/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်မေမေတို့-စိတ်ဖိစီးမှု-များလာတဲ့အခါ

ကိုယ်ဝန်ဆောင်မေမေတို့ စိတ်ဖိစီးမှု များလာတဲ့အခါ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        မိခင်လောင်းတွေမှာ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ ဗိုက်ထဲက ကလေးရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် အတိုင်းအတာတစ်ခုထိတော့ စိတ်ပူပန်မှုရှိတတ်ပါတယ်။ ဒါပေမယ့် ကာလကြာရှည်စွာ စိုးရိမ်ပူပန်းမှုလွန်ကဲပြီး စိတ်ဖိစီးမှုများလာရင်တော့ မိခင်ရော ကလေးပါ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ သုတေသနပြုလုပ်ထားချက်များအရ ရေရှည်စိတ်ဖိစီးမှုများနေပြီး ဆေးဝါး ကုသမှုခံယူထားခြင်းမရှိတဲ့ မိခင်လောင်းတွေဟာ ကျန်းမာရေးချို့တဲ့တာ၊ သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုဖြစ်စဉ်တွေ မူမမှန်တာ၊ ပေါင်မပြည့်၊ လမစေ့ မွေးဖွားနိုင်တာတွေဖြစ်တတ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကိုလျော့ချနိုင်ဖို့ နည်းလမ်းကောင်းလေးတွေမျှေ၀ပေးလိုက်ပါရစေ။

 

၁။       အပြည့်အ၀အနားယူပါ။

        ကိုယ်၀န်လွယ်ထားချိန်မှာ မိခင်ရဲ့ခန္ဓာကိုယ်က ကလေးဖွံ့ဖြိုးကြီးထွားဖို့အတွက် လိုအပ်တဲ့ အာဟာဓာတ်တွေ ဖြည့်ပေးနေရတာမို့ ပုံမှန်အချိန်ထက် အလုပ်လုပ်ပေးနေရပါတယ်။ အကျိုးဆက်အနေနဲ့ အလွယ်တကူ မောတာ၊ ပင်ပန်းတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိခင်အနေနဲ့ ညဘက်မှာ အပြည့်အ၀အိပ်စက်ရမယ့်အပြင် နေ့လည်နေ့ခင်းပါ တရေးတမော အိပ်စက်အနားယူသင့်ပါတယ်။

 

၂။       ကလေးနှင့် စကားပြောပေးပါ။

        မိမိ၀မ်းဗိုက်ထဲမှာရှိတဲ့ ကလေးကို စကားပြောခြင်း၊ သီးချင်ဆိုပြခြင်းတို့ပြုလုပ်ပေးခြင်းဟာ မိခင်ရောကလေးအတွက်ပါ အကောင်းဆုံးအပန်းဖြေမှုဖြစ်စေပါတယ်။ ကိုယ်၀န်ဆောင်ချိန်ကာလ ၂၃ ပတ်မှစပြီး ကလေးငယ်အနေနဲ့ အသံကိုကြားနိုင်စွမ်းရှိတဲ့အတွက် မိခင်ရဲ့စကားပြောသံတွေဟာ ကလေးငယ်နဲ့စိတ်ချင်းဆက်သွယ်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

 

၃။       စိတ်ပူစရာတွေကို မျိုသိပ်မထားပါနဲ့။

        ကလေးကိုကောင်းကောင်းမွန်မွန်အောင်အောင်မြင်မြင်မှ မွေးနိုင်ပါ့မလားဆိုတဲ့အတွေးတွေ ဒါမှမဟုတ် အခြားလူမှုရေးဆိုင်ရာပြဿနာတွေကြောင့် စိုးရိမ်ပူပန်မှုတွေရှိနေရင် ကိုယ့်ရဲ့ခင်ပွန်း၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ မိဘကိုဖွင့်ပြောပါ။ သောကတွေကိုသိမ်းမထားဘဲ ပွင့်ပွင့်လင်းလင်းပြောဆိုခြင်းဖြင့် စိတ်ဖိစီးမှုကို သက်သာရာရစေပြီး ပြဿနာကိုဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတွေ အကြံဉာဏ်ကောင်းတွေပါ ရရှိစေနိုင်ပါတယ်။

 

၄။       အာဟာရဓာတ်ပြည့်၀စွာစားပါ။

        အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါ၀င်တဲ့ အဆီထူငါးနဲ့ ပင်လယ်စာတချို့တွေက စိတ်ဓာတ်ကျခြင်းကိုလျော့ကျစေ နိုင်တဲ့ အစားအစာတွေဖြစပါတယ်။ အဆီထူငါးတွေဖြစ်တဲ့ ဆယ်လ်မွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါး၊ ဆာဒင်းငါး၊ ပင်လယ် ငါးငယ်၊ ထရောက်ငါးတို့ကိုတစ်ပတ်မှာ နှစ်ကြိမ်ခန့်ပါ၀င်အောင်စားပေးပါ။ ဒါ့အပြင်နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အားပေးတဲ့ Melatonin (မယ်လတိုနင်ဟော်မုန်း)နဲ့ Happy ဟော်မုန်းလို့ခေါ်တဲ့ Serotonin (ဆီရိုတိုနင်ဟော်မုန်း)တွေကို မြင့်တက်စေမယ့် အစားအစာတွေဖြစ်တဲ့ အခွံမာသီးများ၊ အစေ့အဆန်များ၊ ကြက်သား၊ ငါး၊ ဥများ၊ ဒိန်ချဉ်၊ ဒိန်ခဲတို့ကို စားသုံးပေးဖို့လိုအပ်ပါတယ်။ ရေဓာတ်ခမ်းခြောက်မှုမရှိအောင်လည်း တစ်နေ့တာကို ရေ ၈ ဖန်ခွက် ( ၂ လီတာ ) သောက်ပေးသင့်ပါတယ်။

