ်လက်မအီမသာဖြစ်ခြင်း
♦ ဘယ်အချိန်မှာ စတင်ခံစားရလေ့ရှိပါသနည်း
ကိုယ်ဝန်တည်ပြီး ပထမ 3 လပတ်အတွင်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး 4 ဦးအနက် 3 ဦးဟာ ပျို့အန်ခြင်းဝေဒနာကို ခံစားရလေ့ရှိပါတယ်။ အများအားဖြင့် ၎င်းလက္ခဏာတွေဟာ မနက်ပိုင်းမှာဖြစ်လေ့ရှိသော်လည်း နေ့ညမရွေးဘယ်အချိန်မှာမဆို ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်တည်ပြီး 4 ပတ်မှ 9 ပတ်အတွင်းမှာ စတင်ပျို့အန်လေ့ရှိပြီး ကိုယ်ဝန် 7 ပတ်မှ 12 ပတ်အတွင်းမှာတော့ အဆိုးဝါးဆုံးဖြစ်ပါတယ်။ ထိုကာလအတွင်းမှာ ကိုယ်ဝန်ဆောင်အမျိ်ုသမီးတွေဟာ အနံ့အာရုံကိုလွန်ကဲစွာ တုံ့ပြန်လေ့ရှိတာကြောင့် အစားအစာနဲ့အခြားအနံ့အမျိုးမျိုးတို့ကြောင့် ပျို့အန်ခြင်းဝေဒနာကို ခံစားရတာဖြစ်ပါတယ်။
သတင်းကောင်းတစ်ခုကတော့ အများစုသောကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုယ်ဝန် 12 ပတ်မှ 14 ပတ်အတွင်းမှာ သက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။ (အချို့သော အမျိ်ုးသမီးတွေမှာတော့ ရှားရှာပါးပါး ဒုတိယ 3 လပတ်အထိ ပျို့အန်လေ့ရှိပြီး အမြွှာကိုယ်ဝန်ဆောင်သည်တွေကတော့ မွေးဖွားခါနီးထိတိုင်အောင် ၎င်းလက္ခဏာတွေကို ခံစားရတတ်ပါတယ်။) ကိုယ်ဝန်ကြောင့် ကိုယ်လက်မအီမသာဖြစ်ခြင်းဟာ မိခင်အတွက် စိတ်ညစ်ညူးစရာဖြစ်ပေမယ့်လည်း သနေ္ဓသားကိုတော့ တစ်စုံတစ်ရာထိခိုက်ခြင်းမရှိပါဘူး။
♦ ဖြစ်ပွားရသည့်အကြောင်းအရင်းများ
အကြောင်းအရင်းကို တိတိကျကျမသိသော်လည်း ဖြစ်နိုင်တာကတော့ ကိုယ်ဝန်ဆောင် ဟော်မုန်း (hCG) ထွက်နှုန်းအမြင့်ဆုံးဖြစ်တဲ့ ကိုယ်ဝန်ဆောင်စအချိန်မှာ ဖြစ်ပွားလေ့ရှိ်ပါတယ်။ အမျိ်ုးသမီးဟော်မုန်းတွေဖြစ်တဲ့ estrogen နဲ့ progestesone ပမာဏမြင့်တက်လာခြင်းဟာလည်း အစာခြေလမ်းကြောင်းရှိ ကြွက်သားများကိုဖြေလျော့စေကာ အစာခြေစွမ်းရည်ကို ကျဆင်းစေနိုင်ပါတယ်။ အခြားခန္ဓာကိုယ်တွင်းပြောင်းလဲခြင်းတွေဖြစ်တဲ့ အနံ့စူးစူးများကို မခံနိုင်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ်ပါးစပ်ထဲ၌ သတ္တုအရသာခံစားရခြင်းနဲ့ သားအိမ်ကြွက်သားများ ဆွဲဆန့်ခံရခြင်းတို့အပြင် အစားအသောက် မမှန်ခြင်းကလည်း ပျို့အန်ခြင်းဝေဒနာခံစားရစေဖို့အတွက် တွန်းအားပေးတဲ့အရာတွေပဲဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိ်ုးသမီးတိုင်း ပျို့အန်ခြင်းကိုခံစားရတာမဟုတ်သလို တစ်ယောက်နဲ့တစ်ယောက်ဖြစ်ပွားပုံခြင်းလည်း မတူပါဘူး။ အချို့တွေက တခါတရံမှသာ ကိုယ်လက်မအီမသာဖြစ်၍ အချို့ကတော့ မကြာခဏပင်ပန်းနွမ်းနယ်သော်လည်း ပျို့အန်လေ့မရှိပေ။ အချို့မှာမူ မကြာခဏဆိုသလို ပျို့အန်ကြပါတယ်။ ထိုကဲ့သို့ မတူကွဲပြားခြားနားခြင်းအတွက် ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရင်းတွေကတော့ -
1. ဟော်မုန်းပမာဏ
ဟော်မုန်းပမာဏပုံမှန်ထက် မြင့်တက်လာခြင်း (ဥပမာ - အမြွှာပူးကိုယ်ဝန်ဆောင်ထားခြင်း) ကြောင့် ပျို့အန်ခြင်းဝေဒနာကို ပိုမိုခံစားရလေ့ရှိပြီး ဟော်မုန်းပမာဏလျော့နည်းသွားပါက ဆိုးဆိုးရွားရွားခံစားရလေ့မရှိပေ။ (သို့သော် ပုံမှန်ဟော်မုန်းပမာဏသာရှိသော အမျိုးသမီးများတွင်လည်း ကိုယ်လက်မအီမသာဖြစ်မှုကို အနည်းငယ်ခံစားရတတ်ပါတယ်။)
2. လွန်ကဲစွာတုံ့ပြန်ခြင်း
