ကိုယ်ဝန်ဆောင်မိခင်များအတွက် ယောဂလေ့ကျင့်ခန်း
ကိုယ်၀န်ဆောင်ချိန်သည် မိခင်လောင်းများအတွက် အရေးအကြီးဆုံးအချိန်ဖြစ်ပြီး စိတ်ဖိစီးမှုများလည်း ရှိနေနိုင်ပါတယ်။ ယောဂလေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့် မိခင်များအတွက် စိတ်ဖိစီးမှုများ ဖြေလျော့ပေးနိုင်သလို ကိုယ်၀န်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ ညောင်းညာကိုက်ခဲမှုများ ကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါ့ကြောင့် ရန်ကုန်မြို့ရှိ ကျန်းမာရေးအထူးစောင့်ရှောက်မှုပေးရာ ဆေးရုံကြီးတစ်ခုဖြစ်သော ဆာကူရာဆေးရုံအတွင်း ကိုယ်၀န်ဆောင်မိခင်လောင်းများအား သီးသန့်သင်ကြားပေးနေသည့် ယောဂလေ့ကျင့်ခန်း ပြုလုပ်ရာနေရာသို့သွားရောက်ပြီး သင်တန်းနည်းပြဆရာမဖြစ်သူ မနှင်းနှင်းဖြူအား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး-
မိခင်လောင်းများအနေနဲ့ ကိုယ်၀န်ဘယ်နှစ်ပတ်ကနေစပြီး ယောဂလေ့ကျင့်ခန်းကို စတင်လုပ်ဆောင်နိုင်မလဲရှင့်။
ဖြေ - ပထမသုံးလဆိုရင်မလုပ်ခိုင်းပါဘူး။ ကလေးအရမ်းနုတဲ့အတွက် ခြေထောက်လေးတွေ၊ လက်ကလေးတွေ၊ သွေးကြောလေးတွေတစ်မျှင်ခြင်းဆီကအစ ဖွဲ့စည်းနေချိန်ဖြစ်တဲ့အတွက် လေ့ကျင့်ခန်းမလုပ်ခိုင်းပါဘူး။ ခရီးတွေဘာတွေလည်း အတတ်နိုင်ဆုံးမထွက်ဖို့ Suggest လုပ်ပါတယ်။ သုံးလနောက်ပိုင်း လေးလကနေခုနှစ်လခွဲ-ရှစ်လအထိကတော့ ကောင်းကောင်း လုပ်လို့ရတယ်။ လုပ်တဲ့အခါမှာ ကိုယ့်ဟာနဲ့ကိုယ်ပြုလုပ်တာမဟုတ်ဘဲ ကျွမ်းကျင်တဲ့နည်းပြနဲ့ သေချာလေး One by One သဘောမျိုးနဲ့ Train ပေးမယ်။ ပြီးမှ သူတို့နားလည်ပြီ၊ သဘောပေါက်ပြီဆိုမှ 8 ယောက်အုပ်စု၊ 10 ယောက်အုပ်စု အဲ့လိုမျိုးသင်တန်းပေးတာပေါ့နော်။
မေး-
ဒီယောဂလေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် မိခင်နဲ့ရင်သွေးငယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲရှင့်။
ဖြေ-
မိခင်လောင်းအတွက်ကတော့ ကိုယ်၀န်ရှိတဲ့အခါမှာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေက အပြောင်းအလဲ အရမ်းကြီးတယ်။ အဲ့လိုအခါမျိုးမှာ ယောဂကိုကျင့်ပေးခြင်းအားဖြင့် ရုပ်ပိုင်းရောစိတ်ပိုင်းရော သက်သာစေမှာပါ။ ကိုယ်၀န်ဆောင်ကာလမှာ Stress တွေ လျော့မယ်ဆိုရင် နေလို့ထိုင်လို့ကောင်းမယ်။ စိတ်ကြည်မယ်။ စိတ်ကြည်တဲ့အတွက် ကလေးကလည်း စိတ်ကြည်တဲ့အခါ ပျော်ပျော်ရွှင်ရွှင်ကလေးလေး မွေးလာနိုင်တယ်ပေါ့။
မေး-
ယောဂလေ့ကျင့်မှုကို မိခင်လောင်းတွေ စတင်ပြုလုပ်တော့မယ်ဆိုရင် ဘယ်လိုလုပ်ဆောင်ပေးဖို့ လိုအပ်ပါသလဲ။
ဖြေ-