 

၅။       ငြင်သာတဲ့ လေ့ကျင့်ခန်းတစ်မျိုးမျိုးလုပ်ပါ။

        ပန်းခြံထဲမှာ ညနေပိုင်းလမ်းလျှောက်တာမျိုး၊ ကိုယ်၀န်ဆောင်ယောဂလေ့ကျင့်ခန်း လုပ်တာမျိုး၊ ရေကူးတာမျိုး လုပ်ပေးနိုင်ပါတယ်။ လုပ်ငန်းခွင်ရောက် မိခင်လောင်းတွေအနေနဲ့ ကိုယ်ပိုင် အချိန်နည်းနေရင် အလုပ်ထဲမှာဘဲ မကြာခဏ လမ်းထလျှောက်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

 

၆။       မွေးဖွားရန်ပြင်ဆင်ပါ။

        ဗိုက်ခွဲမွေးမှာဖြစ်စေ၊ ရိုးရိုးမွေးမှာဖြစ်စေ၊ သက်ဆိုင်ရာဆရာ၀န်များနဲ့ မွေးဖွားခြင်းဆိုင်ရာ အကြောင်းအရာများနဲ့ ပတ်သက်ပြီးဆွေးနွေးတိုင်ပင်ခြင်းဟာ မွေးဖွားဖို့အတွက် ကြောက်ရွံ့စိတ်တွေကို ပြေလျော့စေနိုင်ပြီး ယုံကြည်မှုလည်း တိုးလာစေနိုင်ပါတယ်။

 

၇။       မွေးဖွားလာမယ့်ကလေးငယ်အတွက် ကြိုတင်လေ့လာပါ။

        ရက်သားမှစ၍ နှစ်သားကလေးထိ ပြုစုစောင့်ရှောက်နည်းများကို ဆရာ၀န်ကြီးများ ကိုယ်တိုင် ရေးသားပေးထားသော စာအုပ်များကိုဖတ်ရှုပါ။ မိခင်၊ ယောက္ခမနှင့် ကလေးမွေးဖူးတဲ့ သူငယ်ချင်းတွေဆီကလည်း အကြံဉာဏ်များရယူပါ။

 

၈။       ကား၊ ရထားခရီးစဉ်ကြောင့် ဖိစီးမှုလျော့ချပါ။

        အိမ်နဲ့အလုပ်ခွင်‌ဝေးတာကြောင့် ကား၊ ရထားဖြင့် အသွားအပြန်လုပ်ရခြင်းဟာ စိတ်ဖိစီးစေနိုင်တဲ့အဓိက အကြောင်းရင်းဖြစ်ပါတယ်။ ဒါကြောင့် အလုပ်လုပ်နေသူ ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့ မိမိအလုပ်ရှင်ကို ကိုယ်၀န်လွယ်ထားရကြောင်းပြောပြထားသင့်ပါတယ်။ ဒါ့အပြင် ထိုင်ခုံနေရာရနိုင်မယ့် ကားကိုသာရွေးချယ် စီးသင့်ပါတယ်။

 

၉။       ငွေကြေးအတွက် ပူပန်မှုကိုဖြေလျော့ပါ။

        မီးဖွားစရိတ်၊ ကလေးအသုံးအဆောင်စရိတ်တွေကို အတတ်နိုင်ဆုံး ခန့်မှန်းတွက်ချက်ပြီး ကြိုတင်ပြင်ဆင်ထားပါ။ လိုအပ်လာပါက အကူအညီတောင်းလို့ရနိုင်မယ့်သူမျိုးကို စဉ်းစားထားပါ။

 

၁၀။     တရားထိုင်ပါ။

        တရားထိုင်ခြင်းကြောင့် စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ ကော်တီဇောဟော်မုန်းကိုလျော့ကျစေပါတယ်။ တနေ့ မိနစ် ၂၀ နဲ့ တစ်ပတ် ၅ ရက်လောက် မနက်တိုင်းတရားထိုင်ကြည့်ပါ။

 

၁၁။     အနှိပ်ခံပါ။

        ခြေထောက် ဆားရည်စိမ်ခြင်း၊ နောက်ကျောကိုဆီမွှေးဖြင့် လိမ်းပြီးနှိပ်နယ်ပေးခြင်းတို့ကလည်း စိတ်ဖိစီးမှုကို ကင်းဝေးစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ Spa နဲ့ beauty salon တွေမှာ ကိုယ်၀န်ဆောင်တွေအတွက် ကျွမ်းကျင်တဲ့ အနှိပ်ပညာရှင်တွေ ရှိတတ်ပါတယ်။

 

၁၂။     စိတ်ပျော်အောင်နေပါ။

        ရယ်မောခြင်းဟာစိတ်အပန်းပြေစေတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းများနဲ့တွေ့ဆုံခြင်း၊ ဟာသဇာတ်လမ်းများကြည့်ခြင်းဒါမှမဟုတ် ရုပ်ရှင်ရုံသွားခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် စိတ်ပျော်ရွှင်မှုရယူပါ။

 

CMS  (www.drmyanmar.com)