အချို့သောသူတွေရဲ့ ဦးနှောက်တွေဟာ ကိုယ်ဝန်ဆောင်စဉ်ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေနဲ့ ဟော်မုန်းတွေကို အခြားသူများထက် ပိုမိုလွန်ကဲစွာတုံ့ပြန်လေ့ရှိကြပါတယ်။ ဒါကြောင့် ထိုကဲ့သို့ တုံ့ပြန်မှုလွန်ကဲတဲ့သူတွေဟာ (ဥပမာ - ကားမူးခြင်း၊ လှေမူးခြင်းတို့ကို အမြဲတစေခံစားနေရသူများ) ကိုယ်ဝန်ဆောင်လျင် ပိုမိုဆိုးရွားတဲ့ ပျို့အန်ခြင်းဝေဒနာတွေကို ခံစားရတတ်ပါတယ်။ သို့ပါသောကြောင့် မိမိကိုယ်ကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းဖြင့် ခံစားရမယ့်ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။
3. စိတ်ဖိစီးမှုများခြင်း
စိတ်ခံစားမှုကြောင့်ဖြစ်တဲ့ ဖိအာတွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို သွားရောက်လှုံ့ဆော်နိုင်တယ်ဆိုတာသိရှိပြီးဖြစ်တဲ့အတိုင်း စိတ်ဖိစီးမှုများလာပါက ပျို့အန်ခြင်းလက္ခဏာတွေဟာ ပိုမိုဆိုးရွားလာရတယ်ဆိုတာ မထူးဆန်းပါဘူး။
4. မောပန်းနွမ်းလျခြင်း
လူပင်ပန်း၊ စိတ်ပင်ပန်းခြင်းဟာ ကိုယ်ဝန်ဆောင်စဉ် ကိုယ်လက်မအီမသာဖြစ်ခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ (အပြန်အလှန်အားဖြင့် ဆိုးဆိုးရွားရွားပျို့အန်ခြင်းကြောင့်လည်း ပိုမိုပင်ပန်းနွမ်းလျစေပါတယ်။)
5. ပထမဆုံးအကြိမ်ကိုယ်ဝန်ဆောင်ခြင်း
ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့်ပါ ပထမဆုံးအကြိမ်ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ပျို့အန်ခြင်းဟာ ပိုမိုဖြစ်လေ့ရှိပြီး ပိုမိုလည်းပြင်းထန်လေ့ရှိပါတယ်။ ရုပ်ပို်င်းဆိုင်ရာအနေနဲ့ ခန္ဓာကိုယ်ဟာ ဒီလိုပြောင်းလဲမှုတွေကို ကြုံတွေ့ရမယ်လို့ မမျှော်လင့်ထားတဲ့အတွက် ကြိုတင်မပြင်ဆင်ထားပါဘူး။ ပထမအကြိမ်ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေဟာ ကြောက်ရွံ့စိုးရိမ်စိတွေပိုမိုများပြားတာကြောင့် အစာအိမ်ရဲ့လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေသော်လည်း ကိုယ်ဝန်ဆောင်ဖူးတဲ့အမျိုးသမီးတွေအနေနဲ့ကတော့ ကလေးကြီးတွေကိုဂရုစိုက်နေရတာကြောင့် ထိုကဲ့သို့ပျို့အန်ခြင်းဝေဒနာကို ခံစားဖို့တောင်မေ့နေကြပါတယ်။ (ဒါပေမယ့်လည်း ဘယ်အရာမှ ပုံသေနည်းဆိုတာမရှိပါဘူး။ အချို့အမျိုးသမီးတွေမှာတော့ နောက်ကိုယ်ဝန်တွေမှာ ပထမဆုံးကိုယ်ဝန်ထက်ပင် ပိုမိုဆိုးရွားတဲ့ပျို့အန်ခြင်းဝေဒနာကို ခံစားရတတ်ပါတယ်။
6. မျိုးရိုးဗီဇ
မိခင်အလှည့်တုန်းက ကိုယ်ဝန်ဆောင်စအချိန်မှာ ပျို့အန်ခြင်းဝေဒနာတွေခံစားခဲ့ရပါက မိမိအလှည့်တွင်လည်း ခံစားရနိုင်ချေမြင့်မားပါတယ်။
♦ သိသင့်သိထိုက်သောအချက်အလက်များ
1. ကိုယ်လက်မအီမသာဖြစ်တာ အဆိုးဆုံးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ပထမသုံးလပတ်ဟာ သနေ္ဓသားလောင်းစတင်ဖွ့ံဖြိုးကာစအချိန်ဖြစ်တဲ့အတွက် အာဟာဓာတ်တွေများစွာမလိုအပ်သေးပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ပထမသုံးလပတ်မှာ အစာမစားနိုင်လို့ ကိုယ်အလေးချိန်ကျဆင်းသွားခြင်းဟာ သနေ္ဓသားလောင်းကို မထိခိုက်ပါဘူး။
2. ဆီးအရောင်ပြောင်းသွားခြင်းရှိ/မရှိကိုလည်း အမြဲမပြတ်စောင့်ကြည့်နေသင့်ပါတယ်။ ဆီးအရောင်ရင့်လာပါက ရေများများသောက်ပေးဖို့လိုပါတယ်။
3. မိခင်လောင်းဟာ အရည်တောင်မသောက်နိုင်လောက်အောင် ဝေဒနာကိုဆိုးဆိုးရွားရွားခံစားနေရပါက ဆရာဝန်နှင့်ချက်ချင်းသွားရောက်ပြသပါ။
Dr. Thinzar Wynn






