အဓိကတော့ မိခင်တွေက လေ့ကျင့်မှုစလုပ်တဲ့အခါ လွတ်လပ်တဲ့ ဝတ်စားဆင်ယင်မှုမျိုးဖြစ်တဲ့ ဆွဲသားဘောင်းဘီမျိုးလေးတွေစတဲ့ လွတ်လပ်တဲ့ဝတ်စုံဆိုရပါပြီ။ ပြီးရင်ကွာလတီကောင်းတဲ့ သက်တောင့်သက်သာဖြစ်စေမယ့် ဖျာမျိုးလေးတွေလိုအပ်ပါတယ်။ ဒူးထောက်လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ ကွာလတီမကောင်းတဲ့ ဖျာမျိုးသုံးမိမယ်ဆိုရင် ဒူနာတာမျိုးတွေဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်တွေအတွက် လိုအပ်တဲ့ ဒူးမှာခံတဲ့ အသုံးအဆောင်လေးတွေ၊ တာဝါလေးတွေလိုအပ်မယ်။ အဲ့ဒါဆိုရင် သူတို့ပိုပြီးတော့ လုပ်ရတာအဆင်ပြေမှာပါ။
မေး-
မိခင်လောင်းတွေ ဆောင်ရွက်ရတဲ့ ယောဂလေ့ကျင့်မှုတွေကရော သာမန်ယောဂလေ့ကျင့်သူတွေ ဆောင်ရွက်ရတာနဲ့ ကွာခြားမှုရှိပါသလား။
ဖြေ-
ကွာခြားမှုရှိလားဆိုတော့ အားလုံးက Average ကြည့်လိုက်မယ်ဆိုရင် သပ်သပ်ကြီး ထွက်သွားတာ တော့လည်း မဟုတ်ဘူး။ အားလုံးက ဒီ Traditional ယောဂဖြစ်တဲ့ ဟတ္တယောဂကနေပြီးတော့မှ ကိုယ်ဝန်ဆောင်တွေအတွက်အဆင်ပြေတဲ့ဟာလေးကိုပဲ ထုတ်နှုတ်ပြီးပြန်သင်တာပါ။
အဓိကတော့ သားအိမ်အတွက်ကောင်းတဲ့ဟာလေးတွေ၊ သူတို့အညောင်းအညာပြေစေဖို့ လေ့ကျင့်ခန်းလေးတွေရယ်၊ စိတ်ဖိစီးမှု လျော့ကျစေတာလေးတွေ၊ ပြီးရင်တော့ တရားထိုင်ခြင်းနဲ့ အသက်ရှူလေ့ကျင့်ခန်းလေးတွေ ဒါတွေအကုန် သူတို့လုပ်လို့ရတယ်ပေါ့။ အရမ်းပြင်းပြင်းထန်ထန်ကြီးတွေတော့ လေ့ကျင့်လို့မရဘူးပေါ့။ အဲ့ဒါလေးတွေ ကွာခြားမှု ရှိပါတယ်။
မေး-
မွေးဖွားခါနီး ဘယ်နှစ်ပတ်လောက်အထိ ပြုလုပ်ရမယ်ဆိုတာ သတ်မှတ်ထားတာရှိပါသလားရှင့်။
ဖြေ-
ကိုယ်ဝန် 3 လလောက်ထိ ဒီယောဂလေ့ကျင့်ခန်းကို လုံးဝမလုပ်သင့်သေးပါဘူး။ 4 လ ကနေ 8လကြားကာလတွေမှာ လေ့ကျင့်ခန်းပြုလုပ်သင့်ပြီး ကိုယ်ဝန် 8လကနေ မွေးခါနီးကျတော့ ဒါအရမ်းဂရုစိုက်ရမယ့်အပိုင်းဖြစ်သွားပြန်တော့ အဲ့ဒီ့အချိန်မှာ ပေါ့ပေါ့ပါးပါးဖြစ်မယ့် လေ့ကျင့်ခန်းလေးတွေက ပိုကောင်းပါတယ်။
မေး-
ဒီယောဂလေ့ကျင့်ခန်းကို မိခင်လောင်းတွေပြုလုပ်တဲ့အခါမှာ ဖခင်လောင်းတွေအနေနဲ့ရော ဘယ်လိုပံ့ပိုးမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါသလဲ။ ဖခင်တွေကိုရော ဒီလေ့ကျင့်မှုပြုလုပ်စဉ်အတွင်း ထည့်သွင်းဆောင်ရွက်စေတာမျိုးတွေရော ရှိပါသလား။
ဖြေ-
