/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်မိခင်တို့-စားသုံးပေးသင့်သော-အစားအသောက်များ

ကိုယ်ဝန်ဆောင်မိခင်တို့ စားသုံးပေးသင့်သော အစားအသောက်များ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်၀န်ဆောင်ကာလဟာ အမျိုးသမီးများ စိတ်ကူးယဉ်မျှော်လင့်စောင့်စားကြသော အချိန်တစ်ခုလည်းဖြစ်ပါတယ်။ ကျန်းမာသောကလေးကိုမွေးဖွားနိုင်ရန်အတွက် မိခင်လောင်းတိုင်းဟာ အာဟာရပြည့်၀သော အစားအစာတွေကို ညီညွတ်မျှတစွာ စားသုံးပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် မိခင်လောင်းများအတွက် အသင့်လျော်ဆုံး အစားအစာ (၁၀) မျိုး ကို ဖော်ပြလိုက်ပါတယ်။

 

(၁) ကြက်ဥ

          ကြက်ဥဟာ ကိုယ်၀န်ဆောင်အမျိုးသမီးတွေ စားသင့်တဲ့အစားအစာပါ။ အကြောင်းကတော့ ကြက်ဥမှာ ကိုယ်၀န်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းဓာတ်၊ ဓာတ်ဆားနှင့် ဗီတာမင် 12 မျိုးနဲ့ သတ္တုဓာတ်တွေပါ၀င်နေလို့ပါပဲ။ ဒါ့အပြင် ကြက်ဥမှာပါ၀င်တဲ့ ကိုလင်း (Choline) ကလည်းကလေးများရဲ့ ဦးနှောက်နဲ့အာရုံကြော ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့တစ်လုံး ပုံမှန်စားပေးသင့်ပါတယ်။ အကယ်၍ ကိုလက်စရောတက်မှာ ကြောက်တယ်ဆိုရင်တော့ ကြက်ဥအကာကိုပဲ စားပေးနိုင်ပါတယ်။

 

(၂) Omega-3 ပါ၀င်သောငါးများ

          ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးဖို့အတွက်ဆိုရင် Omega-3 ကိုလည်းမေ့ထားလို့မရပါဘူး။ ဒါကြောင့် Omega 3 ပါ၀င်မှုများသော တူနာငါး၊ ဆာဒင်းငါးနှင့် ဆော်လမွန်ငါးတို့ကို ဖြစ်နိုင်လျှင် တစ်ပတ်မှာ ၂ ကြိမ် လောက်စားပေးပါ။ ထိုငါးများတွင် mercury (ပြဒါးဓာတ်) ဓာတ်ပါ၀င်မှုလည်း နည်းပါတယ်။ ဒါပေမဲ့ တစ်ပတ်မှာ 12 အောင်စထက် ပိုမစားသင့်ပါဘူး။

 

(၃) ပဲအမျိုးမျိုး

          ပဲအမျိုးမျိုးမှာအသားဓာတ်အပြင် အမျှင်ဓာတ်များစွာ ပါ၀င်နေတာကြောင့် ကိုယ်၀န်ဆောင်စဉ်ခံစားရတဲ့ ၀မ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကယ်လ်ဆီယမ်ဓာတ်ပါ၀င်တာကြောင့်  သန္ဓေသားလောင်း၏ အရိုးအဆစ်များကိုသန်မာစေမှာပါ။

 

(၄) ကန်စွန်းဥ

          မိခင်နှင့်သန္ဓေသားအတွက် လိုအပ်တဲ့ Vitamin A ရရှိဖို့ကတော့ ကန်စွန်းဥကိုစားသုံးနိုင်ပါတယ်။ ကန်စွန်းဥမှာ Vitamin C, Folic Acid နှင့် အမျှင်ဓာတ်လည်းများစွာ ပါ၀င်ပါတယ်။

 

(၅) အစေ့အဆံများ

          ပြောင်းဖူးပေါက်ပေါက်အပါအ၀င် အခြားသောအစေ့အဆန်များကလည်း Vitamin E၊ ဆယ်လီနီယမ် (Selenium) နဲ့ ဖိုက်တိုနျူထရီးရန် (Phytonutrient)တွေ များစွာပါ၀င်တဲ့အတွက် ကိုယ်၀န်ဆောင်များစားသင့်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ 

