ကိုယ်ဝန်ရှိချိန်မှာ ပိုးသတ်ဆေး သောက်လို့ရသလား
ကိုယ်ဝန်ရှိချိန်မှာ တစ်ခါတလေ ပိုးသတ်ဆေးသောက်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ သောက်ရမယ့် ပိုးသတ်ဆေးကို သေချာရွေးချယ်ပြီး သတိထားသောက်ဖို့ လိုအပ်ပါတယ်။ တချို့ဆေးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ သောက်လို့ အဆင်ပြေပေမယ့် တချို့က မပြေပါဘူး။ ဘယ်လို ပိုးသတ်ဆေးလဲ၊ ကိုယ်ဝန် ဘယ်နှပတ်မှာ သောက်တာလဲ၊ ဘယ်လောက် သောက်ရမှာလဲ၊ ကိုယ်ဝန်ပေါ်မှာ ဘယ်လိုတွေ သက်ရောက်မလဲ၊ ဘယ်လောက်ကြာကြာ သောက်ရတာလဲ ဆိုတဲ့ အချက်တွေပေါ် မူတည်ပြီး အန္တရာယ် ရှိ၊ မရှိ ကွာသွားပါတယ်။
>> ကိုယ်ဝန်ရှိချိန် သောက်လို့ ရတဲ့ ပိုးသတ်ဆေးတွေကတော့ ဥပမာအနေနဲ့ -
● Penicillins, including amoxicillin, ampicillin
● Cephalosporins, including cefaclor, cephalexin
● Erythromycin
● Clindamycin
တို့ပဲ ဖြစ်ပါတယ်။
တချို့ ပိုးသတ်ဆေးတွေကတော့ သန္ဓေသားကို ထိခိုက်နိုင်ပါတယ်။ ဥပမာ - tetracyclines လို ဆေးမျိုးဆိုရင် သန္ဓေသားလေး နောက်ပိုင်း သွားထွက်လာရင် အရောင်ပြောင်းစေပါတယ်။ ဒါ့ကြောင့် သူ့ကို ကိုယ်ဝန် ၁၅ ပတ်နောက်ပိုင်း သောက်လို့မရတော့ပါဘူး။
တကယ်လို့ သင်ဟာ ပိုးသတ်ဆေးသောက်မှရမယ့် ရောဂါမျိုးဖြစ်နေရင် ဆရာဝန်က သေချာဆုံးဖြတ် ရွေးချယ်ပြီး တိုက်ပါလိမ့်မယ်။ အန္တရာယ်မဖြစ်တဲ့ဆေး၊ အန္တရာယ်မဖြစ်တဲ့ပမာဏပဲ တိုက်ပါလိမ့်မယ်။ မိမိသဘောနဲ့ မိမိတော့ ပိုးသတ်ဆေးသောက်လို့ မဖြစ်ပါဘူးနော်။ ပိုးသတ်ဆေးနဲ့ ပတ်သက်ပြီး သိချင်တဲ့မေးခွန်းတွေရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
Dr. Htar (www.drmyanmar.com)






























