ကိုယ်ဝန်ဆောင်မေမေ ဘယ်အချိန်မှာ ငြင်းမလဲ?
ကိုယ်ဝန်ဆောင်နေချိန်မှာ ခင်ပွန်းဖြစ်သူနဲ့ အတူနေသင့်သလားဆိုတဲ့ မေးခွန်းကို အမေးများတတ်ကြပါတယ်။ ကိုယ်ဝန်မှာ ပြောပလောက်အောင် ထွေထွေထူးထူး ပြဿနာမရှိခဲ့ရင် အတူနေတာဟာ အန္တရာယ် မရှိတတ်ပါဘူး။ သနေ္ဓသားကလေးဟာ သားအိမ်လေးထဲမှာ ကြွက်သားအလွှာတွေနဲ့ ရေမြွှာရေတွေ ဝန်းရံကာ ငြိမ့်ငြိမ့်လေး နေနေတာဖြစ်တဲ့အတွက် ကလေးကို ဘေးဥပါဒ် တစ်စုံတစ်ရာ မဖြစ်စေနိုင်ပါဘူး။
ဒါ့အပြင် သားအိမ်ခေါင်းအဝမှာရှိတဲ့ အချွဲလွှာကလည်း ကလေးဆီကို ပြင်ပပိုးမွှားတွေ မဝင်ရောက်နိုင်အောင် ကာကွယ်တားဆီးပေးထားပါသေးတယ်။ ဒါပေမဲ့ အမျိုးသမီးမှာဖြစ်စေ၊ အမျိုးသားမှာဖြစ်စေ ဆက်ဆံဖော်တစ်ဦးထက်မက ရှိနေပြီဆိုရင်တော့ ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုသင့်ပါတယ်။ ဒါမှ မိခင်ရော၊ ကလေးကိုပါ ကူးစက်ရောဂါတွေမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
>> ဘယ်အချိန်မှာ အတူနေတာကို ရှောင်ကြဉ်သင့်သလဲ?
● အချင်း ရှေ့ရောက်နေခြင်း
● လမစေ့ဘဲ ဗိုက်နာနေခြင်း
● မိန်းမကိုယ်မှ ပုံမမှန် သွေးဆင်း၊ ရေဆင်းနေခြင်း
● သားအိမ်ခေါင်း မလုံခြင်း
● သားအိမ်ခေါင်း ကျယ်နေခြင်း
● ရေမြွှာပေါက်ခြင်း
စတဲ့ အခြေအနေမျိုးမှာ အတူနေခြင်းကို ရှောင်သင့်ပါတယ်။
ဒါ့အပြင် လိင်အင်္ဂါမှာဖြစ်စေ၊ ပါးစပ်မှာဖြစ်စေ ရေယုန်ပေါက်နေတာ၊ ပေါက်ခဲ့ဖူးတာ၊ အခြားသော လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ရှိနေတဲ့အခါမျိုးမှာ ဘယ်လိုနည်းနဲ့ လိင်ဆက်ဆံတာမျိုးကိုမဆို ရှောင်ကြဉ်သင့်ပါတယ်။
ကျန်းမာရေးဝန်ထမ်းကိုလည်း ဒီအကြောင်းအရာတွေ နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းရမှာ ရှက်တာ၊ တွန့်တာမျိုး မဖြစ်သင့်ပါဘူး။ ဆရာဝန်က လိင်ဆက်ဆံတာ ရှောင်ကြဉ်ခိုင်းတဲ့အခါမှာလည်း အဖော်နဲ့ အတူနေတာမျိုးကိုသာ ရှောင်ခိုင်းတာလား၊ ဒါမှမဟုတ် စိတ်ဆန္ဒပြေပျောက်စေတဲ့ ဘယ်အရာကိုမဆို ရှောင်ကြဉ်ခိုင်းတာလားဆိုတာ သေချာမေးမြန်းသင့်ပါတယ်။
နောက် အရေးကြီးတဲ့ အချက်ကတော့ အတူနေပြီးတဲ့ အချိန်မျိုးမှာ နာကျင်တာ၊ သွေးတွေ၊ ချွဲတွေ ဆင်းလာတာ စသည်ဖြင့် ပုံမမှန်ဖြစ်လာတဲ့အခါ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ မမေ့ပါနဲ့။
ကိုယ်ဝန်ဆောင်ချိန်မှာ ခင်ပွန်းယောကျ်ားနဲ့ အတူချစ်တင်း မနှောနိုင်ပေမယ့် ရင်ခွင်ထဲ ထွေးပွေ့ရင်း အနမ်းဖွဖွ ပေးလိုက်ပါ။ အပြန်အလှန် ခံစားရသမျှ ရင်ဖွင့်ရင်း ရင်ဘတ်ချင်း နီးလိုက်ပါ။ တစ်ဦးနဲ့တစ်ဦး ဖြူစင်တဲ့အချစ်တွေ ဝေမျှရင်း သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကို ဖန်တီးနိုင်ကြပါစေလို့ ဆုမွန်ကောင်းပြုရင်း ...။
Dr. Mya Phoo Ngon (www.drmyanmar.com)






