 

(၆) သစ်ကြားသီး

          ငါးကရတဲ့ Omega 3 လောက်တော့ သန္ဓေသားအပေါ်အကျိုးသက်ရောက်မှု မရှိပေမယ့် သစ်ကြာသီးမှာပါ၀င်တဲ့ Omega 3 ဟာ မိခင်ရောသန္ဓေသားကိုပါ ကျန်းမာစေပါတယ်။ ဒါကြောင့် Omega-3, ပရိုတင်း နဲ့ ဖိုင်ဘာ တွေပါ၀င်တဲ့ သစ်ကြားသီးကိုစားသုံးပေးပါ။

 

(၇) ဂရိဒိန်ချဉ်

          ဂရိဒိန်ချဉ်မှာ အခြားသောဒိန်ချဉ်များထက် ပရိုတင်းနှစ်ဆပါ၀င်ပါတယ်။ ဒါ့အပြင် Calcium ဓာတ် ပါ၀င်သောကြောင့် ဒိန်ချဉ်သောက်သုံးခြင်းဖြင့် မိခင်နှင့်သန္ဓေသားအတွက် လိုအပ်သော Calcium ပမာဏကို ဖြည့်တင်းနိုင်ပါတယ်။ သို့သော် အဆီနည်းပြီးသကြားမပါသော ဒိန်ချဉ်ကိုရွေးချယ်သောက်သုံးဖို့ လိုအပ်ပါတယ်။

 

(၈) အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံများ

          အစိမ်းရင့်ရောင်ရှိသောဟင်းသီးဟင်းရွက်နဲ့ သစ်သီး၀လံများဟာ Vit A, C, K Folate ဓာတ်နှင့် အာဟာရများပါ၀င်သောကြောင့် အထွေထွေကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ မျက်စိကျန်းမာရေး အတွက်လည်း အထောက်အကူပြုပါတယ်။

 

(၉) အဆီဖယ်ထားသော အသား

        အသားဟာ ပရိုတင်းဓာတ်အကြွယ်၀ဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့် မိခင်လောင်းတွေအနေနဲ့ အဆီဖယ်ထုတ်ထားတဲ့ အသားတွေကို ချက်ပြုတ်စားသောက်သင့်ပါတယ်။ ဒါ့အပြင် အသားမှာ သံဓာတ်ကြွယ်၀စွာ ပါ၀င်တာကြောင့်  သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။ အသားတွေထဲမှာမှ သနေ္ဓသားရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ် ကောင်းမွန်စွာ ဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့ ကိုလင်းဓာတ် (Choline) ပါ၀င်တဲ့ ၀က်သားနဲ့ အမဲသားက အကောင်းဆုံးဖြစ်ပါတယ်။ အသားတွေမှာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးတွေ ကပ်နေနိုင်တဲ့ အတွက် သေချာကျက်တဲ့အထိ ချက်ပြုတ်ဖို့တော့လိုအပ်ပါတယ်။

 

(၁၀) အရောင်အသွေးစုံလင်သောသစ်သီးများ

          ကိုယ်၀န်ဆောင်နေစဉ်ကာလအတွင်းမှာ အရောင်အသွေးစုံလင်သောသီးနှံမျိုးစုံကို စားသုံးပေးပါ။ လေ့လာမှုများအရ အရောင်အုပ်စုတစ်ခုချင်းစီမှာ အမျိုးမျိုးသော Vitamin နှင့် Minerals တို့ပါ၀င်နေတယ်လို့သိရပါတယ်။ ဒါ့အပြင် ကိုယ်၀န်နှောင်းပိုင်းကာလများတွင် သန္ဓေသားဟာမိခင် စားလိုက်သော သစ်သီးရဲ့အရသာကို ရေမြွှာရည် မှတစ်ဆင့် အရသာခံနိုင်ပါတယ်။ ဒါကြောင့် ထိုကလေးမွေးဖွားလာသောအခါတွင် လည်းကျန်းမာရေးနှင့် ညီညွတ်သော သစ်သီးများကိုစားသည့် အလေ့အကျင့်ရှိလာမှာဖြစ်ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)