ကိုယ်ဝန်ဆောင်မိခင်လောင်းများ အထိုင်အထ ခက်နေပြီလား
မေမေတို့ရေ ကိုယ်ဝန်ရင့်လာတာနှင့်အမျှ ဗိုက်ကလေး တဖြည်းဖြည်း စူထွက်လာပြီမို့ ဟန်ချက်မညီ ဖြစ်နေပြီလား။ ဒီအချိန်မျိုးမှာ အိမ်မှုကိစ္စတွေကို လုပ်ဖို့နေနေသာသာ ခုတင်ပေါ်ကနေတောင် မနည်းထဖို့ ကြိုးစားနေရပြီ မဟုတ်လား။
ဒီဆောင်းပါးလေးမှာတော့ ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဘယ်လိုဘေးကင်းစွာ အထိုင်အထ ပြုလုပ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
(၁) သင်ဟာ ပက်လက် သို့မဟုတ် မှောက်လျက်အနေအထား အိပ်စက်ပါက ဘေးဘက်သို့ ဖြေးဖြေးချင်းလှည့်ပါ။
ဒူးများကို ဗိုက်နားထိ ဆွဲပြီးကွေးပေးပြီးနောက် ခုတင်အစွန်းဆီသို့ ဒူးများကို ရွေ့လိုက်ပါ။ လက်မောင်းများကို အားပြုပြီး ဖြေးဖြေးချင်း ထိုင်လိုက်ပါ။ ဒါဆိုရင်တော့ သင့်ခြေထောက်တွေကို ကြမ်းပြင်ဆီသို့ တွဲလောင်းချလိုက်နိုင်ပါပြီ။ ခြေထောက်နှစ်ဖက်ကြားမှာ ခေါင်းအုံးခုပြီးလည်း ထနိုင်ပါတယ်။
(၂) အသက်ရှူသွင်းလိုက် ရှူထုတ်လိုက် ပြုလုပ်ပါ။
ကိုယ်ဝန်ကြောင့် ရုတ်တရက်ထချိန်တွင် မူးဝေတတ်ပါတယ်။ ဒီလိုမူးဝေခြင်းကို သက်သာဖို့ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။
(၃) ဆရာဝန်နှင့်တိုင်ပင်ပါ။
ကိုယ်ဝန်ကြောင့် ခုတင်ပေါ်ကနေ ထရတာ အလွန်ခဲယဉ်းနေပါက ဆရာဝန်နှင့် တိုင်ပင်နိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံးသုံးလတွင် အဖြစ်များလေ့ရှိပါတယ်။
မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလတွေမှာ ဗိုက်ကြောင့် ဟန်ချက်မညီ ဖြစ်တာကတစ်ကြောင်း၊ မပေါ့ပါးတာကတစ်ကြောင်းကြောင့် အထိုင်အထ ခဲယဉ်းနေနိုင်ပါတယ်။ ဒါပေမဲ့ ဆတ်ခနဲထတာ ထိုင်တာမျိုး လုံးဝမပြုလုပ်ဘဲ စိတ်ရှည်စွာဖြင့် အထိုင်အထပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























