ကိုယ်ဝန်ဆောင်မိခင်များအတွက် ပျားရည်၏အစွမ်းသတ္တိများ
ပျားရည်မှာ အာဟာရဓာတ်တွေပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်မေမေတို့အတွက် ကောင်းကျိုးတွေ ဖြစ်စေပါတယ်။ ဒါပေမယ့် ဘယ်အရာကိုမှ အလွန်အကျွံသောက်သုံးတာ၊ စားသုံးတာဟာ မကောင်းပါဘူး။ ပထမဆုံးအနေနဲ့ ကောင်းကျိုးတွေကို ပြောပြသွားပါမယ်။
1. ကိုယ်ခံအားကိုမြှင့်တင်ပေးတယ်။
ပျားရည်ရဲ့ ဘက်တီးရိးယားပိုးတွေကိုတိုက်ဖျက်နိုင်စွမ်းနဲ့ အင်တီအောက်ဆီးဒင့်အစွမ်းက ခန္ဓာကိုယ်ခုခံအားကိုမြှင့်တင်ပေးပါတယ်။ ပျားရည်က ထိရှနာတွေ၊ အနာတွေ၊ သာမာန်အပူလောင်တာတွေကိုသက်သာစေတဲ့အပြင် အစာအိမ်အက်ဆစ်တွေကို ချေဖျက်ပေးခြင်းအားဖြင့် ရင်ပူခြင်းကိုလည်းသက်သာစေပါတယ်။
2. အိပ်မပျော်ခြင်းကို သက်သာစေတယ်။
အိပ်ရာမဝင်မီ နို့ထဲကို ပျားရည်တစ်ဇွန်းရောသောက်ခြင်းဖြင့် နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါတယ်။
3. အအေးမိခြင်းနဲ့ချောင်းဆိုးခြင်းကို သက်သာစေတယ်။
ပျားရည်ရဲ့ ဗိုင်းရပ်စ်ပိုးကိုတိုက်ဖျက်နိုင်တဲ့အစွမ်းက ခန္ဓာကိုယ်ထဲကိုဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်းကို တိုက်ဖျက်နိုင်တဲ့အတွက် အအေးမိခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင်ပျားရည်က ချောင်းဆိုးခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ဒါပေမယ့် ပျားရည်က ချောင်းဆိုးပျောက်တယ်ဆိုတဲ့ သိပ္ပံနည်းကျသက်သေပြချက်မရှိသေးပါဘူး။
4. လည်ချောင်းနာခြင်းကို ပျောက်ကင်းစေတယ်။
ပျားရည်ရဲ့ ရောင်ရမ်းခြင်းကိုသက်သာစေတဲ့အစွမ်းက လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ ဂျင်းရည် (သို့) သံပုရာလက်ဖက်ရည် (လီမွန်တီး) ထဲမှာ ပျားရည်ထည့်ပြီး ဒီရေနွေးနွေးလေးကို နည်းနည်းချင်းစုပ်သောက်ခြင်းအားဖြင့် လည်ချောင်းနာခြင်းကိုသက်သာစေပါတယ်။
5. အစာအိမ်အနာကို သက်သာစေတယ်။
ပျားရည်ပုံမှန်သောက်ပေးခြင်းဖြင့် အစာအိမ်အနာဖြစ်စေတဲ့ H.Pylori ဘက်တီးရီးယားပိုးကြီးထွားခြင်းကို လျော့နည်းစေပါတယ်။
6. ဦးရေပြားကို ကျန်းမာစေတယ်။
ပျားရည်ရဲ့ဘက်တီးရီးယားပိုးတိုက်ဖျက်နိုင်စွမ်းက ခေါင်းပေါ်မှာရှိတဲ့ဘောက်နဲ့ ဦးရေပြားယားယံခြင်းတွေကို ထိရောက်စွာသက်သာပျောက်ကင်းစေပါတယ်။ ပျားရည်ကို ရေနွေးနွေးနဲ့ကျဲသွားအောင်ရောပြီး ဦးရေပြားကိုသုတ်လိမ်းပေးပါ။
7. ဓာတ်မတဲ့ခြင်းကို လျော့နည်းစေတယ်။
ပျားရည်ကိုပုံမှန်သောက်သုံးပေးခြင်းဖြင့် ပန်းဝတ်မှုန်တွေနဲ့ အခြားရာသီဥတုအလျောက်ဖြစ်တဲ့ဓာတ်မတည့်ခြင်းတွေကို သက်သာစေပါတယ်။
>> ကိုယ်ဝန်ဆောင်စဉ်မှာ ပျားရည်၏အန္တရာယ်
ကိုယ်ဝန်ဆောင်စဉ် ပျားရည်အလွန်အကျွံသောက်သုံးခြင်းဖြင့် အောက်ပါ ဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရနိုင်ပါတယ်။
1. အင်ဆူလင်တုန့်ပြန်မှုကိုပိုဆိုးစေတယ်။
ပျားရည်က သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေပြီး အင်ဆူလင်ကိုခုခံမှုကိုလည်းပိုဆိုးစေပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ တစ်နေ့ကို fructose ၂၅ ဂရမ်ထက်ပိုခြင်းက အန္တရာယ်ရှိစေပါတယ်။
2. ဗိုက်ရစ်ခြင်းတွေဖြစ်စေနို်င်တယ်။
ပျားရည်က ဗိုက်ရစ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ ဗိုက်ကယ်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။ ပျားရည်အလွန်အကျွံစားသုံးပါက အက်ဆစ်ဓာတ်တွေများစေပြီး အစာချေနှေးစေပါတယ်။
3. သွားကျန်းမာရေးကိုထိခိုက်စေတယ်။
ပျားရည်မှာသကြားဓာတ်ပါဝင်မှုများတဲ့အတွက် သွားပိုးစားခြင်း၊ အခေါင်းပေါက်ဖြစ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
4. ကိုယ်အလေးချိန်တက်စေတယ်။
ပျားရည်မှာ ကယ်လိုရီမြင့်မားတဲ့အတွက် ကိုယ်အလေးချိန်တက်လာစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























