/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်နှင့်-hiv

ကိုယ်ဝန်ဆောင်နှင့် HIV

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

HIV ရှိတဲ့ကိုယ်ဝန်ဆောင်မိခင်ကနေ သနေ္ဓသားကို ကူးစက်နိုင်ပါသလား ?

         HIV ရှိတဲ့ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကို နည်း 3 မျိုးနဲ့ကူးစက်နိုင်ပါတယ်။

1. ကိုယ်ဝန်ဆောင်စဉ်

2. ကလေးရိုးရိုးမွေးစဉ်

3. မိခင်နို့တိုက်ကျေွးနေစဉ်

        မိခင်မှာ HIV ပိုးရှိခဲ့ရင်တော့ ART လို့ခေါ်တဲ့ HIV ဆေးတွေကို သောက်သုံးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်စေပြီး မိခင်မှကလေးကိုကူးစက်နိုင်တဲ့အခွင့်အရေးကိုနည်းစေပါတယ်။ ကိုယ်ဝန်ရှိစဉ် စောနိုင်သမျှစောစောသောက်လေလေ ကလေးကိုကူးစက်နိုင်မှုကို ကာကွယ်နိုင်လေလေပါပဲ။ တကယ်လို့စောစောမသောက်ဖြစ်ခဲ့ရင်တောင်မှ ကလေးမွေးချိန်မှ (သို့) ကလေးမွေးဖွားပြီးပြီးချင်း ဆေးသောက်ခြင်းဖြင့် အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

 

ကိုယ်ဝန်ရှိလာရင် HIV ပိုးစစ်ဆေးသင့်ပါသလား။

         ကိုယ်ဝန်ယူဖို့အစီအစဉ်ရှိလျှင် (သို့) ကိုယ်ဝန်ရှိနေတယ်လို့သိသိချင်းမှာ အရင်ကစစ်ဖူးရင်တောင်မှ HIV ရှိမရှိထပ်မံ စစ်ဆေးရပါမယ်။ HIV ပိုးဝင်ရောက်နိုင်တဲ့ အန္တရာယ်ရှိတဲ့အပြုအမူတစ်ခုခုပြုလုပ်မိရင်တော့ ကိုယ်ဝန်နောက်ဆုံးသုံးလမှာ HIV ကို ထပ်ပြီးစစ်ဆေးရပါမယ်။

         တကယ်လို့ မွေးဖွားတဲ့အချိန်ရောက်တဲ့အထိ HIV မစစ်ရသေးဘူးဆိုရင်တော့ မွေးခန်းထဲမှာပဲ အဖြေအမြန်ရတဲ့နည်းနဲ့ HIV စစ်ပြီးတော့ ရှိခဲ့မယ်ဆိုရင် ကလေးကိုမကူးအောင်ကာကွယ်ရမယ့်နည်းလမ်းတွေကို ဆက်ပြီးလုပ်နိုင်မှာဖြစ်ပါတယ်။

မမွေးဖွားမီမှာ HIV ရှိတဲ့မိခင်ကနေ ကလေးကို မကူးစက်အောင်ဘယ်လိုကာကွယ်နိုင်ပါသလဲ။

        HIV ရှိတဲ့သူတစ်ယောက်မှာ ကိုယ်ဝန်ရခဲ့မယ်ဆိုရင် ကိုယ်ဝန်ဆောင်စဉ်၊ မီးတွင်းနဲ့ မွေးဖွားပြီးချိန်တစ်လျှောက်လုံးမှာ ART ဆေးသောက်သုံးခြင်းဖြင့် ကလေးကိုကူးစက်နိုင်မှုကိုလျော့နည်းစေပြီး ကျန်းမာစေနိုင်ပါတယ်။

        ART ဆေးသောက်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ ခန္ဓာကိုယ်ထဲကပိုးပမာဏကို တိုင်းတာလို့မရတော့တဲ့အထိ လျော့ကျသွားအောင်ဖြစ်ပါတယ်။

       ကိုယ်ဝန်ဆောင်မိခင်တွေအတွက် စိတ်ချစွာသောက်နိုင်တဲ့ HIV ဆေးတွေရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို HIV ဆေးရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုမေးမြန်းပြီး ကိုယ်ဝန်ဆောင်အတွက်သင့်တော်တဲ့ ကုထုံးကိုရွေးချယ်နိုင်ပါတယ်။

       ကိုယ်ဝန်မရှိခင်ကတည်းက ART သောက်နေတယ်ဆိုရင်တော့ ဆေးမရပ်လိုက်ပါနဲ့။ ကျန်းမာရေးကောင်းစေဖို့နဲ့ ကလေးကိုမကူးစက်အောင်ကာကွယ်နိုင်ဖို့အတွက် ဆေးဆက်သောက်နေဖို့အရေးကြီးပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူနဲ့တိုင်ပင်ပြီး သင့်တော်တဲ့ကုထုံးကိုရှာပြီးတော့ တကယ်လို့ပြောင်းလဲမှုတစ်ခုခုကြုံရရင်လည်း တိုင်ပင်ပါ။

         ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ခွဲမွေးမှာလား၊ ရိုးရိုးမွေးမှာလားဆိုတဲ့ မွေးဖို့အစီအစဉ်ကိုလည်းတိုင်ပင်ဆွေးနွေးပါ။ HIV ပိုးအရေအတွက်များတဲ့မိခင်တွေ (သို့) ပိုးဘယ်လောက်ရှိမှန်းမသိသူတွေအတွက် ကိုယ်ဝန် 38 ပတ်မှာ ခွဲမွေးခြင်းဖြင့် မိခင်မှကလေးကိုကူးစက်နိုင်မှုှကိုလျော့နည်းစေပါတယ်။ ဒီဆုံးဖြတ်ချက်တွေက အခြေအနေအပေါ်မူတည်ပြီး ဆရာဝန်နဲ့ မိခင်နှစ်ယောက်လုံးတိုင်ပင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

 

မွေးပြီးချိန်မှာ မိခင်မှကလေးကူးစက်မှုကို ဘယ်လိုကာကွယ်နိုင်ပါသလဲ

        HIV ပိုးရှိတဲ့မိခင်ကနေမွေးဖွားလာတဲ့ကလေးကို မွေးပြီးပြီးချင်းကစပြီးတော့ zidovudine (Retrovir)ဆေး 6 ပတ်တိုက်ရပါမယ်။ ဒါက ကလေးကိုမွေးဖွားနေစဉ်မှာကူးစက်နိုင်တဲ့ HIV ကိုကာကွယ်ဖို့ဖြစ်ပါတယ်။

       ကလေး 6 လ ပြည့်ပြီးတဲ့နောက်မှာတော့ ကလေးမှာ HIV ပိုးရှိ/မရှိ မကြာခဏစစ်ဆေးကြည့်ရပါမယ်။ တကယ်လို့ ကလေးမှာ HIV ပိုးရှိခဲ့ရင် zidovudine ကနေ ART ဆေးပြောင်းတိုက်ရပါမယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com