ကိုယ်ဝန်ဆောင်မိခင်တို့အတွက် လိုအပ်သော Vitamin A
ဒီတစ်ခါတော့ ကိုယ်ဝန်ဆောင်တွေအတွက် Vitamin A အကြောင်း ပြောပြချင်ပါတယ်။ Vitamin A ဟာ အဆီမှာ ပျော်ဝင်နိုင်ပြီး အသည်းမှာ သိမ်းဆည်းပါတယ်။ Vitamin A ဟာ အမြင်အာရုံအတွက် အရေးပါပြီး ကူးစက်ရောဂါတွေကိုလည်း တားဆီးပေးပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာဆိုရင် သန္ဓေသားဖွံ့ဖြိုးမှုတွေဖြစ်တဲ့ နှလုံး၊ အဆုတ်၊ မျက်လုံး၊ အရိုးနှင့် သွေးလည်ပတ်စီးဆင်းမှုတွေ အတွက်အရေးပါပါတယ်။ မွေးဖွားပြီးမိခင်ရဲ့တစ်သျှူး (tissue) တွေကို ပြန်ပြင်ဆင်ဖို့အတွက်လည်း အရေးပါတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။
>> Vitamin A ဆိုတာ ဘာလဲ?
Vitamin A ကို retinol သို့ retinoids ဟုခေါ်ပြီး provitamin A ကို carotenoids ဟုခေါ်ပါတယ်။ Vitamin A ကို ကြက်ဥ၊ နွားနို့၊ အသည်း စသည်တို့တွင် တွေ့ရပြီး provitamin A Carotenoids ကို သစ်သီးသစ်ဥနဲ့ ဟင်းရွက်တွေမှာ တွေ့ရှိရပါတယ်။ Carotenoids အများကြီးထဲမှာမှ beta-carotene ဟာ Vitamin A သို့ ပြောင်းနိုင်တဲ့ provitamin A ဖြစ်ပါတယ်။
>> Vitamin A ကြွယ်ဝသော အစားအစာများ
Vitamin A ကို အသား၊ နို့ထွက်ပစ္စည်း၊ ငါး၊ ကြက်ဥနှင့် အစေ့အနှံ (ကစီဓာတ်ပါသောအစားအစာ) များမှ Vitamin A အဖြစ်အပြင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များမှာလည်း carotenoids အနေနဲ့ ရနိုင်ပါတယ်။ Carotenoids ပါတဲ့ အစားအစာများကို လှီးဖြတ်ပြီး ချက်ပြုတ်ခြင်းဖြင့် Vitamin A ကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။
>> Vitamin A လိုအပ်ချက်
Vitamin A စံနှုန်းကို RAE နဲ့ တိုင်းတာပါတယ်။ Vitamin A လူတစ်ယောက်အတွက် ဘယ်လောက်လိုအပ်ပါသလဲ?
● 19 နှစ်နှင့်အထက် ကိုယ်ဝန်ဆောင်သည်အတွက် 770 micrograms RAE
● 18 နှစ်နှင့် အောက်ဆိုလျှင် 750 micrograms RAE
● နို့တိုက်မိခင် (19 နှစ်အထက်ဆိုလျှင်) 1300 micrograms RAE
● 18 နှစ် အောက်ဆိုလျှင် 1200 micrograms RAE လိုအပ်ပါတယ်။
ပညာရှင်များ အသိအမှတ်ပြုသည်မှာ 3,000 mcg ဆိုလျှင် အများဆုံးပမာဏဖြစ်ပြီး အားဆေး၊ အသားငါးများမှ ရရှိနိုင်ပါတယ်။
>> Vitamin A လွန်ကဲခြင်း
အကယ်၍ Vitamin A များ သွားမယ်ဆိုလျှင် အသည်းအဆိပ်ဖြစ်စေပြီး မွေးရာပါချို့ယွင်းချက်ရှိတဲ့ ကလေးများကို မွေးဖွားစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် Vitamin A ပါဝင်သော isotretinoin အစရှိသော ဝက်ခြံပျောက်ဆေးနှင့် အသားအရေလှပဆေးများကို သောက်သုံးနေခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။
3 ပေါင်ရှိတဲ့ အမဲအသည်းဟာ လူတစ်ယောက် နေ့စဉ်လိုအပ်တဲ့ Vitamin A ရဲ့ 12 ဆလောက် ပါဝင်နေတာ တွေ့ရပါတယ်။
Vitamin A အားဆေးများကို အကြောင်းထူးမရှိဘဲ အများကြီးသောက်သုံးဖို့ မလိုအပ်ပါဘူး။ လူတစ်ယောက်အတွက် တစ်နေ့တာ လိုအပ်တဲ့ပမာဏကို ဆေးညွှန်းတွင်ဖတ်ပြီး လိုအပ်သလောက်သာ သောက်သုံးပေးနိုင်ပါတယ်။
>> Vitamin A ချို့တဲ့သော လက္ခဏာများ
Vitamin A ဟာ အစားအစာများမှာ ပေါများစွာပါဝင်တဲ့အတွက် ချို့တဲ့မှုဖြစ်ခဲပါတယ်။ အကယ်၍ဖြစ်ခဲ့လျှင် ညအမြင်မှုန်ဝါးခြင်း၊ ခန္ဓာကိုယ်ခုခံအားစနစ် ကျဆင်းခြင်းတို့အပြင် Xerophthalmia ဟုခေါ်သော မျက်ကြည်လွှာ ခြောက်သွေ့ထူထဲသော ရောဂါဖြစ်ပွားကာ အမြင်အာရုံ ဆုံးရှုံးသည်ထိ ဖြစ်နိုင်ပါတယ်။
မိမိပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်တဲ့ Vitamin A ကို လိုအပ်သလောက် စားသုံးခြင်းဖြင့် မျက်စိအမြင်အာရုံနှင့် သားပျက်သားလျောခြင်းကို ကာကွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
Dr. WSN (www.drmyanmar.com)






























