ကိုယ်ဝန်ဆောင်နဲ့ သွေးဆင်းခြင်း
ကိုယ်ဝန်ဆောင်စမှာ သွေးအနည်းငယ် စွန်းတာ၊ဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ပထမကာလမှာ ကိုယ်ဝန်ဆောင်လေးပုံတစ်ပုံဟာ သွေးအနည်းငယ် ဆင်းတတ်ကြပါတယ်။ ဒါပေမယ့် သွေးဆင်းတာရပ်သွားသည့်တိုင်အောင် အကျိုးအကြောင်း အကောင်းအဆိုး ကွဲပြားစေရန် ကျန်းမာရေးဌာနကို သွားပြသင့်ပါတယ်။
သွေးစစဆင်းခြင်းဟာ အများစုမှာတော့ ကိစ္စအကြီးအကျယ်မရှိနိုင်ပေမဲ့ တစ်ချို့မှာ နေရာမှားသနေ္ဓတည်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ အချင်းပြဿနာတစ်စုံတစ်ရာတွေ ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် ကျန်းမာရေးဌာနမှာ ဆရာဝန်နဲ့ပြသပြီး ကလေးရောအမေပါ ကျန်းမာသန်စွမ်းမှု ရှိမရှိ၊ ပြဿ နာ တစ်စုံတရာရှိ၊ မရှိကို စမ်းသပ်စစ်ဆေးခြငး်၊ Ultrasound(တယ်လီဗေးရှင်းဓာတ်မှန်)ရိုက်ခြင်းနဲ့ သွေးစစ်ခြင်း တို့ကို ပြုလုပ်သင့်ပါတယ်။
အကယ်၍ သွေးတောက်လျောက်ဆင်းနေတယ်၊ ဆိုးဆိုးရွားရွားနာနေတယ် ဆိုရင်တော့ အရေးပေါ်ဌာနကို ချက်ချင်းပြေးသင့်ပါတယ်။
သွေးစွန်းခြင်းနဲ့ သွေးဆင်းခြင်း
သွေးစွန်းရုံဆင်းခြင်းဟာ ပုံမှန်ရာသီအစနဲ့ အဆုံးမှာ ဆင်းတတ်သလို ဟိုတစ်စ ဒီတစ်စ ဆင်းတယ်ဆိုရုံ ဆင်းခြင်းမျိုးဖြစ်ပါတယ်။ အရောင်ကလည်း ပန်းရောင်၊ အနီရောင်ဖြော့ဖြော့ကနေ ခြောက်သွားတဲ့ သွေးအရောင် အညိုရောင်အထိ ရှိနိုင်ပါတယ်။ အတွင်းခံမှာ အမျိုးသမီးအသုံးအဆောင်ဂွမ်းထုပ် ခံရလောက်အောင် ဆင်းခြင်းမျိုးကိုတော့ သွေးဆင်းတယ်လို့ ဆိုနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာ ဘာကြောင့် သွေးဆင်းနိုင်သလဲ?
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းစေတတ်တဲ့ အချက်တွေကတော့…
1. သနေ္ဓတွယ်သွေးဆင်းခြင်း
အချို့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ရှိမှန်း မသိခင်ကတည်းက သားဥကြွေပြီး တစ်ပတ်အကြာလောက်မှာ သွေးဆင်းတတ်ပါတယ်။ ဒါဟာ မျိုးဥအောင်ပြီး ၆ရက်လောက်အကြာမှာ သနေ္ဓသားလေးက သွေးတွေနဲ့ပြည့်နေတဲ့ အမေ့သားအိမ်နံရံကို လာကုပ်တွယ် သနေ္ဓတည်တဲ့ အချိန်မှာ သွေးအနည်းငယ်ဆင်း လာတတ်တာ ဖြစ်ပါတယ်။
ဒါကြောင့် ရာသီလာရက်မတိုင်မီ တစ်ပတ်နှစ်ပတ်လောက်မှာ သွေးနည်းနည်းစီ ဆင်းနေတယ်ဆိုရင် ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။ အကယ်၍ တစ်ကြောင်းသာပေါ်တယ်ဆိုရင်တော့ ခဏစောင့်ကြည့်လိုက်ပါ။ ရာသီလာရက်မှာ မလာခဲ့ရင်တော့ နောက်တစ်ကြိမ် စမ်းသပ်ကြည့်နိုင်ပါတယ်။
2. ကိုယ်ဝန်ပျက်ကျခြင်း
ကိုယ်ဝန်ဆောင်ပထမကာလမှာ သွေးစစဆင်းနေပြီး ဗိုက်နာတာကိုက်တာမျိုးရှိလာရင် ကိုယ်ဝန်ပျက်ကျခြင်းရဲ့ အစောဆုံး လက္ခဏာရပ်တွေ ဖြစ်နေနိုင်ပါတယ်။ (ကိုယ်ဝန်စောစောကာလမှာ သွေးဆင်းတတ်တဲ့ အမျိုးသမီးတွေရဲ့ တစ်ဝက်ဟာ ကိုယ်ဝန်ပျက်ကျတာမျိုးတွေ့ရပါတယ်။) ဒါပေမယ့် Ultrasound မှာ ၇ပတ်ကနေ ၁၁ပတ်အတွင်း ကလေးနှလုံးခုန်နေတုန်းဆိုရင် ကိုယ်ဝန်ဆက်ဆောင်နိုင်ခြေ ၉၀ရာခိုင်နှုန်းထက် ပိုများပါတယ်။
3. နေရာလွဲမှား သနေ္ဓတည်ခြင်း
သနေ္ဓသားလေးဟာ သားအိမ်ရဲ့ အပြင်ဘက်၊ အထူးသဖြင့် ညာဘက် (သို့) ဘယ်ဘက် သားဥပြွန်ချောင်းလက်တံတစ်ဖက်မှာ သွားတွယ်နေပြီဆိုရင်တော့ နေရာလွဲမှား သနေ္ဓတည်နေပြီး သွေးဆင်းတတ်ပါတယ်။ တစ်ခါတစ်ရံ သွေးဆင်းခြင်းတစ်ခုတည်းပဲ ခံစားရနိုင်သလို အခြား လက္ခဏာတွေဖြစ်တဲ့ ဗိုက်နာခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ ပုခုံးနာခြင်း စတာတွေနဲ့လည်း တွဲပြီးခံစားရတတ်ပါတယ်။ နေရာမှားသနေ္ဓတည်ခြင်းဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် သွေးဆင်းပြီး ဗိုက်နာလာရင် ဆရာဝန်နဲ့ ချက်ချင်း ဆက်သွယ်သင့်ပါတယ်။
4. ပိုးဝင်ခြင်း
သွေးဆင်းခြင်းဟာ ကိုယ်ဝန်နဲ့ မဆိုင်ပဲ ပိုးဝင်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မှိုပိုးဝင်ခြင်း၊ ဘတ်တီးရီးယားပိုးဝင်ခြင်း ဒါမှမဟုတ် လိင်မှတဆင့် ကူးစက်တတ်သော ဆီးပူညောင်းကျရောဂါ၊ ရေယုန်ရောဂါ၊ ကလမိုင်းဒီးယားရောဂါ စတဲ့ ကူးစက်ရောဂါတွေကြောင့် သားအိမ်ခေါင်းရောင်ပြီး သွေးထွက်နိုင်ပါတယ်။
Dr. Emerald (www.drmyanmar.com)






























