/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ပျက်ကျပြီး-အချိန်ဘယ်လောက်အကြာမှာ-ကလေးထပ်ယူသင့်သလဲ

ကိုယ်ဝန်ပျက်ကျပြီး အချိန်ဘယ်လောက်အကြာမှာ ကလေးထပ်ယူသင့်သလဲ ?

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        သားပျက်သားလျှောဖြစ်ခြင်းသည် ကလေးလိုချင်တဲ့မိခင်လောင်းများအတွက် ၀မ်းနည်းစရာ အကောင်းဆုံးဖြစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအရမ်းလိုချင်တဲ့အမျိုးသမီးတွေဟာ သားပျက်သားလျှော့ဖြစ်ပြီးနောက် မကြာခင်မှာပင် ကလေးထပ်ယူဖို့ စိတ်အားထက်သန်ကြပါတယ်။ ဒါပေမဲ့ ကိုယ်၀န်ပျက်ကျပြီး များမကြာမီအချိန်တိုအတွင်းမှာ ကိုယ်၀န်ဆောင်သင့်ပါသလား။ လေ့လာကြည့်ရအောင် သားပျက်သားလျှောဖြစ်ဖူးတဲ့ အမျိုးသမီးတွေဟာ နောက်ထပ်ကိုယ်၀န်မရတော့မှာကိုလည်း အလွန်စိုးရိမ်ကြပါတယ်။

        သားပျက်သားလျှောဖြစ်တဲ့ အမျိုးသမီးတွေမှာ နောက်ထပ်ကလေးရနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ်၀န်ကို မလိုချင်လို့ဖျက်ချသူတွေကတော့ ကိုယ်၀န်ဖျက်ချခြင်း ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုခံစားရနိုင်ပါတယ်။ ကလေးပြန်လိုချင်တဲ့ အမျိုးသမီးတွေအနေဖြင့် ဆရာ၀န်နှင့်သေချာတိုင်ပင်သင့်ပါတယ်။

        သားပျက်သားလျှောဖြစ်ထားတဲ့အမျိုးသမီး နောင်တကြိမ်ကိုယ်၀န်ပြန်ဆောင်ဖို့အတွက် အနည်းဆုံး 3 လ စောင့်သင့်တယ်လို့ ကျွမ်းကျင်သူတွေကအကြံပြုထားပါတယ်။

 

1. စောင့်ဆိုင်းနေစဉ်အတောအတွင်းမှာ ခန္ဓာကိုယ်ကိုပြန်လည်အားဖြည့်ခြင်း၊ Folic Acid ကဲ့သို့သော သန္ဓေသားအတွက် လိုအပ်မည့်ဆေးဝါးများသောက်သုံးခြင်းတို့ကို ပြုလုပ်ထားပါ။

2. ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုထိန်းထားပါ။

3. ကဖင်းဓာတ်သောက်သုံးမှုကိုလျော့ချပါ။

4. ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးသုံးစွဲမှုရှောင်ကြဉ်ပါ။

5. အမျိုးသမီးတွေအနေနဲ့ ဘယ်ရက်တွေမှာ မျိုးဥကြွေနိုင်လဲဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ ယေဘုယျအားဖြင့် မျိုးဥကြွေတာဟာ ဓမ္မတာရာသီစက်၀န်းရဲ့အလယ် ရာသီစလာတဲ့ရက်ကနေရေတွက်ရင်း 14 ရက်၀န်းကျင်ရက်အပိုင်းအခြားတွေမှာ အမျိုးသားနဲ့အတူနေရင် ကိုယ်၀န်ရနိုင်ခြေများပြားပါတယ်။

6. ဒါ့အပြင် အမျိုးသားနဲ့အတူနေပြီးနောက် ပက်လက်အနေအထားနှင့်နေပြီး တင်ပါးအောက်မှာခေါင်းအုံးတစ်လုံးခံထားရင် ကိုယ်၀န်ရနိုင်ခြေကို ပိုများစေပါတယ်။

 

ဒါပေမဲ့ နောက်ထပ်ကိုယ်၀န်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာ၀န်နှင့်တိုင်ပင်ပြီး တစ်ပတ်အတွင်း ပဋိသန္ဓေတားသင့်ပါတယ်။

 

 

သားပျက်သားလျှောဖြစ်ပြီးနောက် အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် ဘာတွေလုပ်သင့်ပါသလဲ ?

 

-      ရေဓာတ်ဖြည့်တင်းပါ။

-      ပင်ပင်ပန်းပန်းလုပ်ရမယ့် အလုပ်တွေကိုရှောင်ရှားပါ။

-      ဗီတာမင်နဲ့ သတ္တုဓာတ်အများအပြားပါတဲ့ အစာအာဟာရတွေကိုစားသုံးပြီး လိုအပ်ရင် အားဆေးသောက်ပါ။

-      အိပ်ရေး၀အောင်အိပ်ပါ။

-      လေ့ကျင့်ခန်းပြုလုပ်ခြင်းကို 2 ပတ်မှ 1 လခန့် ရှောင်ရှားပါ။

-      သားပျက်သားလျှောဖြစ်ပြီး တစ်လကျော်မှ အမျိုးသားနဲ့အတူနေပါ။

-      ရေပန်းအသုံးပြု၍ မိန်းမကိုယ်အားဆေးကြောခြင်း၊ tempon ကဲ့သို့သော ဂွမ်းတောင့်အသုံးပြုခြင်း စတာတွေကိုရှောင်ရှားပါ။

-      ကိုယ်၀န်ကာလ 9 ပတ်ကျော်မှ သားပျက်သားလျှောဖြစ်တဲ့ အမျိုးသမီးတွေအနေဖြင့် ဆရာ၀န်နှင့်တိုင်ပင်ပြီး လိုအပ်ပါက နို့ခမ်းဆေးသောက်သင့်ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)