/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ပြီးနောက်-ကိုယ်အလေးချိန်-ဘယ်လိုပြန်ချကြမလဲ

ကိုယ်ဝန်ဆောင်ပြီးနောက် ကိုယ်အလေးချိန် ဘယ်လိုပြန်ချကြမလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကလေးမွေးပြီး 6 လ - 1 နှစ် အကြာမှာ ကိုယ်ဝန်မဆောင်ခင်အချိန်က ကိုယ်အလေးချိန်ပြန်ရောက်အောင် လုပ်ဖို့အစီအစဉ်ဆွဲထားသင့်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေ စားသုံးခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ကျဆင်းဖို့ကူညီပေးပါတယ်။  မိခင်နို့တိုက်ကျေွးခြင်းကလည်း ကိုယ်အလေးချိန်ကျစေပါတယ်။

1. အချိန်ပေးပါ။

         ကလေးမွေးပြီးနောက် ခန္ဓာကိုယ်ကိုပြန်လည်တည်ဆောက်ဖို့ အချိန်လိုပါတယ်။ ကလေးမွေးပြီး ချက်ချင်းကိုယ်အလေးချိန်ကျချင်ရင်တော့ ပိုပြီးအချိန်ယူဖို့လိုအပ်ပါတယ်။ ဒါပေမယ့် မီးဖွားပြီး ၆ ပတ်အကြာမှာ ဆရာဝန်နဲ့ပြန်ပြပြီးမှ ဝိတ်ချဖို့ပြင်ဆင်ပါ။ ကလေးနို့တိုက်နေရင်တော့ ကလေး အသက် 2 လရောက်မှ ကိုယ်အလေးချိန်ချပါ။

 

2. မိခင်နို့တိုက်ကျေွးခြင်း

        နို့တိုက်မိခင်ဆိုရင်တော့ ဖြည်းဖြည်းချင်းဝိတ်ချပါ။ ကိုယ်အလေးချိန်မြန်မြန်ကျခြင်းက နို့ထွက်နည်းသွားစေပါတယ်။ တစ်ပတ်ကို တစ်ပေါင် - တစ်ပေါင်ခွဲကျခြင်းကတော့ နို့ထွက်မှုနဲ့ ကျန်းမာရေးပေါ်မှာ ဘာမှထိခိုက်မှုမရှိပါဘူး။

         မိခင်နို့တိုက်ခြင်းက ကယ်လိုရီတွေကိုလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။ စိတ်ရှည်ရှည်စောင့်ကြည့်မယ်ဆိုရင် မိခင်နို့တိုက်ကျေွးနေစဉ် သဘာဝအတိုင်းကိုယ်အလေးချိန်ကျတာကို တွေ့နိုင်ပါတယ်။

 

3. ကိုယ်အလေးချိန်ကျအောင် စားသုံးခြင်း

          အောက်ပါ အချက်တွေက အန္တရာယ်ကင်းကင်းနဲ့ ကိုယ်အလေးချိန်ကျစေပါတယ်။

- အစာမစားဘဲမနေပါနဲ့။ ကလေးငယ်ရှိတဲ့ အမေတွေဟာ အစာစားဖို့မေ့တတ်ကြပါတယ်။ အစာမစားရင် ကိုယ်အလေးချိန်ကျမယ့်အစား လိုအပ်တဲ့ စွမ်းအင်တွေမရရှိစေပါဘူး။

- ထမင်းသုံးကြိမ်စားမယ့်အစား တစ်နေ့ကို နည်းနည်းနဲ့ ၅ကြိမ်- ၆ ကြိမ်လောက်စားပေးပါ။ ကြားထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သွားရေစာတွေ စားသောက်နိုင်ပါတယ်။

- မနက်စာစားပါ။ မနက်စာစားတဲ့အကျင့်မရှိရင်တောင် ပုံမှန်စားတဲ့ အလေ့အကျင့်လုပ်ပါ။ မနက်စာစားခြင်းက တစ်နေ့လုံးအတွက် စွမ်းအင်ပြည့်ဝစေပြီး မောပန်းနွမ်းနယ်ခြင်းကိုလည်း မဖြစ်အောင်ကာကွယ်ပေးပါတယ်။

- ဖြည်းဖြည်းဝါးစားပါ။ အစားဖြည်းဖြည်းစားခြင်းဖြင့် ဗိုက်ပြည့်တဲ့အချိန်ကို သိစေလို့ အလွန်အကျွံစားသုံးခြင်းကို ကာကွယ်စေနိုင်ပါတယ်။

- အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသောက်ပါ။ အဆီပါဝင်မှုနည်းသော သို့ အဆီထုတ်ထားတဲ့ အစားအစာတွေကို ရှာဝယ်ပါ။ နို့ထွက်ကောင်းစေဖို့ နွားနို့တစ်ခွက်လုံးသောက်စရာမလိုပါဘူး။

- သွားရည်စာစားချင်ရင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကိုစားပါ။ အဆီပါဝင်မှုနည်းပြီး ဗီတာမင်နဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ ပန်းသီး၊ လိမေ္မာ်သီး၊ ဘယ်ရီသီး၊ ငှက်ပျောသီး၊ မုန်လာဥနီတွေက ကောင်းမွန်တဲ့အစားအစာတွေဖြစ်ပါတယ်။

- တစ်နေ့ကို ရေ ၈ - ၉ ခွက် (၂လီတာ၀န်းကျင်) သောက်ပါ။ ရေသောက်ခြင်းက ခန္ဓာက်ိုယ်က အဆီတွေကို ဖယ်ရှားပေးပါတယ်။ ဆိုဒါ၊ အချိုရည်၊ သကြားဓာတ်နဲ့ ကယ်လိုရီများစွာ ပါဝင်တဲ့ ဖျော်ရည်တွေကို မသောက်ပါနဲ့။

- ဆီနဲ့ကြော်ထားတဲ့အစားအစာတွေမစားပါနဲ့။ ပြုတ် (သို့) ကင်ထားတဲ့ အစားအစာတွေစားပါ။

- သကြားလုံး၊ သကြားနဲ့ အဆီများစားသုံးခြင်းကို ကန့်သတ်ထားပါ။

 

4. ရက်တိုဝိတ်ချတဲ့နည်းတွေကိုရှောင်ပါ။

        အစာလုံလောက်အောင်မစားခြင်းနဲ့ ရက်တိုအစားလျှော့တဲ့နည်းတွေကိုမလုပ်ပါနဲ့။ ဒါတွေက ပထမပိုင်းမှာ ကိုယ်အလေးချိန်ကျစေနိုင်ပေမယ့်  ဒီကျသွားတဲ့ပေါင်တွေက နောက်ပိုင်းမှာ ပြန်ပြီးတက်လာပါလိိမ့်မယ်။ ဒီရက်တိုနည်းလမ်းတွေက အဆီတွေကိုကျစေမယ့်အစား အသားတွေကိုကျသွားစေတာပါ။ ပုံမှန်ပြန်စားတာနဲ့ အဆီတွေချက်ချင်းပြန်တက်လာပါလိမ့်မယ်။

 

5. လက်တွေ့ကျကျလုပ်ပါ။

        ကိုယ်ဝန်မဆောင်မီက ကိုယ်အလေးချိန်နဲ့ ကိုယ်လုံးပုံစံ အတိအကျအတိုင်းတော့ ပြန်ရချင်မှ ရနိုင်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ခြင်းကြောင့် အမျိုးသမီးအများစုဟာ ဝမ်းဗိုက်ကြွက်သားများတွဲလာခြင်း၊ တင်ပါးကျယ်လာခြင်း၊ ခါးတုတ်လာခြင်းတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ကိုယ့်ရဲ့ပန်းတိုင်ကို လက်တွေ့ကျအောင်ထားပါ။

 

6. လေ့ကျင့်ခန်း

       ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများစားသုံးခြင်းနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ကိုယ်အလေးချိန်ကျစေတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက အဆီတွေကိုကျစေပါတယ်။

       ကိုယ်အလေးချိန်လျော့ချဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အစားနည်းနည်းလျှော့စားပြီး လှုပ်ရှားမှုများများလုပ်ပါ။ ကိုယ်အလေးချိန်လျှင်မြန်စွာကျဆင်းခြင်းက ကျန်းမာရေးအတွက်မကောင်းစေပါဘူး။

       ဒါကြောင့် အလွန်အကျွံမလုပ်ပါနဲ့။ ကလေးလှည်းလေးကိုတွန်းပြီး အနီးအနားမှာပဲလမ်းလျှောက်ခြင်းက နေ့စဉ်လုပ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

 

 

Dr. Mya Myo Myo Swe

www.drmyanmar.com