ဒီလေ့ကျင့်ခန်းကို အမျိုးသားတွေကလည်း ကျင့်လို့ရပါတယ်။ ဒါကကိုယ်ဝန်ဆောင်ယောဂမို့ တခြားလူတွေကျင့်လို့ မရတာမျိုး မဟုတ်ပါဘူး။ သာမန်လူတွေလည်း ဒီယောဂလေ့ကျင့်မှုတွေ လုပ်နေကြပါတယ်။ ဒါပေမယ့် ဘာကွာသွားလဲဆိုရင် ရိုးရိုးလူတွေက ပိုပြီးအားစိုက်လို့ရတယ်။ ကိုယ်ဝန်ဆောင်မိခင်အမျိုးသမီးတွေက သူတို့ရဲ့ခင်ပွန်းအမျိုးသားတွေနဲ့အတူတူ ယောဂလေ့ကျင့်ခန်းကိုပြုလုပ်တဲ့အခါ ပိုပြီးစိတ်ပျော်ရွှင်စေနိုင်ပါတယ်။ စိတ်ပျော်ရွှင်တဲ့အတွက် လင်မယားကြားထဲမှာလည်း ဆက်ဆံရေး ပိုကောင်းလာမယ်။ ဆက်ဆံရေးပိုကောင်းလာတဲ့အတွက် အမျိုးသမီးက စိတ်ဖိစီးမှုလျော့ကျပြီး ကလေးအတွက် ကောင်းစေပြီး သူတို့ရဲ့ relationship ကောင်းစေပါတယ်။ သင်တန်းမှာ အမျိုးသားတွေကို ထည့်သွင်းလေ့ကျင့်ခန်းပြုလုပ်စေဖို့ကတော့ လုပ်ဖို့ရှိပေမယ့် အသေအချာမပြောတတ်သေးပါဘူး။
မေး-
နောက်ဆုံးအနေနဲ့ဒီသင်တန်းအတွက် ဖြည့်စွက်ပြောကြားလိုတာလေးတွေ ပြောပြပေးပါဦးရှင့်။
ဖြေ- ယောဂလေ့ကျင့်တယ်ဆိုတာ ကောင်းပါတယ်။ တကယ်တော့ ကိုယ်ဝန်ဆောင်မှရယ်မဟုတ်ဘူး၊ လူသားအားလုံးက တစ်ရက်တစ်ရက်အလုပ်တွေ၊ စိတ်ဖိစီးမှုပြသနာတွေနဲ့ဆိုတော့ စိတ်တည်ငြိမ်စေဖို့ တရားထိုင်တဲ့သူကလည်း ထိုင်ပေါ့နော်။ တရားမထိုင်နိုင်တဲ့လူကလည်း ယောဂလေ့ကျင့်ခန်းကိုကျင့်ပြီးတော့မှ စိတ်ဖိစီးမှုတွေ လျော့ချပြီး ကိုယ့်ရဲ့ Lifestyle ကို ပိုပြီးကောင်းအောင် ဖြတ်သန်းလို့ရပါတယ်။
လာရောက်လေ့ကျင့်ခဲ့သည့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးမှလည်း ''တော်တော်လေး ပေါ့သွားသလို ခံစားရတယ်။ အရင်ကဆို ဗိုက်ထောက်နေတာမျိုးလေးတွေ ဖြစ်တတ်တယ်။ အိမ်မှာတော့ ဒီကသင်တာလေးတွေ မှတ်ထားပြီး 10 မိနစ်- 15 မိနစ်လောက် လုပ်သွားမယ်ပေါ့။ သင်တန်းနဲ့ပတ်သက်ပြီး အရင်က ပထမဦးဆုံးသင်တန်းလာတက်ဖူးတဲ့ အသိအမတစ်ယောက်ကနေတဆင့်သိပြီး လာတက်ဖြစ်တာပါ။ ယောဂကျင့်စဉ်က စိတ်ဖိစီးမှုကို လျှော့ချပေးပြီး သွေးလည်ပတ်မှု အားကောင်းစေတယ်လို့ အရင်ကသိခဲ့တယ်။ အခုဆရာမပြောတော့မှ ဝိတ်ကိုကျစေတယ်၊ အဆီကိုကျစေတယ်ဆိုတာတွေပါ သိလာရပါတယ်။ နောက်လသင်တန်းတွေမှာလည်းအခွင့်အရေးကြုံရင် လာပြီးတက်မှာပါ'' ဟုပြောကြားခဲ့ပါတယ်။
ဆာကူရာဆေးရုံတွင်ပြုလုပ်ခဲ့သည့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ယောဂသင်တန်းကို ABC (Active Business Consolidation medical services)မှ ပူးပေါင်း၍ အခမဲ့ စီစဉ်ပေးခြင်းဖြစ်ပြီး 2016 ခုနှစ်၊ မေလမှစတင်ကာ လစဉ်သင်တန်းများ ပြုလုပ်ပေးလျက်ရှိပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း သိရပါတယ်။ ကိုယ်ဝန်ဆောင်များအနေဖြင့် ယောဂလေ့ကျင့်ခန်းအား စိတ်ပါဝင်စား၍ ဆက်သွယ်မေးမြန်းလိုပါက ABC medical service ၏ Hot Line ဖြစ်သော ဖုန်းနံပါတ် 09-401 582 000 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။
May Su Hlaing




























