/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်မေမေတွေ-သတိထားရမယ့်-ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုတာ

ကိုယ်ဝန်ဆောင်မေမေတွေ သတိထားရမယ့် ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုတာ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်မေမေတို့မှာ အကြိုကိုယ်ဝန်ဆိပ်တက်ခြင်းဆိုတဲ့ အခြေအနေ ပြီးနောက်မှာ တက်ပါတက်လာတဲ့အခါ ကိုယ်ဝန်ဆိပ်တက်တယ်လို့ ခေါ်ပါတယ်။ အကြိုကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာ သွေးတိုးပြီး ဆီးအသားဓာတ်တက်ကာ ကိုယ်အလေးချိန်တွေ အမြန်တက်လာတတ်တဲ့ အခြေအနေမျိုးပါ။ ကိုယ်ဝန်ဆိပ်တက်တဲ့အခါ တစ်ကိုယ်လုံးတောင့်တင်းကာ တဆတ်ဆတ်နဲ့ တက်လာပြီး အချိန်တိုအတွင်းနဲ့ အသေအချာ ကုသမှုမလုပ်ဘူးဆိုရင် အသက်အန္တရာယ်ထိပါ ရှိတတ်ပါတယ်။ ဒီအခြေအနေနှစ်မျိုးလုံးကို ပေါင်းပြီးတော့ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါလို့ ခေါ်ပါတယ်။
ကိုယ်ဝန်ဆိပ်တက်ခြင်းက ဘာကြောင့်ဖြစ်တာလဲ၊ ဘာလက္ခဏာတွေနဲ့ လာတတ်သလဲဆိုတာ ကြည့်ရအောင်နော်။
အဓိကကတော့ နောက်ခံတခြားအကြောင်းရင်းလည်းမရှိပါဘဲ တက်ပြီးလာတာပါပဲ။ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်ရောဂါ စတဲ့ သွေးကြောရောဂါရှိသူ ကိုယ်ဝန်ဆောင်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါ့အပြင် သွေးခဲရောဂါတစ်မျိုးဖြစ်တဲ့ antiphospholipid syndrome မှာလည်း ဖြစ်တတ်ပါတယ်။ ဒါတင်မကဘဲ အသက် ၄၀ ကျော်တဲ့ ကိုယ်ဝန်ဆောင်တွေ၊ နှစ်မြွာ၊ သုံးမြွာ ကိုယ်ဝန်ဆောင်တွေမှာလည်း ပိုတွေ့ရတတ်ပါတယ်။ မိသားစုထဲ ဒီလိုဖြစ်ဖူးခဲ့ရင်လည်း ကိုယ့်မှာဖြစ်ဖို့ ပိုအခွင့်အလမ်းများပြန်ပါတယ်။

ဒီလိုကိုယ်ဝန်ဆိပ်တက်တာ ဘာကြောင့်လဲဆိုတာကို ပြောပြမယ်နော်။
အဓိက,ကတော့ အချင်းကိုလာတဲ့သွေးကြောတွေ ပုံမမှန်လို့ အချင်းပါပုံမမှန်ဖွံ့ဖြိုးတာကြောင့် ဖြစ်တတ်ပါတယ်။ အရမ်းဆိုးတဲ့အခြေအနေမျိုးမှာဆို ကလေးမွေးပြီးမှသာ သက်သာသွားတတ်ပါတယ်။ အရမ်းဆိုးတဲ့အခြေအနေမှာ မမွေးဘဲထားမယ်ဆိုရင် အမေရော ကလေးရော အန္တရာယ်ရှိပါတယ်။
ကိုယ်ဝန်ဆိပ်တက်တာဟာ တောက်လျှောက်ကြီးကို ပြင်းပြင်းထန်ထန် သွေးတိုးနေသူတွေမှာ ဖြစ်တတ်တဲ့ သွေးတိုးဦးနှောက်ဖောရောင်ခြင်းတစ်မျိုးပါပဲ။ ဦးနှောက်ကိုသွားတဲ့သွေး အရမ်းများလာတဲ့အခါ သွေးကြောဘေးသားလေးတွေ ပုံမမှန်ဖြစ်ပြီး ဦးနှောက်ဖောရောင်လာတာ၊ ဦးနှောက်သွေးကြောပေါက်တာတွေ ဖြစ်နိုင်ပါတယ်။

>>  ကိုယ်ဝန်ဆိပ်တက်တာကို ဒီလိုနည်းနဲ့ ရှာဖွေကုသရပါမယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆိပ် တက်၊ မတက်ကိုသိနိုင်ဖို့ ကိုယ်ဝန်တောက်လျှောက်မှာ သွေးပေါင်ချိန်၊ ဆီးအသားဓာတ် စစ်ဆေးခြင်းအားဖြင့် စောင့်ကြည့်နိုင်ပါတယ်။ အကြိုကိုယ်ဝန်ဆိပ်တက်လက္ခဏာရှိသူ ကိုယ်ဝန်ဆောင်တွေကိုတော့ ကလေးမွေးချိန်ထိအောင် သေချာဂရုတစိုက် စောင့်ကြည့်ရပါမယ်။ ကလေးမွေးလို့ရလောက်မယ့် ၃၇-၃၈ ပတ်လောက်အထိကို သွေးပေါင်ထိန်းဆေးတွေနဲ့ ထိန်းထားရပါမယ်။ အရမ်းဆိုးတဲ့အခြေအနေမျိုးမှာတော့ ဒီ့ထက် ပိုစောစောမွေးရတာမျိုးလည်း ရှိနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)